Monday, March 17, 2014

မလေးရှား လေယာဉ်ရှာဖွေရေး မြန်မာပါဝင်

 
 
မလေးရှား လေယာဉ်ရှာဖွေရေး မြန်မာပါဝင်
*******************************
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပျံသန်းနေစဉ်အတွင်း ရုတ်တရက် ပျောက်ဆုံးသွားခဲ့တာ သီတင်းတစ် ပတ်ကျော်ရှိသွားပြီဖြစ်တဲ့ မလေးရှားခရီးသည်တင် Boeing 777 လေယာဉ်ကို ဝိုင်းဝန်းရှာဖွေပေးနေ ကြတဲ့ နိုင်ငံပေါင်း ၂၅ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်လာပြီဖြစ်ပါတယ်။

မလေးရှားအစိုးရရဲ့ မေတ္တာရပ်ခံချက်အရ မြန်မာ့ရေပိုက်နက်နဲ့ လေပိုင်နက်အတွင်း သီတင်းတစ်ပတ် ရှာဖွေခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကစပြီး မြန်မာရေတပ်သင်္ဘော သုံးစင်းဟာ မြန်မာ့ရေပိုင်နက်အတွင်း ရှာဖွေရေးတွေ စတင်ခဲ့တယ်လို့ တရုတ်ပြည်သူ့ နေ့စဉ်သတင်း က ဖော်ပြပါတယ်။ အိန္ဒိယ၊ မလေးရှား ရေတပ် သင်္ဘောတွေနဲ့အတူ မုတ္တမပင်လယ်ကွေ့နဲ့ ဘင်္ဂလားပင်လယ်အော်အတွင်း ရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။

အလားတူ ဘင်္ဂလားပင်လယ်အော်က မြန်မာလေပိုင်နက်အတွင်း အိန္ဒိယလေတပ် လေယာဉ်တစ်စီး စနေနေ့က စတင်ရှာဖွေခဲ့ပြီး၊ တနင်္ဂနွေနေ့မှာ အမေရိကန်လေယာဉ်တစ်စီး ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ မြန်မာ ကိုကိုးကျွန်းနဲ့ အိန္ဒိယ နီကိုဘာကျွန်းတွေတဝိုက် ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားမှုမတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

မလေးရှား လေယာဉ်ရှာဖွေရေးမှာ လိုအပ်လာရင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မြန်မာအစိုးရက ရှာဖွေကယ်ဆယ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းထားတယ်လို့လည်း သိရပါတယ်။

News : RFA
 
 
မလေးရှားမြို့တော် ကွာလာလမ်ပူ က လေကြောင်းခရီးစဉ်တွေကို စီးနင်းလိုက်ပါမယ့် ခရီးသည်တွေက ပျောက်ဆုံးလေယာဉ် MH 370 ပေါ် ပါသွားတဲ့ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ ဘေးကင်းမယ်လို့မျှော်လင့်ကြောင်း ပြောပါတယ်။ လေယာဉ်ပျောက်ဆုံးခဲ့တာ ရက်သတ်တပတ် တပတ်ကျော်ခဲ့ပြီ ဖြစ်ပေမယ့် လေယာဉ်ပျောက်ရဲ့ ခြေရာ သဲလွန်စကို ခုထိ ရှာမတွေ့သေးပါဘူး။ လေယာဉ်နဲ့ စီးပွားရေးလုပ်ငန်းသုံး လေကြောင်းဆိုင်ရာ လမ်းကြောင်းရှာမှုနဲ့ပတ်သက်လို့ နက်နက်နဲနဲ ဗဟုသုတ ရှိသူ တယောက်ယောက်က လေယာဉ်ကို တမင်သက်သက် လမ်းကြောင်းလွှဲခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည် ကြပါတယ်။

အစိုးရနဲ့ တခြားအခြေအနေတွေကြားမှာ ရှုပ်ထွေးမှုတွေ အများကြီး ရှိနေပေမယ့် လေယာဉ်ပေါ် ပါတဲ့လူတွေ ဘေးကင်းပါစေ ဆုတောင်းပါတယ် မျှော်လင့်တာကတော့ ပြန်ပေးဆွဲပြီး လေယာဉ်က မြေပေါ်ဆင်းခဲ့ရင် လူတွေ အသက်ရှင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက် ပြည့်တာပေါ့လို့ ဂျပန်ကို သွားမယ့် ခရီးသည် ရှိနိချိ တကာယက ပြောပါတယ်။ ပျောက်ဆုံး လေယာဉ်ပေါ်မှာတော့ ဖရီးစကေး နိုင်ငံတကာ ကုမ္ဗဏီရဲ့ မိုက်ခရိုချစ်ပ်စ် ပညာရှင် အယောက်၂၀၊ အိုင်ဘီအမ် ကွန်ပြူတာကုမ္ဗဏီရဲ့ အရာရှိနဲ့ အမေရိကန် ပင်ဆယ်ဗေးနီးယား အခြေစိုက် စွမ်းအင်ကုမဏီရဲ့ ဒုဥက္ကဌ၊ တရုတ်အနုပညာရှင် အဖွဲ့တဖွဲ့တို့ အပါအ၀င် လူ ၂၃၉ ယောက် ပါရှိပါတယ်။
 
 
မလေးရှား လေကြောင်းလိုင်းရဲ့ လေယာဉ် မပျောက်ဆုံးခင်က မြေပြင် ထိန်းချုပ်ရေး ဌာနကို နောက်ဆုံးအနေနဲ့ စကားပြောဆို ဆက်သွယ်ခဲ့သူဟာ လေယာဉ်ရဲ့ တွဲဖက်လေယာဉ်မှုး ဖြစ်တယ်လို့ ယူဆကြောင်း မလေးရှား အာဏာပိုင်တွေက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အဲဒီ နောက်ဆုံး စကားလုံးတွေ ဖြစ်တဲ့ 'ကောင်းပါပြီ၊ မင်္ဂလာညပါ' လို့ ပြောခဲ့တာဟာ လေယာဉ်မှာ တပ်ဆင်ထားတဲ့ ခြေရာခံ ကိရိယာစက်ကို မပိတ်ခင်လား၊ ပိတ်ပြီးမှလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

လေယာဉ် ပျောက်ဆုံးနေမှုမှာ လေယာဉ် ဝန်ထမ်းတွေရဲ့ ပယောဂ ပါနိုင်ဖွယ် ရှိတာကိုလည်း စုံစမ်းစစ်ဆေးနေသူတွေက ထည့်သွင်း စဉ်းစားနေကြပါတယ်။

လေယာဉ်နဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ပြီးနောက် လေယာဉ်ဟာ နာရီပေါင်းများစွာ ဆက်လက် ပျံသန်းခဲ့တယ်လို့ ယူဆထားကြရာမှာ အဲဒီလို ပျံသန်းခဲ့ဖို့ ဖြစ်နိုင်တဲ့ လမ်းကြောင်း၂ ခုကို နိုင်ငံတကာ ရှာဖွေရေး အဖွဲ့တွေက စစ်ဆေးလျက် ရှိပါတယ်။

http://www.bbc.co.uk/burmese/world/2014/03/140317_malaysia_plane.shtml

No comments: