Thursday, March 6, 2014

ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန်လေးသိန်းခန့် ကျဆင်းဟု ပြည်ထောင်စုဝန်ကြီးဆို

ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန်လေးသိန်းခန့် ကျဆင်းဟု ပြည်ထောင်စုဝန်ကြီးဆို

ရန်ကုန်၊ မတ်လ ၅

မြန်မာဆန် ပြည်ပသို့ တင်ပို့မှုသည် ယခုဘဏ္ဍာနှစ်အတွင်း တန်ချိန်လေးသိန်းခန့် ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မတ်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော မြန်မာလယ်ယာ ထွက်ကုန်ပစ္စည်းပြပွဲတွင် ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၄ သန်းကျော် တင်ပို့နိုင်ခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် တစ်သန်းခန့်သာ တင်ပို့နိုင်ခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ယခုဘဏ္ဍာနှစ်အတွင်း ကမ္ဘာ့ဆန် ဈေးကွက်ကို ဦးဆောင်နေသော ထိုင်းနိုင်ငံ၏ နိုင်ငံရေး မတည်မငြိမ် ဖြစ်မှုသည် အိမ်နီးချင်း မြန်မာနိုင်ငံ၏ ပြည်ပ ဆန်တင်ပို့မှုကိုပါ ရိုက်ခတ်လာကြောင်း မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်သူများအသင်း ဗဟိုအလုပ် အမှုဆောင် ဦးစိုးဝင်းက ပြောကြားသည်။
“အခုနှစ်မှာ ဆန်အထွက်နှုန်း လျော့ကျလာတာကလည်း ပြည်ပ ဆန်တင်ပို့မှုကို လျော့ကျစေတယ်” ဟု ၎င်းကမှတ် ချက်ပြုသည်။

တရုတ် ဝယ်လိုအား လျော့ကျမှုကြောင့် မြန်မာ့ဆန် ပြည်ပ တင်ပို့မှု လျော့ကျခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် စံချိန်သို့ ရောက်ရှိနိုင်မည် မဟုတ်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က အတည်ပြုသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ဆန် သိုလှောင်ထားသည့် ထိုင်းနိုင်ငံက ဆန်များကို ဆက်လက် လှောင်ထားဆဲဖြစ်ပြီး ထုတ်မရောင်းသေးကြောင်း၊ ထိုင်းဆန်များ ထုတ်ရောင်းပါက မြန်မာ့ဆန် ပြည်ပတင်ပို့မှု ပိုမို၍ အခြေအနေ ဆိုးနိုင်ကြောင်း ဝါးတန်းဆန် ကုန်စည်ဒိုင်၊ ဆန်ကုန်သည် အသိုင်းအဝန်းမှ သိရသည်။

မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း အတွင်းရေးမှူး ဦးအောင်မြင့်ကမူ ပြည်တွင်း ဆန်ဈေးသည် ကမ္ဘာ့ဆန်ဈေး အထက်သို့ ရောက်ရှိနေခြင်းကြောင့် ပြည်ပသို့ ဆန်တင်ပို့မှု ကျဆင်းရခြင်း ဖြစ်သည်ဟု သုံးသပ်သည်။
“ကျန်ခဲ့တဲ့ တစ်နှစ်လုံးမှာ ပြည်တွင်း ဆန်ဈေးက ကမ္ဘာ့ဆန်ဈေးထက် မြင့်နေခဲ့တယ်။ ဒီတော ဆန်ပို့သူတွေက တင်ပို့ဖို့ မကိုက်ဘူး။ ဒါက Oversea (ပြည်ပ) ကို ပြောတာ။ နယ်စပ်ကဆိုလည်း တရုတ်ဝယ်အားက ပုံမှန်ထက် နည်းနည်းလျော့နေတယ်” ဟု ၎င်းက ရှင်းပြသည်။

မြန်မာ့ဆန်ကို အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာတွင် ဦးစားပေး ပို့ကုန်အဖြစ် သတ်မှတ်ထားပြီး ပို့ကုန်တိုးတက်ရန် လုပ်ဆောင်နေသော်လည်း ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ တင်ပို့ကျဆင်းခဲ့ခြင်း ဖြစ်သည်။

No comments: