Wednesday, March 13, 2013

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီ နာယက ကဗျာဆရာကြီး ဦးအံ့မောင်၊ သတင်းစာဆရာ မောင်ဝံသ၊ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း တို့ရဲ့ သဘောထားအမြင်များ

 မှ ကူးယူဖော်ပြသည်။

(Aungmyo Tun ဖေ့စ်ဘွတ်ခ်မှ မူရင်းသတ်ပုံအတိုင်း ကူးယူဖော်ပြသည်။)

“ကဗျာဆရာကြီး အံ့မောင်ရဲ့ ဝေဖန်သုံးသပ်ချက်”

လက်ပံတောင်းတောင်ကယ်တင်ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်က လက်ပံတောင်းတောင်ပျောက်ကွယ်မသွားအောင် ကြေးနီစီမံကိန်းကို လုံးဖျက်သိမ်းပေးရေးဖြစ်ပါတယ်။ ဒီအစီရင်ခံစာရဲ့ ကောက်ချက်တွေမှာ လုံးဝဖျက်သိမ်းရေးမပါရှိတဲ့အတွက် ကျွန်တော်တို့ လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီနေနဲ့  ဒီအစီရင်ခံစာရဲ့ ကောက်ချက်ကို လုံးဝသဘောမတူပါ။ ကန့် ကွက်ပါတယ်။ ဒီကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက်သွားရင် ကျွန်တော်တို့ မြတ်နိုးစွာကြည့်ရှုနေရတဲ့ လက်ပံတောင်းတောင်ကြီး ပျောက်ကွယ်သွားရဖို့ အကြောင်းရှိပါတယ်။ ကျွန်တော်တို့ ဒေသခံလူထုအနေနဲ့ က ကော်မရှင်ဟာ ပြည်သူလူထုဆန္ဒကို မထင်ဟပ်ဘူးလို့ ကောက်ချက်ချရမှာပါ။ ကော်မရှင်သည် အခြားအကျိုးစီးပွား အမြော်အမြင်များကိုသာ အဓိကထားပြီး ပြည်သူ့ အကျိုးနဲ့ ပြည်သူ့ ခံစားမှုတွေကို လစ်လျူရှုထားခဲ့တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။

မုံရွာမြို့ ကို နိုဝင်ဘာ ၂၉ ရက်နေ့ မနက်မှာ လက်ပံတောင်းတောင်သပိတ်စခန်းကို ဖြိုခွင်းတိုက်ခိုက်မှုဖြစ်အပြီး နာရီပိုင်းအတွင်းလောက်မှာဘဲ ဒေါ်အောင်ဆန်းစုကြည် ရောက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ မှာ ပြောကြားခဲ့တဲ့မိန့် ခွန်းအရ ပြည်သူလူထုက ဘယ်လိုဘဲဆန္ဒတွေ ရှိစေကာမူ ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီအောင်ဆောင်ရွက်နိုင်မှ ဆောင်ရွက်နိုင်မယ်ဆိုတဲ့အကြောင်း တော်တော်ပွင့်ပွင့်လင်းလင်း ပြောထားခဲ့ပါပြီ။ နိုင်ငံတကာနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကတိက၀တ်တွေကို စောင့်ထိန်းလိုက်နာရမယ်ဆိုတဲ့အကြောင်းလည်း တော်တော်ကိုပြောကြားထားခဲ့တာ ကြားခဲ့ရပါတယ်။ သပိတ်စခန်းတွေကို ဖြိုခွင်းပြီးစချိန်မှာဘဲ ဒေါ်အောင်ဆန်းစုကြည်က ကြေးနီစိမံကိန်းဆက်လုပ်ဖို့ အတွက် သူ့ စိတ်ထဲမှာ သန္ဓေပျိုးပြီးဖြစ်တယ်လို့ ယူဆရပါတယ်။ သူတို့ ရဲ့ သုံးသပ်ချက်၊ ကောက်ချက်တွေက ရှေ့ ကသွားပါတယ်။ စစ်ဆေးလေ့လာမှုက နောက်က လိုက်ပါတယ်။ စစ်ဆေးလေ့လာချက်ပေါ်မှာ အခြေခံတဲ့ သုံးသပ်ချက်မဟုတ်ဘဲနဲ့ သုံးသပ်ချက်တွေ ကောက်ချက်တွေ ဖြစ်စေချင်သလောက်ဘဲ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးတော့ အဲဒါနဲ့ လိုက်လျောညီထွေမှုဖြစ်စေတဲ့ ကောက်ချက်များကိုဘဲ ချမှတ်လိုက်ပုံရပါတယ်။ စုံစမ်းစစ်ဆေးမှုနောက်ကလိုက်တဲ့ အစီရင်ခံစာတစ်ခုက အမှန်တရားနဲ့ နီးစပ်ဖို့ က မလွယ်ဘူး။ ပြည်သူ့ အကျိုးစီးပွားကို တကယ် အခြေခံမယ်ဆိုရင် ပြည်သူနဲ့ ဖြေရှင်းလို့ မရတဲ့ကိစ္စ ဘာမှမရှိတာ။ ပြည်သူ့ အကျိုးစီးပွားနဲ့ ဆန့် ကျင်သွားရင် ဘယ်တော့မှဖြေရှင်းလို့ မရဘူး။ လက်ပံတောင်းတောင်ကိစ္စမှာ အစီရင်ခံစာမှာဖော်ပြထားသလို ပြည်သူက ဥပဒေချိုးဖောက်ခဲ့တယ်ဆိုတာ နောက်မှပါ။ ပြည်သူတွေရဲ့ အခွင့်အရေး ထိပါးခံခြ့ရတာက အရင်ပါ။ မောက်မာစော်ကားလွန်ကျူးမှုတွေကို မခံနိုင်လွန်းလို့ သာ ပြည်သူကတုန့် ပြန်တာဖြစ်တယ်။ ပြည်သူရဲ့ နှလုံးခံန်သံကို နားလည်တဲ့လူမျိုးဆိုရင် ဒါကိုသဘောပေါက်မယ်။ နားမလည်တဲ့လူမျိုးဆိုရင်တော့ ဒါကိုဘယ်လိုမှသဘောပေါက်နိုင်စွမ်းရှိမှာ မဟုတ်ဘူး။ ပြည်သူ့ အကျိုးစီးပွားကိုဆန့် ကျင်ရင် ပြည်သူရဲ့ ဆန့် ကျင်တုန့် ပြန်မှုကတော့ အမြဲဖြစ်မှာပါ။ အဲဒါကို မီးခိုးဗုံးဟုခေါ်သော အရာများကသော်လည်းကောင်း၊ နံပတ်တုတ်ဟုခေါ်သော အရာများကသော်လည်းကောင်း တားဆီးနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပါဘူး။

ဒီအစီရင်ခံစာမှာ မုံရွာမြို့ သူမြို့ သား၊ ချင်းတွင်းမြစ်အရှေ့ ဘက်ကမ်း နယ်သူနယ်သားတွေရဲ့ တွေ့ ကြုံရမှု၊ သူတို့ ရဲ့ ရှုထောင့်နဲ့ ပက်သက်တာများကို နည်းနည်းလေးမှတောင် ထည့်သွင်းထားတာ မတွေ့ ရဘူး။ ချင်းတွင်းမြစ် အရှေ့ ဘက်ကမ်း မုံရွာမြို့ ကြီးနဲ့  တစ်တောင်အကွာမှရှိတဲ့လူတွေကို လက်ပံတောင်းတောင်နဲ့ မဆိုင်ဘူးလို့  ဒီအစီရင်ခံစာမှာတွေ့ ရပါတယ်။ အရေးကြီးတာက လက်ပံတောင်းတောင်သည် ချင်းတွင်းမြစ်နဲ့ တစ်မိုင်ဘဲ ကွာဝေးတဲ့အတွက် ဒီလက်ပံတောင်းတောင်မှာဖြစ်ပျက်လာမယ့်ကိစ္စတွေက ချင်းတွင်းမြစ်ကိုထိခိုက်မယ်။ အဲဒီကဆက်ပြီး မုံရွာမြို့ နဲ့ နယ်တွေကိုလည်း ထိခိုက်မယ်ဆိုတော့ မုံရွာလူထုနယ်သူနယ်သားတွေရဲ့  လူမှုဘ၀ခံစားမှုတွေကို ထည့်သွင်းမစဉ်းစားတာဟာ တော်တော်အံ့သြစရာကောင်းတယ်လို့ ပြောရမှာပါ။

ဦးအံ့မောင်
(လက်ပံတောင်းတောင်ကယ်တင်ရေးကော်မတီ နာယက)

“ဆရာမောင်ဝံသရဲ့ ဝေဖန်သုံးသပ်ချက်”

ကော်မရှင်ရဲ့ အစီရင်ခံစာကတော့ အကြံပြုတင်ပြချက်ဘဲ ဖြစ်ပါလိမ့်မယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ သဘောသဘာဝက သူတို့ ရဲ့ စုံစမ်းစစ်ဆေးတွေ့ ရှိချက်တွေကို စုဆောင်းပြီး အစီရင်ခံစာရေးပြီးတော့မှ သူတို့ ရဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့သဘောထားကို တင်တာ။ အဲဒါကို သက်ဆိုင်ရာ အစိုးရအဖွဲ့ က စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်အတိုင်းဘဲ လုပ်ရင်လည်းလုပ်မယ်။ အဲဒါကို ပြုပြင်ပြောင်းလဲပြီး လုပ်ချင်လည်းလုပ်မယ်။ အဲဒီလိုအစဉ်အလာတွေရှိတယ်။ ဒေသခံပြည်သူလူထုရဲ့ သဘောထားနဲ့  စုံစမ်းရေးကော်မရှင်နဲ့ တိုက်ဆိုင်တာလည်း ရှိချင်ရှိမယ်။ မရှိတာလည်း ရှိချင်ရှိမယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒေသခံပြည်သူရဲ့ သဘောထားက အဓိကကျမယ်လို့ မီဒီယာလောသားတစ်ဦးအနေနဲ့ ယူဆပါတယ်။ လူထုလက်မခံရင် ဘယ်အရာမှရေရှည်လုပ်လို့ အဆင်မပြေပါဘူး။ အမြဲတမ်း အထစ်အငေါ့တွေဖြစ်မှာပါဘဲ။ ပြည်သူလူထုက မကျေမနပ်ဖြစ်နေရင် ဒါအပေါ်မှာထပ်ပြီးတော့ ဒုတိယအတွေးနဲ့ ထပ်စဉ်းစားသင့်တယ်။ ပြည်သူလူထု မကျေနပ်တာကို ဇွတ်လုပ်မယ်ဆိုရင် ဒီမိုကရေစီနည်းလမ်းမကျဘူးလို့  ယူဆတယ်။ ပြည်သူလူထုကျေနပ်မယ့် လက်ခံမယ့် အခြေအနေမျိုးဖြစ်အောင် ပထမဆုံးလုပ်ဆောင်ရလိမ့်မယ်လို့ ထင်ပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီလိုပြောတယ်။ ဒါ့ကြောင့်မို့ ဒီလိုလုပ်တယ်။ မင်းတို့ ထပ်မပြောကြနဲ့ တော့။ ဆန္ဒထုတ်ဖော်တာတွေ မလိုချင်တော့ဘူးဆိုရင် တိုင်းပြည်ဟာ မငြိမ်မသက်မှုတွေဆက်ပြီး ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုလိုလားတဲ့အခြေအနေကိုဘဲ ဖြစ်စေချင်ပါတယ်။

တိုင်းပြည်အကျိုးစီးပွားရှိမယ်ဆိုရင် ဒေသခံမကျေနပ်တာ အပထား၊ လုပ်ကိုလုပ်ရမယ်ဆိုတာမျိုးတွေ မလုပ်သင့်ပါဘူး။ ငါက ရေမြေ့သခင်ဖြစ်တယ် ဆိုပြီး ငါလုပ်ချင်တာလုပ်မယ်ဆိုရင်တော့ ဒီမိုကရေစီမဟုတ်တော့ဘူး။ တိုင်းပြည်အကျိုးအတွက် ဒေသခံတွေက စတေးခံပြီးလုပ်ရမယ်ဆိုရင် ဒါဟာ သဘာဝမကျဘူး။ ပီရူးမှာဆိုရင် သမ္မတကိုယ်တိုင်က အမိန့် ထုတ်တယ်။ “ဒေသခံပြည်သူလက်မခံရင် အမျိုးသားအကျိုးစီးပွားအတွက် ဖြစ်စေကာမူ ဖွံ့ ဖြိုးရေးလုပ်ငန်းတွေကို မလုပ်ဆောင်ရ” ဆိုပြီး အမိန့် ထုတ်ပါတယ်။ အဲဒီလို ကမ္ဘာ့အစဉ်အလာတွေလည်းရှိပါတယ်။ ဒေသခံက အနစ်နာခံရမယ်ဆိုရင် ဘယ်အတိုင်းအတာထိ အနစ်နာခံရမလဲ။ တိုင်းပြည်ရဲ့ သယံဇာတတွေတောတောင်တွေ အကုန်လုံးဆုံးရှုံးပြီးမှ အနစ်နာခံရမယ်ဆိုရင်လည်း မဟုတ်သေးဘူး။ တိုင်းပြည်အကျိုးစီးပွားရှိမယ်ဆိုတာထက် ဘယ်သူက အကျိုးစီးပွားရှိမလဲဆိုတာ သေချာဂဃနဏ ပြန်စဉ်းစားသင့်ပါတယ်။

မောင်ဝံသ
(သတင်းစာဆရာ)

“ရှေ့နေကြီး ဦးအောင်သိန်းရဲ့ ဝေဖန်သုံးသပ်ချက်”

ဒေသခံတွေရဲ့ ဆန္ဒသဘောထားကတော့ ရှင်းနေတာပါဘဲ။ ကော်မရှင်ရဲ့  အစီရင်ခံစာဟာ မည်သို့ ပင်ပြောစေကာမူ သူတို့ ကတော့ သူတို့ ရဲ့  ဒေသတွင်းကနေ ၀မ်ပေါင်ရော ဦးပိုင်ပါ ထွက်သွားစေချင်တယ်။ ဒီကြေးနီစီမံကိန်းက သဘာဝပတ်ဝန်းကျင်ထိခိုက်စေတယ်ဆိုတာ ငြင်းလို့ မရတဲ့ အချက်ပါ။ မြစ်ချောင်းတွေအနီးမှာ တူးဖော်နေတဲ့အတွက်ကြောင့် မြစ်ရေတွေပါ ညစ်ညမ်းပြီး ဟိုးဧရာဝတီမြစ်အဆုံးထိ ပတ်ဝန်းကျင်ကို ထိခိုက်လာနိုင်ပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ရေရှည်အကျိုးကို မျှော်ကိုးပြီး ဒီစီမံကိန်းကြီးဟာ ရပ်သင့်လား မရပ်သင့်ဘူးလားဆိုတာ ထိထိရောက်ရောက် ထပ်ပြီးသုံးသပ်သင့်ပါတယ်။ ထွက်ပေါ်လာတဲ့အစီရင်ခံစာအပေါ်မှာ ပြန်သုံးသပ်ပြီး ပြုပြင်လုပ်ဆောင်သင့်တယ်။ စာချုပ်တစ်စောင်ဆိုတာကလည်း ဘယ်လောက်ဘဲ သဘောတူညီချက်တွေပေးပေး၊ ဘက်နှစ်ဖက် မညီမျှဘူး တစ်ဖက်သတ် ကျတယ်ဆိုရင် ကျွန်တော်တို့ ပြည်တွင်းဥပဒေအရတောင် ပယ်ဖျက်နိုင်တဲ့ အနေအထားတွေရှိပါတယ်။ အဲဒီစာချုပ်က နိုင်ငံတကာစံညွှန်းနဲ့ ညီတဲ့စာချုပ် ဖြစ်မဖြစ်ဆိုတာကို နိုင်ငံတကာကဥပဒေခုံရုံးကိုလည်း တင်ပြသင့်တယ်။

အခုဟာက ဒီစီမံကိန်းကြီးကို အဲဒီမှာနေတဲ့ ပြည်သူတွေကိုယ်တိုင်က လက်မခံနိုင်တာပါ။ အရင်ကတော့ သူတို့ ဟာ နားမလည်ခဲ့ဘူး။ အခုမှ အတွေးအမြင် ဗဟုသုတတွေရှိလာတော့ ဒါကြီးက အန္တရာယ်ဘယ်လောက် ကြီးမားသလဲဆိုတာ သူတို့ သိလာပြီ။ ဒီကြေးနီတူးဖော်ရေးလုပ်ငန်းကြီးကို ရပ်ဆိုင်းသင့်တယ်လို့ ဒေသခံတွေ တင်ပြတာဟာ မမှားပါဘူး။ ဒေသခံလူထုက ထိုက်သင့်တဲ့ လျော်ကြေးငွေ မရရှိလို့ ၊ ထိုက်သင့်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မရရှိလို့  မကျေမနပ်ဖြစ်ပြီး ဆန္ဒပြမှုများ ပေါ်ပေါက်လာတယ်လို့ ဘဲ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာကလည်း ကော်မရှင်က ဘယ်သူတွေ ဘယ်နှဦးလောက်ကို ဘယ်လိုမေးမြန်းလဲမှ မသိဘဲ။ အခုဟာက အုံနဲ့ ကျင်းနဲ့ ဗျာ၊ သပိတ်စခန်းတွေဖွင့်ပြီးတော့ ဆန္ဒထုတ်ဖော်ပြီးပြောနေတာ။ အဲဒီတော့ အခုထွက်ပေါ်လာတဲ့အစီရင်ခံစာက လက်ပံတောင်းတောင်မှာရှိတဲ့ ဒေသခံတွေရဲ့ သဘောဆန္ဒနဲ့ ဆန့် ကျင်နေပါတယ်။

ဦးအောင်သိန်း
(မြန်မာနိုင်ငံရှေ့ နေများကွန်ရက်၊ တရားလွှတ်တော်ရှေ့ နေ)

(ပုံနှင့် စာကို The Standard Time ဂျာနယ် အတွဲ ၁၊ အမှတ် ၁၁ မှ ယူပါတယ်။)

No comments: