Monday, March 17, 2014

ခရိုင်းမီးယားဒေသ ရုရှားနဲ့ပေါင်းဖို့ လူထု ဆုံးဖြတ်

ခရိုင်းမီးယားဒေသ ရုရှားနဲ့ပေါင်းဖို့ လူထု ဆုံးဖြတ်
ခရိုင်းမီးယား ခေါင်းဆောင်တွေက ရုရှားနဲ့ပေါင်းဖို့ အဆိုကို ဒီကနေ့ တနင်္လာနေ့မှာ စတင် လျှောက်ထားမယ်လို့ ပြောပါတယ်။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကလည်း ခရိုင်းမီးယား ပြည်သူလူထုရဲ့ အသံကို လေးစားလိုက်နာမယ်လို့ ပြောထားပါတယ်။

ခရိုင်းမီးယားမှာ ၅၈ ရာနှုန်းက ရုရှားနွယ်ဝင်တွေဖြစ်ပြီး ကျန်တာက ယူကရိန်းနဲ့ တာတာလူမျိုးတွေ ဖြစ်ကြပါတယ်။ ဘီဘီစီနဲ့ စကားပြောရတဲ့ တာတာတွေကတော့ ရုရှားရဲ့ အုပ်ချုပ်မှုအောက်မှာ ပိုဆိုးရွားနိုင်လို့ သူတို့က ဆန္ဒခံယူပွဲကို မဲမပေးဘဲ သပိတ်မှောက်တယ်လို့ ပြောပါတယ်။

ခရိုင်းမီးယားမှာ အခုလို တခဲနက် မဲပေးဆုံးဖြတ်ချိန်မှာပဲ ကိယက်ဗ် မြို့တော်မှာတော့ စိတ်ပူမှု ဒေါသထွက်မှုတွေနဲ့ တုံ့ပြန်နေကြတာ တွေ့ရပါတယ်။ အမျိုးသား ကာကွယ်ရေးအတွက် နှစ်ပတ် အတွင်း လူ ၁၀၀၀၀ တပ်သားစုဆောင်းမယ့် အစီအစဉ်ကိုလည်း အစိုးရက ကြေညာလိုက်ပါတယ်။

ဖာသားလင်း ပါတီက ယူကရိန်းအမတ် Lesya Orobets က ဒေသတွင်းမှာ ရုရှားအနေနဲ့ နောက်ထပ်နယ်မြေတွေ မသိမ်းနိုင်အောင် နိုင်ငံတကာက စစ်ရေးအရ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ဘီဘီစီကို ပြောပါတယ်။

အမေရိကန်နဲ့ အီးယူကတော့ ခရိုင်းမီးယား ဆန္ဒခံယူပွဲကို တရားမဝင်ဘူးလို့ပြောပြီး အသိအမှတ် မပြုပါဘူး။ ဒီကနေ့မှာပဲ ဘရပ်ဆဲမှာ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးလုပ်ပြီး ရုရှားကို နောက်ထပ် ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

ကိယက်ဗ်က ယူကရိန်း အစိုးရကလည်း အခုအချိန်ထိ စောင့်ကြည့်နေရုံသာ ရှိပြီး အနောက်နိုင်ငံတွေက ပေးမယ် ဆိုတဲ့ ငွေကြေး အမြောက်အမြားကို ရဖို့ မျှော်လင့်နေပါတယ်။

အခုအခါ ယူကရိန်း လုံခြုံရေးနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေးကို ခြိမ်းခြောက်ခံနေရသလို ရုရှားက ယူကရိန်း အစိုးရသစ်ကို မလိုလားဘဲ ယူကရိန်း ပြိုကွဲအောင် ရုရှားက လုပ်ဆောင်နေတယ်လို့ လူအများက ခံစားနေကြရပါတယ်။

No comments: