Wednesday, March 12, 2014

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အတွက် အမှတ်တရ


ဗိုလ်မှူးအောင်လင်းထွဋ် (TUESDAY, FEBRUARY 8, 2011)
စာရေးသူဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ရုံး၊ တိုက်ပွဲ ထောက်လှမ်းရေး ဌာနရဲ့ စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်က ယခုသမ္မတ ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ကကကြည်း၏ စစ်ဦးစီး ဗိုလ်မှူးကြီး (စစ်ဆင်ရေး) (Colonel GS) ဗိုလ်မှူးကြီး တာဝန်ကို ထမ်းဆောင်လျက် ရှိနေပါတယ်။ အချိန်ကတော့ ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ အတွင်း ဘိန်းဘုရင် ခွန်ဆာနဲ့ အဖွဲ့ရဲ့ လက်နက်ချ အခမ်းအနားကို တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာ့ ရုပ်မြင်သံကြား ကနေ ထုတ်လွှင့် ခိုင်းရာမှာ သူပြောသည့် အတိုင်း မလုပ်ရ ကောင်းသလား ဆိုပြီး စိတ်ကောက်ကာ လူကြီး မဆန်ဘဲ ခလေးဆိုးကြီးလို စစ်ဦးစီး ဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန်အား တပ်ချုပ်ကြီးက စားပွဲပေါ်မှာရှိတဲ့ ဖန်ခွက်နဲ့ ပေါက်ခဲ့သည့် ဇာတ်လမ်းအား အမှတ်ရလို့ စာဖတ်သူများ သိရှိနိုင်ပါရန် တင်ပြပေးလိုက်ပါတယ်။
၁၉၉၆ခုနှစ်၊ ဇန်နဝါရီလအတွင်း၊ ဘိန်းဘုရင်ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချတော့ စာရေးသူ ဟာ တာဝန် အရ တပ်မတော် အကြီး အကဲများနဲ့ အတူ လက်နက်ချ အခမ်းအနားကို တက်ရောက်ဖို့ ဟိုမိန်းမြို့ကို လိုက်ပါ သွားခဲ့ရပါတယ်။ လက်နက်ချ အခမ်းအနားကို အောင်အောင်မြင်မြင် ကျင်းပနိုင်ကြောင်း သတင်းပို့ပြီးတဲ့ အချိန်မှာဘဲ ညနေ ၅ နာရီတွင် အရေးကြီး ကြေးနန်း ၀င်လာပါတယ်။ အဲဒီ ကြေးနန်းဟာ ကကကြည်း ကြေးနန်းဖြစ်ပြီး စစ်ဦးစီး ဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန်ရဲ့ ညွှန်ကြားချက် အရ ဗိုလ်မှူးအောင်လင်းထွဋ် (ကျွန်တော့်ကို) ကို မြန်မာ့အသံက ရိုက်ကူးထားတဲ့ လက်နက်ချ အခမ်းအနား ဗွီဒီယို တိတ်ခွေနဲ့ အတူ ရဟတ်ယာဉ် တစ်စီးဖြင့် ရန်ကုန်မြို့သို့ အမြန် ပြန်လွှတ်ခိုင်းဖို့ အမိန့်ပေးတဲ့ ကြေးနန်း ဖြစ်ပါတယ်။
ဒီလိုနဲ့ စာရေးသူ တစ်ဦးတည်း ရဟတ်ယာဉ် တစ်စီးဖြင့် မင်္ဂလာဒုံ ၅၀၂ လေတပ်စခန်း လေဆိပ် ရောက်လာတော့ ညနေ မှောင်ရီပျိုးစ အချိန်ဖြစ်နေကာ ချက်ချင်းဘဲ စစ်ရုံး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန်ထံသို့ သွားရောက် သတင်း ပို့လိုက်ပါတယ်။ စာရေးသူက ဗွီဒီယိုတိတ်ခွေ ပေးလိုက်တော့ Colonel ကြီးက ချက်ခြင်း ဆိုသလို ကပ်ရက် အခန်းမှာ ရှိနေတဲ့ တပ်ချုပ်ကြီး ရုံးခန်းထဲ ဝင်ပြီး ဗွီဒီယို တိတ်ခွေကို ပေးလိုက်ပါတယ်။ သူက ပြန်ထွက်လာတဲ့ အချိန်မှာ “ကိုအောင်လင်းထွဋ် ရုံးခန်းမှာ စောင့်နေပါ၊ တပ်ချုပ်ကြီး ဗွီဒီယိုခွေ ကြည့်ပြီးရင် ပြန်ခေါ်လိုက်မယ်” လို့ ပြောပါတယ်။ (၄၅) မိနစ် ကျော်ကျော် လောက်မှာ Colonel ကြီးက စာရေးသူကို သူ့အခန်းကို အခုလာဖို့ စာရေးသူကို ခေါ်ပါတယ်။ Colonel ကြီး အခန်း ရောက်သွားတော့ “ဒီအခွေကို ဒီနေ့ည မြန်မာ့အသံ (၈) နာရီ သတင်းမှာ ပါအောင် ထည့်ဖို့ အဘကြီးက ပြောတယ်၊ အဲ့ဒါ ကိုအောင်လင်းထွဋ် သွားပါ” ဆိုပြီး ပြောပါတယ်၊ စာရေးသူက “Colonel ကြီး သတင်းက ဘယ်သူရေးမှာလဲ” ဆိုတော့ “ကိုယ့်ညီဘဲ ရေးလိုက်ပါ” ဆိုလို့ သူရဲ့ ရှေ့မှာဘဲ သတင်းစာသားကို ထိုင်ရေးကာ Colonel ကြီးဆီက အတည်ပြုချက် ရယူပြီး မြန်မာ့ အသံကို စာရေးသူတို့ရဲ့ ဌာနက ဗိုလ်မှူး အောင်မင်းနဲ့ အတူ အမြန် ထွက်ခဲ့ကြပါတယ်။
မြန်မာ့အသံရောက်တော့ ညနေ(ရ) နာရီ ကျော်ပြီ ဖြစ်ပါတယ်။ မြန်မာ့အသံ ညွှန်ကြား ရေးမှူး ဗိုလ်ကြီး ဝင်းကြည်နဲ့ တွေ့ပြီး “ဘိန်းဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချ အခန်းအနားကို ဒီည (၈) နာရီ သတင်းမှာ ပါအောင်လွှင့်ဖို့ တပ်ချုပ်ကြီးက ပြောတယ်” ဆိုပြီး သတင်းနဲ့ တိတ်ခွေကို အပ်လိုက်ပါတယ် ၊ ကိုဝင်းကြည်က “ကိုအောင်လင်းထွဋ် ဗွီဒီယိုအခွေ အကြမ်းကို ဒီအတိုင်း လွှင့်ရင် အချို့ အပိုင်းတွေမှာ ရုပ်မြင်သံကြားကြည့် ပြည်သူတွေ အတွက် မကောင်းဘူး၊ မကောင်းတဲ့ အပိုင်းတွေကို တည်းဖြတ်ဖို့ လိုတယ်” ဆိုပြီး တည်းဖြတ် လိုက်တော့ လွှင့်ချိန် (၂၅) မိနစ် လောက်ကြာမဲ့ အချောကိုင်ပြီး အခွေတစ်ခွေ ဖြစ်လာခဲ့တယ်။
အဲဒီလို အချောကိုင်ပြီးတော့ ည (၈) နာရီ အစပိုင်း သတင်းကို မမှီတော့ဘူး။ ဒါနဲ့ Colonel ကြီးဆီကို ဖုန်းဆက်ပြီး မိနစ် (၃၀) လောက် နောက်ကျမယ် ဆိုသည့် အကြောင်း သတင်း ပို့ခွင့် တောင်းခဲ့ရတယ်။ ည (၈) နာရီခွဲမှာ ဘိန်း ဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချ အခမ်းအနားကို မြန်မာ့ ရုပ်မြင်သံကြားကနေ အသံနှင့် အရုပ်ကို (၂၅) မိနစ်ကြာ ထုတ်လွှင့်ခဲ့ပါတယ် ၊ စာရေးသူတို့လဲ အသံ လွှင့်ပြီးတာနဲ့ စစ်ရုံးကို ပြန်ဖို့ ကားစောင့် နေတုံး မြန်မာ့အသံ ဝန်ထမ်းတစ်ဦးက “ဗိုလ်မှူး စစ်ရုံးက အရေးကြီး ဖုန်းလာတယ်” ဆိုလို့ ဖုန်းကိုင် လိုက်တော့ စစ်ဦးစီး ဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန်က စာရေးသူကို “ကိုအောင်လင်းထွဋ် စစ်ရုံးမှာ တပ်ချုပ်ကြီး ဒေါသူပုန် ထနေတယ်၊ သူ့အခန်းထဲ ကိုယ်တို့ ဝင်သွားတာ သူ့စားပွဲပေါ်မှာ ရှိတဲ့ ဖန်ခွက်နဲ့ ပစ်ပေါက်နေတယ်၊ ဘယ်သူမှ မဝင်ရဲဘူး ဖြစ်နေတယ်၊ သူခိုင်းတဲ့ အတိုင်း မလုပ်လို့ ဆိုပြီး မင်းကို ဒေါသ ထွက်နေတယ်” ဆိုပြီး ပြောတော့ စာရေးသူ ကြောင်သွားတယ်။
“ကျွန်တော်ဘာမှားလို့လဲ” မေးတော့ Colonel ကြီး ပြောတာက “တပ်ချုပ်ကြီးက မင်းကို သူခိုင်းတဲ့ အတိုင်း ဘာဖြစ်လို့ မလုပ်လဲ ဆိုပြီး ဒေါသ ထွက်နေတာ၊ သူက ဗွီဒီယို တိတ်ခွေကို အကြမ်းအတိုင်း မင်းကို လွှင့်ခိုင်းတာ မင်းက မလုပ်ရ ကောင်းမလား ဆိုပြီး ငါတို့ကို ရန်လုပ်နေတယ်” စာရေးသူ သဘောပေါက် သွားပြီ ၊ စိတ်ထဲကလဲ ကြိတ်ပြီး ပြုံးမိတယ်၊ နိုင်ငံခေါင်းဆောင် လုပ်ပြီး ဒီလောက် တုံးရသလား ဆိုပြီးတော့ပါ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူလုပ်ချင်တာဘဲ သိတဲ့သူ၊ အကောင်းအဆိုးကို ဝေဖန် ပိုင်းခြားနိုင်စွမ်း မရှိတဲ့သူလို့ စိတ်ထဲက မှတ်ချက် ပြုမိပါတယ်။ ရီစရာတော့ ကောင်းတယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ကြိုက် ခလေးဆိုးကြီးကို ချော့ရသလို မြန်မာ့ ရုပ်မြင်သံကြား အစီစဉ်တွေကို ရပ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်စေချင်တဲ့ အတိုင်း အကြမ်းထည် ဗွီဒီယို အခွေကိုဘဲ (၄၅) မိနစ်ကြာ အစမှ အဆုံး ပြန်လွှင့်ပေးခဲ့ရပါတယ်။
အဲဒီတုံးက ဖန်ခွက်နဲ့ အပေါက်ခံခဲ့ရတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန် တစ်ယောက် ကတော့ အခု မကြာသေးခင် ကာလမှာဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြှောက်စားမှုနဲ့ သမ္မတ ဖြစ်လာသည့် ဦးသိန်းစိန်ကို ဒီဆောင်းပါးနဲ့ နှုတ်ဆက် လိုက်ပါတယ်။ ဦးသိန်းစိန် တစ်ယောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လောင်းရိပ်အောက်က ရုန်းထွက်ပြီး မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းကို ဆောင်ကျဉ်း နိုင်ပါစေလို့ ဆန္ဒပြုလျက်။
(ဗိုလ်မှူးအောင်လင်းထွဋ် ဆောင်းပါးအဟောင်းလေးတစ်ပုဒ်ပါ။ မဖတ်ဖူးသေးတဲ့ သူငယ်ချင်းတွေအတွက်တော့ အသစ်ဖြစ်မှာပါ)

No comments: