Sunday, March 9, 2014

အိန္ဒိယမှာ ကျေးဇူးတင်စရာ



• လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်အတွင်း အိန္ဒိယမှာအခြေစိုက်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းကြတဲ့အခါ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကို အကူအညီပေးကြတဲ့ ထင်ရှားတဲ့ အိန္ဒိယနိုင်ငံသားတွေ မနည်းမနောရှိပါတယ်။ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးနဲ့ဆက်နေသူတွေ၊ မီဒီယာနဲ့ မြန်မာပြည်ပြန် အိန္ဒိယ နိုင်ငံသားတွေပါတယ်။
• အိန္ဒိယမှာ ပါတီနိုင်ငံရေးဆိုတာကို သတိထားကြရပါတယ်။ နိုင်ငံရေးပါတီတွေဟာ အကြမ်းအားဖြင့် အုပ်စု ၂ ခုလိုထဲမှာ ကွဲနေကြတယ်။ အုပ်စုတခုကပါတီဖြစ်ဖြစ် ပုဂ္ဂိုလ်ဖြစ်ဖြစ်နဲ့နီးစပ်တာကို ကျန်အုပ်စုက သိပ်သဘောမကျတာ သဘာဝဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံရာမှာတော့ အားလုံးက အတူတူသာ ဖြစ်ပါတယ်။
• နောက်သဘာဝတခုက မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းမှုဟာ ရှည်ကြာတာမို့ ထောက်ခံ ကူညီသူတွေထဲက အနိစ္စသဘောအရ တဦးပြီးတဦး ဆုံးရှုံးသွားခဲ့ကြရပါတယ်။ ကောင်းရာသုကတိလားကြပါစေ။ ဘုရားသခင် စောင့်ရှောက်ပါစေ။
• နာမည်တွေရေးရင် ကျန်နေရစ်မှာစိုးပါတယ်။ ပြန်အမှတ်ရတဲ့အခါ ထပ်ဖြည့်ပါမယ်။
• သမတကြီး (ကေအာရ် နာရာယန်း) ကနေစတယ်။ သူ့ကိုအထက်လွှတ်တော်အမတ်ဘဝကတည်းက တွေ့တာပါ။ သူ့ဇနီး ဒေါ်တင့်တင့် ခေါ် (အူရှာ နာရာယန်း) ကလဲ တော်ပါတယ်။ ကွယ်လွန်ကာနီးကာလတွေမှာ မြန်မာ့အငွေ့ အသက်လေးတွေနဲ့ ထိတွေ့စေချင်လို့ သူ့သမီးတွေကနေ ကျွန်တော့ဇနီးအပါအဝင် မြန်မာအမျိုးသမီးတွေနဲ့ အကြိမ်ကြိမ်ဆုံပေးပါသေးတယ်။
• ဂန္ဒီလမ်းစဉ်မှာ ထင်ရှားတဲ့ အထက်လွှတ်တော်အမတ် (မဒမ်၊ နီမလာ ဒက်ရှ် ပန်ဒေး) လဲကွယ်လွန်ပြီ။ သူနဲ့အတူ အကြမ်းမဖက်လှုပ်ရှားမှုတွေ အများကြီးလုပ်ခဲ့ပါတယ်။
• ဆိုရှယ်လစ်ကြီးလို့ ခေါ်ရမဲ့ (ဆူရင်ဒါ မိုဟန်း) လဲ ကွယ်လွန်ပြီ။ သူစကားပြောတိုင်း ဝန်ကြီးချုပ် ဦးဘဆွေ နာမည်ကို ထည့်ပြောတတ်ပါတယ်။
• နိုင်ငံရေးသမားမဟုတ်ပေမဲ့ အများကြီးကူညီခဲ့သူ ဦးမောသီရိ ခေါ် (စီ၊ ပီ၊ ပရာဘားကား) လဲ ကွယ်လွန်သွားပြီ။ သူ့ကျေးဇူးကင်းတဲ့သူ နည်းလှပါတယ်။
• ကာကွယ်ရေးဝန်ကြီး (ဂျော့ခ်ျ၊ ဖာနန် ဒက်စ်) ကတော့ ကျန်းမာရေး မကောင်းတော့ပါ။ သူ့ကို ကျောင်းသားတွေ (အေဘီအက်စ်အယ်လ်) ကို အဓိက အကူအညီပေးသူလို့ မြင်နိုင်ပေမဲ့ ကျွန်တော့်ကိုလဲ လမ်းလှမ်းပါတယ်။ ကျွန်တော်က NLD ကဖြစ်လို့ ပိုပြီး သတိထားရတယ်။ အစုတခုနဲ့တွဲမြင်ခံရမှာကို သတိထားရတာဖြစ်ပါတယ်။ (ဂျော့) အုပ်စုနဲ့ (ကွန်ကရက်စ်) နဲ့က အဆင်မပြေကြပါ။
• ကျွန်တော်က ကွန်မြူနစ်ပါတီတွေဆီလဲ ရောက်ပါတယ်။ (အောလ်အန္ဒိယ ဖေါဝပ် ဘလော့ခ်) ပါတီကဆိုရင် ပါတီညီလာခံတိုင်းကို တက်ဘို့ဖိတ်ပါတယ်။
• (ကွန်ဂရက်) ပါတီဆီလဲ သွားတယ်။ (ဘီဂျေပီ) နဲ့လဲ ရင်းနှီးတယ်။ (ဂျနာတာဒါးလ်)၊ (ဆမာ့ခ်ျဝါဒီ ပါတီ)၊ စတဲ့ ဆိုရှယ်လစ်ပါတီခွဲတွေနဲ့လဲ ပူးတွဲလုပ်ခဲ့ပါတယ်။ ဒေသဆိုင်ရာ ပါတီအမျိုးမျိုးတွေဆီလဲ ရောက်တာပါဘဲ။
• မီဒီယာကလဲ အားကိုးရပါတယ်။ လူမှုအဖွဲ့အစည်းတွေဆို နည်းတာမဟုတ်ပါ။ ထောက်ခံ အားပေးခဲ့ကြတယ်။
• အမျိုးသမီးတွေကို ပိုပြီးကူညီကြသူ စသဖြင့်လဲရှိပါတယ်။
• တက္ကသိုလ်တွေ၊ ကောလိပ်တွေလဲ သိပ်မနည်းလှပါ။ ဥပမာ ဒေလီက (ဂျေ-အင်န်-ယူ)၊ (ဒီယူ)၊ (ဇကီးဟူစိန်) ကောလိပ်၊ (ဂျားမီးယား အစ္စလားမီးယား) တက္ကသိုလ်၊ နောက်ပြီး (မဒရပ်စ်) တက္ကသိုလ်၊ (မနိပူ) တက္ကသိုလ်၊ စတာတွေ။
• (သင့်တင့်ခ်) ခေါ်တဲ့ ပညာရှင်အဖွဲ့အစည်းတွေကလဲ ဖိတ်ပြီးစကားပြောခွင့်၊ ဆွေးနွေးခွင့်ပေးတယ်။ ဥပမာ (အိန္ဒိယ နိုင်ငံတကာစင်တာ)၊ (အိန္ဒိယ ဖေါင်ဒေးရှင်း)၊ (ဗိုက်ဗီကန် နန္ဒာ ဖေါင်ဒေးရှင်း)၊ (ဂန္ဒီ) ငြိမ်းချမ်းရေး စင်တာ၊ (အိုင်ဒီအက်စ်အေ)၊ (အိုအာရ်အက်ဖ်) စတာတွေ။
• သတင်းစာ၊ ဂျာနယ်၊ အွန်လိုင်းတွေမှာလဲ ကျွန်တော်ရေးတာကို ထည့်ပေးတတ်ပါသေးတယ်။ ဥပမာ (အက်စ်အက်စ်အေဂျီ)၊ (အေရှန်း နယူးစ်)၊ စတာတွေ။
• မြန်မာ့အရေး အခန်းအနားတွေကို ဒေလီက အိန္ဒိယနိုင်ငံတကာစင်တာဆိုတာမှာ အကြိမ်ပေါင်းများစွာ ကျင်းပခွင့်ရပါတယ်။ (ဘားမာ) ညနေခင်းတွေကိုလဲ ကျင်းပခဲ့ပါသေးတယ်။
• နယ်စပ်နေရာတွေဖြစ်တဲ့ (မီဇိုရမ်) ပြည်နယ်က (အိုက်ဇော)၊ (မနီပူ) ပြည်နယ်က (အင်ဖါး) နဲ့ (လမ်ကား)၊ (နာဂ) ပြည်နယ်က (ဒင်မာပူ)၊ (အာသန်) ပြည်နယ်က (ဂဝါဟာတီ) တွေမှာ မကြာမကြာကျင်းပခဲ့နိုင်ပါတယ်။
• တိဘက်လှုပ်ရှားမှုက အိန္ဒိယမှာဘဲ အခြေစိုက်ပါတယ်။ တိဘက်လူငယ်၊ တိဘက်အမျိုးသမီးအဖွဲ့အားလုံးနဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုက အမြဲလိုလို လက်တွဲလုပ်ကြပါတယ်။ ကျွန်တော့်အဖို့တော့ တိဘက်အဝေးရောက် အစိုးရနဲ့ ပါလီမန်အပြင် ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့အထိ ဆက်စပ်မှုတွေ ကောင်းပါတယ်။ ဒလိုင်လားမား ကနေ နာဂစ်အကူငွေ ဒုတိယအသုတ်ကို ကျွန်တော့်ဆီကတဆင့်ပို့ပေးခဲ့သလို ခက်ခဲတဲ့ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဆီ စာပို့ရတာလဲ လုပ်ပေးခဲ့ရပါသေးတယ်။
• ‘ပုဂ္ဂိုလ်ခင်မှ တရားမင်’ ဆိုသလို ကျွန်တော်တို့အထဲက တဦးချင်းအပေါ်မှာ ပိုပြီးရင်းနှီးယုံကြည်လို့ ကူညီခဲ့ကြသူတွေလဲ ရှိပါတယ်။
• အိန္ဒိယလုံခြုံရေးအဖွဲ့အစည်း အမျိုးမျိုးတွေကလဲ ကူညီနိုင်သလောက်ကူညီခဲ့ကြတာကို မမေ့နိုင်ပါ။
• ကျွန်တော်က အမတ်တယောက်အနေနဲ့နေခဲ့တာမို့ ဒီနိုင်ငံကအမတ်တွေ အတော်များများနဲ့ ခင်မင်ရင်းနှီးမှုတွေ ရခဲ့ပါသေးတယ်။
• (ဘားမား စင်တာ၊ ဒေလီ) ကို အိန္ဒိယနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ ပူးတွဲဖွဲစည်းထားနိုင်ခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံသားတွေထဲမှာ အရှေ့မြောက်ပြည်နယ်ကလူတွေနဲ့က ပိုပြီးရင်းနှီးချစ်ကြည်ကြလို့ နှစ်နိုင်ငံဆက်ဆံရေးကို လက်တွေ့အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။
• ကူညီမှုတွေရဲ့ရလဒ်ကို အကြမ်းပြောရရင် မြန်မာ့ဒီမိုကရေစီအရေးဟာ အနှစ်နှစ်ဆယ်ကျော်အတွင်း ဘယ်သောအခါမှ မှေးမှိန်မသွားခဲ့ပါ။ အစိုးရပေါ်လစီအပေါ် သက်ရောက်မှုကတော့ မပြောပလောက်သာ ရှိပါတယ်။ နိုင်ငံသားချင်း ချစ်ကြည်မှုကိုတော့ အခိုင်အမာ တည်ဆောက်နိုင်ခဲ့ကြတယ်လို့ မှတ်တမ်းတင်ပါရစေ။

ဒေါက်တာတင့်ဆွေ
၉-၃-၂ဝ၁၄

No comments: