Monday, March 10, 2014

မြိတ်မြို့နယ် လော့လော့ကျေးရွာ၌ တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား ကန့်ကွက်ကြောင်း ဒေသခံများ ၏လက်မှတ်ဖြင့် နိုင်ငံတော်သမ္မတထံ ပေးပို့မည်။

မြိတ်မြို့နယ် လော့လော့ကျေးရွာ၌ တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား ကန့်ကွက်ကြောင်း ဒေသခံများ ၏လက်မှတ်ဖြင့် နိုင်ငံတော်သမ္မတထံ ပေးပို့မည်။
မြိတ်ခရိုင် လော့လော့ကျေးရွာတွင် တည်ဆောက်မည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ စီမံကိန်းအား ကန့်ကွက်ကြောင်း ဒေသခံများလက်မှတ်ဖြင့် နိုင်ငံတော်သမ္မတထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ၅၀ မဂ္ဂါဝပ်ရှိမည်ဖြစ်ကာ စက်ရုံအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သန်းဖြိုးသူသတ္တုတွင်းလုပ်ငန်းကုမ္ပဏီတို့ တည်ဆောက်မည်ဖြစ်ပြီး မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်မှလည်း ရှယ်ယာများထည့်ဝင်ထားကြောင်း သိရသည်။

"လော့လော့ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုတဲ့သတင်းကို စကြားကတည်းက ကျွန်တော်တို့မလိုလားကြောင်း တာဝန်ရှိသူတွေကို ပြောကြားထားပြီးသားပါ။ တရားဝင် ဆန္ဒထုတ်ဖော်တာလည်း နှစ်ကြိမ်ပြုလုပ်ပြီးပါပြီ။ ဒါကြောင့် ဒေသခံစစ်စစ်တွေရဲ့လက်မှတ်နဲ့ နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ လျှပ်စစ်စွမ်းအားဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌအထိ တင်ပြသွားမှာပါ"ဟု ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ကန့်ကွက်မှုအတွက် ဦးဆောင်လှုပ်ရှားသူ ဦးထိန်လင်းအင်က ပြောကြားသည်။

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် စီမံကိန်းအနီးရှိ ကျောက်ဖျာကျေးရွာအုပ်စု၊ သမုတ်ကျေးရွာအုပ်စုများ၏ ကျေးရွာများမှ ဒေသခံလက်မှတ် ၁၄၀၀ ကျော် ရရှိထားပြီးဖြစ်ကြောင်း မကြာခင်တင်ပြသွားမည်ဖြစ်ကြောင်း ဦးထိန်လင်းအင်ကဆိုသည်။ စက်ရုံအတွက် စက်ပစ္စည်းများမှာ စတင်ရောက်နေပြီဖြစ်ပြီး ယခုနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကာ လျှပ်စစ်ဖြန့်ဝေမှုအား၂၀၁၅ နှစ်အကုန်ပိုင်းတွင် စတင်သွားမည်ဖြစ်ကြောင်း သန်းဖြိုးသူကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားသည်။

"ကျွန်တော်တို့ဒေသခံတွေ ဒုက္ခဖြစ်မယ့် စီမံကိန်းကိုမလုပ်ဖို့ ကန့်ကွက်ဆန္ဒထုတ်ဖော်တာကို သူတို့က လူတွေငှားပြီး ထောက်ခံပွဲပြန်လုပ်ပါတယ်။ ဒေသခံတွေမဟုတ်တဲ့သူတွေကို ခေါ်လာပြီး ထောက်ခံပွဲတွေ တန်ပြန်လုပ်ပါတယ်။ တကယ်ဒုက္ခခံရမှာက ကျွန်တော်တို့ပါ။ အာဏာပိုင်တွေနှင့်ပေါင်းပြီး လျစ်လျူရှုထားလို့ရတယ်လို့ သူတို့တွေထားပါတယ်။စီမံကိန်းကို ကျွန်တော်တို့ဒေသတစ်ခုလုံး သဘောမတူပါဘူး။ ကျောက်မီးသွေးအစား သဘာဝဓာတ်ငွေ့နဲ့ပေးတဲ့ လျှပ်စစ်မီးကိုရရှိဖို့ ဆက်လက်တင်ပြသွားဦးမှာပါ" ဟု ဦးထိန်လင်းအင်က ပြောကြားခဲ့သည်။

လော့လော့ကျေးရွာတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ သမုတ်မြစ်အနီးတွင် တည်ဆောက်မည်ဖြစ်၍ သမုတ်မြစ်ကိုမှီခိုပြီး ရေလုပ်ငန်းများ လုပ်ကိုင်နေသည့် တံငါလုပ်ငန်းများ ထိခိုက်နိုင်သလို စက်ရုံမှထွက်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကြောင့် ဒေသခံများနှင့် အဖွဲ့အစည်းများက ကန့်ကွက်ထားကြောင်း သိရသည်။

http://news-eleven.com မှကူးယူဖော်ပြပါသည်။

No comments: