Sunday, March 16, 2014

အချိုရည်များ အလွန်အကျွံ သောက်ပါက ဦးနှောက်ကို ထိခိုက်စေနိုင်



Sunday, March 16, 2014

သကြားဓာတ် အများအပြား ပါဝင်သည့် အချိုရည်များ နေ့စဉ်ရက်ဆက် သောက်သုံးခြင်းသည် ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးခဲ့သည်။ ယခင်က အချိုရည် အများအပြား နေ့စဉ်သောက်ပါက အဝလွန်ခြင်းကဲ့သို့ ခန္ဓာကိုယ် အပြောင်းအလဲ သက်ရောက်မှုများ ရှိနိုင်ကြောင်း သုတေသန ရလဒ်များက ဖော်ထုတ်ထားနိုင်ခဲ့သော်လည်း ယင်းထက်ကျယ်ပြန့်သော ဆိုးကျိုးမျိုး ရှိလာနိုင်သေးကြောင်း သိရသည်။ နေ့စဉ် အချိုရည် အများအပြား သောက်သုံးခြင်းသည် ရေရှည်တွင် ဦးနှောက်ကို ကြီးကြီးမားမား သိသိသာသာ ထိခိုက်စေနိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါနှင့် သဏ္ဍန်တူသည့် သက်ရောက်မှုများ ဖြစ်လာစေတတ်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

ဩစတြေးလျမှ သုတေသီများသည် သကြားဓာတ်ပါသည့် အချိုရည်များ၏ ကျန်းမာရေးအပေါ် ထိခိုက်စေမှုကို လေ့လာရင်း ဦးနှောက်ကိုပါ သက်ရောက်နိုင်ကြောင်း ခြေရာခံလာမိခဲ့ကြသည်။ နေ့စဉ်ရက်ဆက် အချိုရည်များ သောက်နေခြင်းဖြင့် ဦးနှောက်ထဲရှိ သာမန် လုပ်ငန်းဆောင်တာများကို ထောက်ပံ့ပေးသည့် ပရိုတိန်းဓာတ် ရာပေါင်း အတော်များများကို အပြောင်းအလဲများ ဖြစ်လာစေကြောင်း ဆစ်ဒနီရှိ မက်ကူရေး တက္ကသိုလ်မှ ဒေါက်တာ ဂျိန်းဖရန်ကလင်က မှတ်ချက်ပြုခဲ့သည်။

"ဒီတွေ့ရှိချက်က ဖွံ့ဖြိုးလာတဲ့ လူ့အဖွဲ့အစည်းမှာ နေ့စဉ်ရက်ဆက် အချိုရည်တွေ အများကြီး သောက်နေတဲ့သူတွေ များပြားနေတဲ့အပေါ် စိုးရိမ်စရာ တပ်လှန့်မှု ဖြစ်လာပါတယ်"ဟု ဖရန်ကလင်က ဆိုသည်။ ၎င်းက "အထူးသဖြင့် သက်ကြီးပိုင်း အရွယ်တွေမှာ ဒီလိုအချိုရည်တွေ များများသောက်တာမျိုး နေ့စဉ်ရက်ဆက် ဖြစ်နေရင် ဦးနှောက်ကို သိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ အကြံပေးချင်တာကတော့ ရေငတ်လာရင် ရေသာသောက်ပါ။ အချိုရည်တွေကတော့ သင့်တင့်တဲ့ ပမာဏလောက်ထက် ပိုမသောက်သင့်ဘူး"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ သုတေသန တွေ့ရှိချက်များက သကြားဓာတ် များပြားလွန်းခြင်းသည် ဦးနှောက်အတွင်း၌ ဓာတုဗေဒ ဖြစ်စဉ်များကို ပြောင်းလဲစေနိုင်ကြောင်း ညွှန်ပြလျှက် ရှိသည်။ ယခင်စစ်တမ်းများတွင်မူ နေ့စဉ်ရက်ဆက် အချိုရည်များ သောက်ခြင်းကြောင့် နှလုံးရောဂါ၊ ဆီးချို၊ အဝလွန်ခြင်း၊ အရိုးဆတ်ခြင်းနှင့် ဆီးကြိတ်ကင်ဆာများ ဖြစ်နိုင်ကြောင်း တွေ့ရှိချက်များကို ဖော်ထုတ်ထားနိုင်ခဲ့သည်။

Credit to planet myanmar

No comments: