Thursday, March 6, 2014

“ခုလိုမွှေတာ ဘာသဘောလဲ ပြောစမ်းပါမောင်ရယ်”


March 6, 2014 at 11:12am
          နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF, Holland) က ရခိုင်ပြည်နယ်ကနေ ဆုတ်ခွာမယ်ဆိုတဲ့အခါ မြန်မာတစ်ပြည်လုံးမှာ ရှိတဲ့ ကျန်တဲ့ AZG ဆေးခန်းများအားလုံးပါ ရုပ်သိမ်းဆုတ်ခွာမယ်လို့ သတင်းတွေ ထွက်လာပြီး ဖေ့စ်ဘုတ်ပေါ်မှာတော့ ပွစာကျဲသွားအောင် ဆဲကြဆိုကြ ပူပန်ကြနဲ့ တော်တော်လေး ပွဲဆူသွားပါတယ်။ အိုးကမပူ စလောင်းကပူ လို့ပဲ ပြောရမလား မသိပါဘူး။ အဲဒီကိစ္စက ရခိုင်ကလူတွေ နည်းနည်းလေးမှ ပူစရာမလိုတဲ့အကြောင်း သူတို့မှ မသိကြပဲကိုး။ ဟိုရောဂါနဲ့လူတွေကို သူတို့မှ မရှိရင် ဘယ်သူကဆေးလာပေးပါ့မလဲ လို့ တွေးမိပြီး အိပ်တောင် ပျော်နိုင်ပါ့မလား မသိပါဘူး။ ကိုယ်ကတော့ ရခိုင်မှာနေလာခဲ့တော့ ရခိုင်အကြောင်းရော၊ ရခိုင်က AZG အကြောင်းရော ကောင်းကောင်းသိလို့ ငါးသလောက်ပြုံးလေး ပြုံးမိတယ်။ ဘာမှ ပူစရာ မရှိပါဘူး။ AZG က ရခိုင်မှာ ရှိလည်း ရခိုင်တွေကို ဆေးပေးဖို့မှ မဟုတ်တာ။ ဘင်္ဂါလီတွေကို စောင့်ရှောက်ဖို့ ဆေးခန်းဖွင့်ထားတာလေ လို့ ပြောလိုက်ရင် အနာပေါ်တုတ်ကျသလို ဆတ်ဆတ်တွေခါ သွားမှာပဲနော်။

         ပြောရုံကလေးနဲ့တောင် အဲသလောက် ခါးခါးသည်းသည်း ဖြစ်မယ့်ကိစ္စကို ကိုယ်တိုင်လက်တွေ့ ခံစားနေရတဲ့သူတွေဆို ဘယ်လိုနေမလဲ စဉ်းစားကြည့်ပါ။ မယုံကြဘူး မဟုတ်လား။ နံမယ်ကြီးတွေတပ်ပြောထားတာဆိုတော့ တရားတောင် စွဲကြလိမ့်မယ်။ စစ်တွေဆေးရုံက ဆရာဝန်ကလေးတွေနဲ့ ကြုံရင် မေးကြည့်ပါလား။ ဟုတ်မဟုတ်။ သူတို့ဆေးခန်းမှာ လူနာမှတ်ပုံတင်မှတ်တမ်းတွေ ရှိမှာပေါ့။ သူများပြောတော့ သူများစကား ဖြစ်နေမယ်။ ကိုယ်တိုင်ဖတ်ကြည့်လိုက်။ သူများတွေ မယုံတာ ဘာမှ မထူးဆန်းဘူး။ ကိုယ်ကိုယ်တိုင်တောင် မယုံမှ မယုံခဲ့ပဲနဲ့။ လောက်ကိုင်မှာတုန်းက AZG ဆိုတာ ကိုယ့်ရဲ့ စားအိမ်သောက်အိမ်၊ ကိုယ်နဲ့တော်တော်လေး ရင်းနှီးတဲ့ ဆရာဝန်လေးတွေလည်း အခုလက်ရှိ AZG မှာ အလုပ်လုပ်နေကြတုန်း။ အဆက်အသွယ်လည်း မပြတ်ရှိနေတုန်းပဲ။ သူတို့လည်း နားရှိလို့သာ ကြားရ။ ဘယ်ယုံနိုင်မတုန်း။ နံမယ်ကိုက နယ်စည်းမခြား လို့တောင် အတိအလင်း ရေးထားမှတော့ အခုလို နယ်စည်းမစောင့်တဲ့အလုပ်တွေကို လုပ်စရာအကြောင်း မရှိဘူး။ နိုင်ငံတကာဖွဲ့အစည်းတစ်ခုကို နင်တို့အစိုးရလိုများမှတ်နေသလားဟဲ့ လို့တောင် ရန်တွေ့ကြဦးမယ်။

          ဒီတော့လည်း သူတို့ပညာပေးဆွေးနွေးနေကျ စကားလုံးကလေးနဲ့ပဲ ပြန်ကိုးကားပြလိုက်ပါ့မယ်။ ဘယ်သူဘယ်ဝါဆိုတာ အရေးမကြီးပါဘူး။ သူ ဘာလုပ်ခဲ့သလဲဆိုတာကိုပဲ အလေးထားပါတယ်။ သူဘာလုပ်ခဲ့သလဲဆိုတာကို မသိတဲ့သူတွေက “””သူ ဘယ်သူဘယ်ဝါလေ။ မင်းမသိဘူးလား။ မင်းတို့ကောင်တွေ အဲဒါကြောင့် ဘာဖြစ်တယ် ညာဖြစ်တယ်…” အစရှိတဲ့စကားမျိုးတွေ ရခိုင်တွေရှေ့မှာ သွားပြောရင် တော်တော် စိတ်နာစရာကောင်းတဲ့စကားပဲ။ AZG ဟာ ရခိုင်မှာ ရခိုင်လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှု မပေးပါဘူး။ သူတို့က နယ်စည်းမခြားလို့ဆိုတဲ့အတွက် တဘက်က နယ်စည်းမခြားပဲ ကျော်ဖြတ်လာသူများကို အဓိကဦးစားပေး ကုပါတယ်။ တခြားနေရာမှာ ငှက်ဖျား၊ တီဘီ၊ အိတ်ခ်ျအိုင်ဗီလို့ခေါ်တဲ့ ရောဂါသုံးမျိုးကို မဏ္ဍိုင်ထားကုပေမယ့် ရခိုင်မှာတော့ ဘင်္ဂါလီလူနာတွေ ဆေးရုံတက်ရင် ဘာရောဂါပဲ ဖြစ်ဖြစ်၊ ကလေးမွေးတာရော ဗိုက်ခွဲတာရော၊ နောက်ကနေ စပွန်ဆာလိုက်ပေးပါတယ်။ ဟိုးအရင်တုန်းက ရေးခဲ့ဖူးသလို ပိုးတွေ့သလိပ်ကို ပါးစပ်ထဲငုံပြီး ဆေးတောင်းရောင်းစားတတ်သူတွေနဲ့ အမေလာပြီ ငွေပါသည် အထုပ်ပိုက် လိုက်ရှင်းပေးသူတွေတွေ့တဲ့အခါ သူ့ဆေးခန်း ဘယ်သူတွေ တရုန်းရုန်းရှိမလဲ။ ပြောဖို့ကို မလိုပါဘူး။ သူတို့ပြောသလိုပဲ ရခိုင်တွေက ချမ်းသာတယ်။ ဒါကြောင့် ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ဆေးရုံတက်ကုတာ။ ဘင်္ဂါလီလူနာတွေသာ ဆင်းရဲလို့ သူတို့ဆေးခန်းကို လာပြကြတာ။ ဒါကြောင့် သူတို့ဆေးခန်း ကုလားနံမယ်တွေများနေတာ လို့ ဆိုရင်လည်း ထားလိုက်ပါတော့။ ရခိုင်လူနာတွေက ဘယ်လောက်ဆင်းရဲဆင်းရဲ သေချင်သေသွားပလေ့စေ။ ကုလားကြိုကုလားကြား တိုးကာဝှေ့ကာ အငြိုအငြင်ခံပြီး ပြမယ့်သူ တစ်ယောက်မှ မရှိဘူး လို့ ပြောရင်လည်း မှန်နေတာပဲ။  ထားပါလေ။ သူ့အလှူရှင် သူ့အဖွဲ့အစည်း သူ့လူနာ ကြေကြေနပ်နပ်ကြီး ဒါနကုသိုလ်အမှုကို ပြုနေကြတာ မုဒိတာ မပွားနိုင်စရာ မရှိပါဘူး။ ပွားထားသားပဲ။ သူတို့ ရခိုင်မှာ ဘယ်နှစ်နှစ်ရှိပြီလဲ ကုနေတာ။ အဲဒါ ရခိုင်တွေက သူတို့ကို မကုလည်း သည်းညည်းခံထားလို့။

           အခု ပြဿနာက ဘင်္ဂါလီတွေကို ဆေးကုပေးပြီး ရခိုင်တွေမကုရလို့ ဆေးခန်းဖွင့်တာကို လက်မခံတာ မဟုတ်ဘူး။ နောက်ကွယ်မှာ ဘယ်လိုမှ လက်ခံလို့ မဖြစ်တဲ့ အကြောင်းရင်း ရှိနေတယ်။ ပြီးခဲ့တဲ့ ရခိုင်မှာဖြစ်တဲ့ အရေးအခင်းတွေမှာ AZG က ဆရာဝန်ကိုယ်တိုင် ပါဝင်ပတ်သက်မှုတွေ အထောက်အထားနှင့်တကွ စစ်ဆေးအရေးယူထားရတယ်။ အရေးအခင်းဖြစ်ပါတယ်ဆိုတဲ့နေရာမှာ တစ်ကိုယ်စာ ကာကွယ်ရုံထက်ပိုသော လက်နက်များကို လက်ဝယ်တွေ့ရှိတယ် ဆိုရင် နိုင်ငံရဲ့ လုံခြုံရေးအရ စစ်ဆေးမေးမြန်းထိုက်တယ် မဟုတ်ဘူးလား။ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူ တစ်ယောက်ကို နိုင်ငံတော်အစိုးရက သက်သေမခိုင်လုံပဲ ဖမ်းဆီးလို့ရပါ့မလား။ အဲဒီဆရာဝန်ရောက်ပြီးနောက်မှာ သူတို့ဆေးခန်းရဲ့ဝန်ထမ်းတွေကို နောက်ကြောင်းလိုက်ကြည့်ပါ။ ရခိုင်တွေ တစ်ယောက်မကျန် ထုတ်ထားပါတယ်။ အရင်တုန်းက AZG မှာ ရခိုင်ဆရာဝန်တွေ ရှိခဲ့ဖူးတယ်။ အခု တံမျက်စည်းလှည်းသမားတောင် မကျန်ဘူး။ သူ့လုပ်တဲ့အမှုဟာ ရခိုင်ပြည်နယ်မှအပ အခြားသော ပြည်နယ်တွေမှာရှိတဲ့ AZG ဆေးခန်းတွေနဲ့ လုံးဝ ဆန့်ကျင်ခြားနားနေတယ်။ အဲ့ဒါကို ရုံးချုပ်ကလူတွေက မသိဘူးလား။ ဒါမှမဟုတ် သူတို့မူဝါဒအရ လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲပြောပြော အဲဒီဒေသအတွက် သူတို့ဆီလာတဲ့ အလှူရှင်တွေဟာ မူဆလင်အဖွဲ့အစည်းတွေက ဖြစ်ရင် သူတို့လူမျိုးကို ဦးစားပေး ကုစေချင်မှာပဲ။ ဒါတောင် ရန်ကုန်က မူဆလင်အခမဲ့ဆေးရုံဆို ဗမာတွေ တရုန်းရုန်းပါ။ ကုသိုလ်ရေးဟာ ကုသိုလ်ရေးပေါ့။ ဒါပေမယ့် နိုင်ငံရေး ပါနေတယ်။ လူမျိုးရေး အဓိကရုဏ်းတွေကို လှုံ့ဆော်နေတယ်။ တိုင်းပြည်ရဲ့ လုံခြုံရေးကို ထိပါးနေတယ်ဆိုရင် ဆေးအလကားရတာလေး တစ်ခုတည်းကိုကြည့်ပြီး မျက်စိမှတ်နေမလား။

             ထားပါတော့လေ။ ငြင်းချင်ရင်ငြင်းပါ။ မဟုတ်ပါဘူး။ မလုပ်ပါဘူး။ မင်းထင်သလို မယုတ်မာဘူး လို့။ ယုံယုံ မယုံယုံ၊ ယုံချင်ယောင်ဆောင်ပေးမယ်။ ဒါပေမယ့် ဒီလူတွေနဲ့ ဒီအဖွဲ့အစည်းကြီးကပဲ ဒီနေရာမှာ နောက်တစ်ခါ လာပြန်ချည့်သေးလုပ်ရင် ဒါမျိုး နောက်ထပ်မဖြစ်ဘူးလို့ ဘယ်သူက တာဝန်ယူမှာလဲ။ ရဲချုပ်ကြီးတောင် သူ့အောက်က ကိုလှရွှေကို တာဝန်မယူနိုင်လို့ အေးချမ်းမေ ဖြစ်သွားတာ ကိုယ့်နိုင်ငံပိုင်နက်ထဲမှာပါ။ လူအုပ်တောင့်လာရင် ရဲကိုတောင် ရန်ရှာတတ်သူများလက်ထဲကို လက်နက်ရိက္ခာထောက်ပံ့လာခဲ့ရင် ဘာတွေ ဖြစ်ကုန်မလဲ မတွေးတတ်ဘူးလား။ အဲဒါကြောင့် နောက်ထပ်ရန်မီးမပွားရလေအောင် ခပ်ခွာခွာနေလိုက်တာ အကောင်းဆုံးပါပဲ။  
နို့မို့လို့ရှိရင် အဲဒါ တိုင်းရင်းသားချင်း စိတ်နာအောင် လုပ်ရာရောက်တယ်ဗျ။ စဉ်းစားကြည့်လေ။ ကိုယ့်တိုင်းပြည်ထဲ ကျူးကျော်လာတဲ့သူတွေကြောင့် ရခိုင်တွေမှာ အိုးအိမ်လယ်ယာ ရပ်ရွာပစ်ပြီး ထွက်ပြေးကြရတယ်။ ပြည်ထောင်စုအစိုးရက ကာကွယ်မပေးဘူး။ ကိုယ့်အရပ်ထဲကိုယ်နေပြီး ရခိုင်အမျိုးသမီးလေးတွေဘ၀က မလုံခြုံဘူး။ သူတို့ကို စောင့်ရှောက်ပေးမယ့် ရဲတောင် နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဖြစ်သွားရင် အရိုးရောအသားရော ရှာမရဘူး။ ရခိုင်မြေပေါ်မှာ ကုလားကို အလုပ်အကျွေးပြုရင်း ရခိုင်အိမ်တွေ လောင်မီးကျအောင် မီးရှို့ဖို့ ဓါတ်ဆီထုတ်ပေးနေသူတွေကို ရခိုင်ကဖမ်းပြီးအပ်တာတောင် ရေတိုက် ယပ်ခတ် ထမင်းကျွေးပြီး သူ့နေရာသူ ပြန်ထားလိုက်တယ်ဆိုရင် ဘယ်သူ့ကို စိတ်နာရမှာတုန်း။ ငှက်ဖျားဆေး တီဘီဆေးက ဘယ်ဆေးရုံလာယူယူ အလကားပေးနေပါတယ်။ ဟိုဆေးလိုချင် စစ်တွေဆေးရုံကလည်း ပေးနိုင်သားပဲ။ ဒီဆေးသုံးမျိုး အလကားရဖို့ အပေါ်ကဟာတွေနဲ့ လဲရမယ်ဆိုရင် စဉ်းစားလည်း ကြည့်ပါဦး။  

              ဖေ့စ်ဘုတ်ပေါ် စာရေးတဲ့သက်တမ်းတလျှောက်မှာ အဲသလို ဘင်္ဂါလီကိစ္စ စကားစလိုက်တိုင်း အမနာပ လာဆဲကြဆိုကြတာ ရိုးတောင်နေပြီ။ အကောင့်ပေါင်းစုံ ကလိန်ခြုံနဲ့ မဟုတ်ကဟုတ်က ရေးစားနေတဲ့သူတွေ တောင်ပုံရာပုံ။ တစ်ခုတော့ ပြောချင်တယ်ဗျ။ ကိုယ်က မြန်မာနိုင်ငံသား ဖြစ်ရဲ့သားနဲ့ တရားမ၀င် ခိုးဝင်လာသူ ဘင်္ဂါလီတွေကို မူဆလင်ဘာသာဝင်အချင်းချင်း ရိုင်းပင်းကူညီ လှူဒါန်းပေးကမ်းလိုတယ်ဆိုရင် သဘောပါလေ။ ကန့်ကွက်ရန် မရှိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံတော်ကြီးရဲ့တစိတ်တပိုင်းကို ခွဲခြမ်းပေးကမ်းဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ အဲ့ဒါ တိုင်းပြည်ကိုရောင်းစားတာ မဟုတ်ဘူးလား။ သည်စာကိုရေးတဲ့အခါမှာ အနှောင့်အသွားမလွတ်ပဲ မျက်နှာနာ အားနာစရာ မူဆလင်မိတ်ဆွေများ ရှိပါတယ်။ လုံးစေ့ပတ်စေ့ သေသေချာချာ ဖတ်ကြည့်ပါ။ မူဆလင်က မူဆလင်၊ ဘင်္ဂါလီက ဘင်္ဂါလီ  သီးခြားစီ မြင်တတ်မှ ဆိုလိုရင်းကို နားလည်ပါလိမ့်မယ်။ မြန်မာပြည်ရဲ့ပြဿနာက အဲသည်နှစ်ခုကို ရောရောချနေလို့ ဖြစ်ရတာပါ။  

            လက်ရှိအခြေအနေမှာ မြန်မာပြည်တွင်းက မူဆလင်တွေရဲ့ဘ၀ဟာလည်း မလုံခြုံပါဘူး။ အလကားနေရင်း စောင်းမြောင်းဆဲဆို ခံချင်လည်းခံရမယ်။ နိုင့်ထက်စီးနင်းပြုတဲ့သူတွေလည်း ရှိမယ်။ ဘာဖြစ်လို့ဆိုတော့ မြန်မာတွေဘက်မှာလည်း မျိုးချစ်စိတ်နဲ့ ကုလားမုန်းတီးရေးစိတ်ကို အတူတူပဲလို့ နားလည်ထားတဲ့သူတွေ အများကြီးကိုး။ ကိုယ့်အမျိုးကိုယ်ချစ်ရင် ကုလားကိုမုန်းရမယ်လို့ သွန်သင်နေကြတယ်။ မောင်စံဖားတစ်ယောက်ကတော့ နှစ်ဘက်စလုံးမျှပြီး အဆဲခံချင်ပုံရပါတယ်။ ခုလိုကျတော့လည်း ဒင်းက ကုလားဘက် ပင်းတယ် ဖြစ်ရဦးမယ်။ တကယ်တမ်းပြောချင်တာက ဘင်္ဂါလီတွေ တိုက်ထားတဲ့အဆိပ်ဟာ ကိုယ်တို့မြန်မာတွေတင်မကဘူး။ ပြည်တွင်းနေ မူဆလင်တွေအတွက်ပါ ဒုက္ခနဲ့ လှလှတွေ့စေတယ်။ သူ့ဟာသူ အေးအေးဆေးဆေး နေနေရင်း အမုန်းမီးတောက်တွေ ကူးစက်ကုန်တယ်။ တရားဥပဒေ လက်လှမ်းမမှီတဲ့နေရာတွေမှာဆိုရင် သူတို့လည်း ဆူပူအကြမ်းဖက်မှုတွေရဲ့ ဒဏ်ကို လည်စင်းခံကြရတယ်။ ဟာမူရာဘီကြီးတုန်းက “An eye for an eye” ဆိုတာတောင် ပြစ်မှုကျူးလွန်သူ တရားခံကိုပဲ ဆိုလိုတာ။ အခုတော့ မျိုးချစ်ကြီးတွေက နင်တို့ကုလားတွေဆိုပြီး လက်တုန့်ပြန်တာဟာ မူရင်းပြစ်မှုကျူးလွန်သူ တရားခံကို မဟုတ်ဘူး။ တရားခံက အကြံနဲ့မို့ မီးရှို့ပြီးရင် သူအရင် လွတ်ရာပြေးနှင့်ပြီ။ လောင်မီး နဲ့ ရှို့မီး မခွဲတတ်တော့ ဖြစ်သမျှအမှု ၀ါယာရှော့ခ်လို့ချည့်သာ ထင်တတ်တော့တယ်။

              ဒီဖြစ်ရပ်မျိုးဟာ ဘယ်လောက်ခါးသီးတယ်ဆိုတာ ကိုယ်တိုင်မျက်မြင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသူတွေလောက် ဘယ်သူကမှ မသိနိုင်ပါဘူး။ အခုမှ မီးက ငြိမ်းမယ် မကြံသေးဘူး။ တငွေ့ငွေ့နဲ့ ရှိသေးတာ။ နောက်တစ်ကြိမ် နောက်တစ်ကျော့ ပြန်လာမှာမျိုးကို ဘယ်လိုနည်းနဲ့မှ အဖြစ်မခံနိုင်တော့ဘူး။ ဒီမီးလောင်မှ ထမင်းဝမှာ အာဏာတည်မှာမို့ တို့ကာရှို့ကာ လုပ်မယ့်သူများကို အသိနဲ့ရော သတိနဲ့ပါ ရှောင်ရှားထိန်းချုပ်နိုင်အောင် ကိုယ်တို့နိုင်ငံသားတွေမှာ အခုထက်ပို အကင်းပါးဖို့ တွေးတတ်မြင်တတ်ဖို့လိုနေပါပြီ။ အဲဒီအတွက် အစွန်းနှစ်ဘက်စလုံးက အမုန်းခံပြီး ရေးပါတယ်။ နင့်ဘာနင် ဘာရေးရေး ငါကတော့ ကုလားထိရင် မချိအောင်နာတတ်လို့၊ ဆဲကိုဆဲရမှာဆိုရင်လည်း မိမိတို့ဘာသာတရားအဆုံးအမနှင့်အညီ စိတ်တိုင်းကျ ဆဲတော်မူပါ။ မျိုးချစ်ဝံသာနုကြီးတွေဘက်ကလည်း မူဆလင်ဘက်က ရှေ့နေလာမလိုက်နဲ့ ကလော်တုပ်ပလိုက်လို့ ငုတ်တုတ်မေ့သွားမယ်ဆိုတဲ့သူများလည်း ၀ါသနာဘာဂီ ဆက်တိုင်းမီကြပါ။ ပင်ပန်းကြီးစွာ အပတ်တကုတ် အားထုတ်ရေးသားလာခဲ့သမျှစာတွေဟာ အဲသည်လူတန်းစားနှစ်ရပ်စလုံးအတွက် ရည်ရွယ်ရေးသားတာ မဟုတ်တဲ့အတွက် နောင်ကို အာရုံနောက်ရင် လာမဖတ်ကြပါနဲ့ လို့ပဲ ပြောချင်ပါတယ်။ ဒါဆို သူရောကိုယ်ပါ အကုသိုလ်ကင်းတယ် မဟုတ်ဘူးလား။


No comments: