Sunday, February 23, 2014

ကြံ့သားရေ ဖွတ်မြီး အပိုင်း ၃

ကြံ့သားရေ ဖွတ်မြီး အပိုင်း ၃
ကြံ့ဖွံ့နဲ့အမျိုးဘာသာ

ဒီနေ့ခေတ်မှာ ကြံ့ဖွံ့ပါတီဟာ စည်းရုံးရေးအရ တော်တော်အောင်မြင်လာတယ်လို့ ဆိုရမလိုပဲ။ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်တုန်းက သံဃာတွေကို သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့သူတွေဟာ ဒီနေ့အချိန်မှာ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မယ့်သူတွေပါလို့ လူတချို့ ယုံအောင်ပြောနိုင်တာဟာ နည်းနည်းနောနော အောင်မြင်မှုမဟုတ်ဘူး။

တကယ်တော့ ကြံ့ဖွံ့တွေဘက်က ရန်ငါပြတ်လှတယ်။ သူတို့ရဲ့ပြိုင်ဘက်ကို ဘာသာရေးနဲ့ တိုက်ခိုက်ထိုးနှက်ရာမှာ နည်းမျိုးစုံ ဘက်ပေါင်းစုံကနေ ပြတ်ပြတ်သားသား ရက်ရက်စက်စက် ထိုးနှက် တိုက်ခိုက်တာတွေကို တွေ့ရတယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီမိတ်ဆွေများက တရားထူးရနေသလိုလို၊ မေတ္တာပွားများနေသလိုလို အချိုးမျိုးချိုးပြီး ရန်သူကိုမိတ်ဆွေလုပ်ရမယ် ဘာညာလျှောက်အာနေချိန်မှာ ကြံ့ဖွတ်တွေက ဖွက်ထားတဲ့ လက်တွေကိုထုတ်လာတယ်။ ကိုယ်စားလှယ်ထား အသုံးချမယ့် (proxy) တွေကို ဖောဖောသီသီ ထုတ်သုံးပြီး ဒီချုပ်ဆန့်ကျင်ရေးကို အာဘောင်အာရင်းသန်သန် အော်လာတယ်။ အဲသလိုသူတို့ အကြိုက်အော်တဲ့ လူတွေကိုတော့ ဒီမိုကရေစီလည်း အပြည့်အဝပေးထားတယ်။ ဘယ်မှာလျှောက်လျှောက်၊ လျှောက်သမျှခွင့်ပြုချက်ရတယ်။ ကိုမြအေး၊ဦးကိုနီတို့ကို တရားလက်လွတ် ခြိမ်းခြောက်ပြီး ဟောပြောခွင့် ပိတ်ပင်တဲ့ ဥပဒေမဲ့ လုပ်ရပ်မျိုးကိုလည်း လုပ်ခွင့်ရတယ်။ အာဏာပိုင် မောင်မင်းကြီးသားများကတော့ မသိကျိုးကျွံပြုနေကြလေရဲ့။

ဒီချုပ်ဆန့်ကျင်ရေး၊ စစ်အာဏာရှင်အကျိုး ရှေ့ရှုဟောပြောကြတဲ့ အဲဒီလူတွေထဲမှာ အကျိုးမျှော်ပြီး နှိုးဆော်တဲ့ ငို့ဘသမားတွေက အများစု။ ကျန်တချို့က မောဟများလွန်းလို့ အမှောင်ကျနေတဲ့ လူမျိုးရေးအစွန်းရောက်တွေ။ နောက်ဆုံးတချို့က သူများယောင်လို့ယောင်တဲ့ အိယောင်ဝါးတွေ။ ဒါပေမဲ့ဘာပဲပြောပြော သံဃာတွေကိုသတ်ပြီး ၃ နှစ်အတွင်းမှာ သမ္မတတက်လုပ်တဲ့သူကို သာသနာပြုမင်းလိုလို ဘာလိုလို မြှောက်ပင့်ပြောဆိုမယ့်သူတွေ ရှိနေတယ်ဆိုတာကိုက စည်းရုံးရေးအရ တော်တော်အောင်မြင်လှပြီလို့ ဆိုရမှာပဲ။

ဒါပေမဲ့ ဤဤထိုထို ရှေ့နေကျော်များ၊ အလိုတော်ရိများ ပြောနေကြသလို ကြံ့ဖွံ့ပါတီနဲ့ သူတို့ရဲ့ ခေါင်းဆောင်ကြီးများဟာ တကယ်ပဲအမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မယ့်သူတွေ ဖြစ်နိုင်ပါ့မလားဆိုတာ အချက်အလက်တွေကို ချခင်းပြီး နည်းနည်း ပြန်ကြည့်ကြရအောင်။

တခါတလေတော့လည်း ဒီလိုစဉ်းစားမိတယ်။ ကျနော်တို့လူတွေကပဲ သိပ်အ-နေကြသလား၊ ဒါမှမဟုတ် သူတို့အုပ်ချုပ်သူတွေကပဲ သိပ်လည်နေကြသလားရယ်လို့...။ ကျနော်တို့မှာ နှစ်ပေါင်းများစွာ အဖိနှိပ်ခံခဲ့ကြရ၊ အစော်ကားခံခဲ့ကြရရုံတွင်မကဘူး။ သတ်တာဖြတ်တာ ညှင်းဆဲတာတွေလည်း ခံခဲ့ကြရသေးတယ်။ ဒါတွေသိပ်ကြာသေးတာလည်းမဟုတ်ဘူး။ မနေ့တနေ့ကမှဖြစ်ခဲ့ပျက်ခဲ့တာတွေ။

ပြောင်းလဲတိုးတက်တာဆိုလို့လည်း ဘာမှမယ်မယ်ရရ ရှိသေးတာမဟုတ်ဘူး။ ဘာများတိုးတက်လာသလဲလို့ မေးရင် ဗြောင်အနိုင်ကျင့်စော်ကားနေတဲ့ အခြေအနေတွေကနေ လိမ်လည်လှည့်ဖြားစော်ကားခံရတဲ့ အခြေအနေဆီကို မသိမသာရွေ့လျားလာတာလောက်ပဲ ရှိသေးတယ်။ စော်ကားတာကတော့ စော်ကားတုန်းပဲ။ ဖိနှိပ်တာကလည်း ဖိနှိပ်တုန်းပဲ။

ဒါနဲ့တောင်မှ အမျိုး၊ ဘာသာ၊ သာသနာအတွက် ဦးသိန်းစိန်ကို မဲပေးကြဆိုတဲ့ အသံမျိုး ထွက်ဖြစ်အောင် ထွက်လာတယ်။

ဦးရွှေမန်းက သဘောထား ပျော့ပျောင်းပါတယ်၊ ဒီမိုကရေစီလိုလားပါတယ်ဆိုတဲ့ အသံတွေ ထွက်ဖြစ်အောင် ထွက်လာသေးတယ်။

နိုင်ငံရေးအသိရှိသူတွေကတော့ ဒီလေတွေဟာ ဘယ်တောင်ပို့ကနေ ထွက်လာတယ်ဆိုတာ သိပြီးသားပါပဲ။ လက်တွေ့ကျကျ ဘဝနဲ့ရင်းပြီးခံစားကြရသူတွေအတွက်ကလည်း ဒါမျိုးတွေက ခါးလှပါပြီ။ ကြုံရလွန်း ကြားရလွန်းလို့ ရိုးအီနေပါပြီ။ ဒါပေမဲ့လည်း တချို့အတွေးခေါင်သူတွေ၊ စိတ်ပျော့သူတွေက ယိမ်းယိုင်ချင်ကြတယ်။ ဘာသာအစွဲ၊ လူမျိုးစွဲကြီးသူတွေက စိတ်ပြောင်းချင်ကြတယ်။

တကယ်တော့ နိုင်ငံရေးဆိုတာ ပြောတဲ့စကားကို ကြည့်ပြီး ဆုံးဖြတ်လို့ရတဲ့အရာ မဟုတ်ဘူး။ လုပ်နေတဲ့အလုပ်ကို ကြည့်ရတယ်။ လုပ်ခဲ့တဲ့သမိုင်းကို ကြည့်ရတယ်။ ပါးစပ်ကနေမစားရဝခမန်း ဖြီးဖြန်းပြောတာလောက်ကတော့ နိုင်ငံရေးသမားတိုင်း ပြောတတ်တာချည်းပဲ။ ဒီလောက်ကို နားယောင်နေရင်တော့ အဖိနှိပ်ခံဘဝဟာ သံသရာလည်လို့ ဆုံးမှာမဟုတ်ဘူး။ ရက်ရက်စက်စက် လုပ်ထားခဲ့တာတွေကို လွယ်လွယ်မေ့ပစ်လိုက်ရင်တော့ တိုင်းပြည်အတွက် လူမျိုးအတွက် အသက်စွန့်သွားကြတဲ့သူတွေအပေါ်မှာ သစ္စာဖောက်ဖျက်ရာ ကျလိမ့်မယ်။ ဒါ့အပြင် အကြိမ်ကြိမ်အခါခါ လိမ်ညာတာကိုခံရလိမ့်မယ်။

အတိတ်နဲ့ပစ္စုပ္ပန်ဆိုတာ ကန့်လန့်ကာခြားထားလို့ ရနိုင်တဲ့အရာမဟုတ်ဘူး။ တဆက်တည်း တစပ်တည်း။ တောက်လျှောက်ဖြစ်ပျက် စီးဆင်းနေတဲ့အရာတွေ။ ဗီဇဆိုတာ လွယ်လွယ်နဲ့မပြောင်းဘူး။ စစ်အာဏာရှင်ဗီဇဆိုတာ ပိုလို့တောင် ပြောင်းဖို့ခက်တယ်။ နိုင်ငံတကာအဖြစ်အပျက်တွေကို ကြည့်ပါ။ စစ်အာဏာရှင် ဘယ်နှယောက်များ သူတော်ကောင်းကြီးဘဝ ပြောင်းသွားတာ တွေ့ဘူးသလဲ။ မနေ့ကချဉ်နေတဲ့သံပုရာသီးဟာ ဒီနေ့ရုတ်တရက် ချိုမလာနိုင်ဘူး။ မနေ့ကခါးတဲ့ကြက်ဟင်းခါးသီးကို ဒီနေ့နားလည်မှု သွားတည်ဆောက်ပြီး မနက်ဖြန်သကြားသီးလို ချိုလာမယ်မထင်နဲ့။ ဝေးသေးတယ်။

ဦးသိန်းစိန်၊ဦးရွှေမန်းဆိုသူတွေဟာ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မယ့်သူတွေ ဖြစ်နိုင်ရဲ့လား။ မနေ့တုန်းက သူတို့ဟာ ကြက်ဟင်းခါးသီးလား၊ သကြားသီးလား။ ကဲ...မနေ့တနေ့က သူတို့ ဘာတွေလုပ်ခဲ့သလဲ ဆိုတာကို နည်းနည်းလောက် နောက်ကြောင်းပြန်ကြည့်ကြစို့ရဲ့။

သံဃာ့အရေးတော်ပုံကြီး အတွင်းမှာ ပုပ်ပွပြီး ရေထဲမျောပါလာတဲ့ ဘုန်းတော်ကြီးတပါးရဲ့ အလောင်းကိုများ မှတ်မိကြသေးသလား။ ငွေကြာယံကျောင်းတိုက်ထဲက သွေးကွက်တွေကိုများ မှတ်မိကြပါသေးရဲ့လား။ ငွေကြာယံမှာ ဘုရားဆင်းတုတွေကို ဦးခေါင်းတော်တွေ ရိုက်ချိုးဖျက်ဆီးထားတာတွေကိုများ မှတ်မိကြပါသေးရဲ့လား။ ငွေကြာယံကျောင်းတိုက်တံခါးကို ကားနဲ့တိုက်ဖွင့်ခဲ့တာကိုများ မှတ်မိကြပါသေးရဲ့လား။ တာမွေကျောင်းရှေ့က ကျောင်းဆိုင်းဘုတ်အောက် ရေမြောင်းထဲမှာ ဦးနှောက်ပွင့်ထွက်ပြီး မရှုမလှ သေဆုံးနေကြတဲ့ သူတွေကိုရော မှတ်မိကြပါသေးရဲ့လား။ တနေ့ကတွင်ပဲ တွေ့လိုက်ရတဲ့ ဆောင်းပါးတပုဒ်မှာ ဆရာဝန်တယောက်က စက်တင်ဘာ ၂၆ ရက်ညမှာ ဆေးရုံကို အလောင်းတွေ ကားတစီးတိုက် ရောက်လာတဲ့ အကြောင်း သူကိုယ်တွေ့ အဖြစ်အပျက်ကို ရေးပြသွားသေးတယ်။ ဒါတွေဘာမှမကြာသေးဘူး။ သံဃာတွေ ထောင်ထဲရောက်သွားရင် ဘယ်လိုဆက်ဆံကြသလဲ။ စစ်ဖိနပ်နဲ့ကန်တာ၊ မင်းနဲ့ငါနဲ့ပြောတာ၊ ခွေးလိုနွားလိုဆဲတာတွေ မနေ့တနေ့ကပဲလုပ်ခဲ့သလို ဒီနေ့အထိလည်း လုပ်နေတုန်းပဲ။ အဲဒီသံဃာတော်တွေကို သူတို့ဘယ်လိုပြောခဲ့ကြသလဲ။ ဘုန်းကြီးတုတွေလို့ ပြောခဲ့ကြတယ်။ ဘုန်းကြီးတုတွေမို့ သတ်တာ ၊ ရိုက်တာပါလို့ သူတို့ ဆင်ခြေပေးခဲ့တယ်။ လိမ်ခဲ့တယ်။ ၂၀၀၇ အရေးအခင်းကြီးဟာ ဘုန်းကြီးတုတွေလုပ်တဲ့ အရေးအခင်းကြီးလို့ သူတို့ပါးစပ်တွေကနေ ပြောခဲ့ကြတယ်။ ဒါပေမဲ့ သေသွားတဲ့ သံဃာတော်တွေ၊ အဲဒီထောင်ကျသွားတဲ့ သံဃာတော်တွေဟာ အတုတွေမဟုတ်တာကို သူတို့သိတယ်။ ဒီနေ့ဆိုရင် လူတိုင်းလူတိုင်းလည်း အဖြေမှန်ကို ရှင်းရှင်းလင်းလင်း သိကြပြီ။ အဲသလို သိရက်နဲ့ဒီသံဃာတွေကို မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံစော်ကားကြတာ ဘယ်သူတွေလဲ။ ဒီကြံ့ဖွံ့တွေပဲမဟုတ်လား။ ဒီစစ်အာဏာရှင်တွေပဲ မဟုတ်လား။ သံဃာ့အရေးအခင်းကြီးမှာ ဦးသိန်းစိန်က ဝန်ကြီးချုပ်၊ ဦးရွှေမန်းဆိုရင် ဦးသိန်းစိန်ထက်တောင် မြင့်သေးတယ်၊ သူကစစ်အာဏာရှင်တွေရဲ့ နံပါတ်၃ခေါင်းဆောင်။ ဒီလိုလူတွေဟာ သံဃာတွေကို သတ်တဲ့ဖြတ်တဲ့ကိစ္စမှာ မုချတာဝန်ရှိတယ်ဆိုတာ ဘာမှသံသယဖြစ်စရာမရှိဘူး။ ဒါတွေအားလုံး ဦးသန်းရွှေကြောင့်ပါလို့ တယောက်တည်းပုံပြီး လွှဲချလို့မရဘူး။ ရဟန်းသံဃာတွေ ဒီလောက်အများကြီးကို သတ်တဲ့ဖြတ်တဲ့ ညှဉ်းပန်းနှိပ်စက်တဲ့ အလုပ်ကို တယောက်တည်း သဘောနဲ့လုပ်ချင်တိုင်း လုပ်လို့မရဘူး။ အနည်းဆုံးတော့ သူတို့ထိပ်သီးပုဂ္ဂိုလ်တွေ အားလုံး တိုင်ပင်ဆောင်ရွက်တာမျိုးမဟုတ်ဘဲ ဒီလောက်ရက်စက်တဲ့ လုပ်ရပ်တွေ ထွက်ပေါ်မလာနိုင်ဘူး။

တကယ်လို့ သူတို့နဲ့မဆိုင်ဘူးဆိုရင်၊ ဦးသန်းရွှေတယောက်တည်း လုပ်တာပါဆိုရင် အနည်းဆုံးတော့ အဲဒီတုန်းကလုပ်ခဲ့တာတွေဟာ မှားပါတယ်။ တောင်းပန်ပါတယ် ဆိုတာလောက်တော့ ပြောနိုင်ရမယ်။ အခုဘယ်သူကများ မှားပါတယ်ပြောသလဲ။ ဘယ်သူကများ တောင်းပန်သလဲ။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတယောက်ပဲ သူ့တာဝန်မဟုတ်ဘူးလို့ ရှင်းချက်ထုတ်တယ်။ ဒါပေမဲ့ သူလည်း အဲသလို ရှင်းချက်ထုတ်ရာမှာတောင် တာဝန်ပေးလို့လုပ်ရတာပါလို့ ဆင်ခြေပေးနေတုန်း မဟုတ်လား။ လက်နက်မပါဘဲ မေတ္တာပို့နေတဲ့ ဘုန်းကြီးကို သေနတ်နဲ့ပစ်သတ်တာတောင် အထက်က တာဝန်ပေးလို့ လုပ်ရတာဖြစ်တဲ့အတွက် မှန်ပါတယ် ပြောနေတုန်းပဲ။ ဒီလူတွေဟာ အထက်လူက တာဝန်ပေးရင် ဘုန်းကြီးကို သေနတ်နဲ့ပစ်ဖို့တောင် ဝန်မလေးတဲ့သူတွေဆိုတာ ကျနော်တို့မှတ်ထားရမယ်။

အဲသလိုဘုန်းကြီးကို သေနတ်နဲ့ ပစ်ဖို့ ဝန်မလေးသူတွေဟာ ဒီနေ့ စစ်ဘောင်းဘီနေရာမှာ ပုဆိုး ပြောင်းဝတ်လိုက်တာနဲ့ပဲ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မယ့်သူတွေ ဖြစ်သွားရောတဲ့လား။ စဉ်းစားကြည့်ပါ။ နည်းနည်းလောက် စဉ်းစားရုံနဲ့ သိနိုင်တယ်။ ဒီလိုလူတွေဟာ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မယ့်သူတွေပါ၊ သူတို့ကိုမဲပေးပါလို့ ဘေးကနေ ပြောပေးနေကြသူတွေကရော ဘာသဘောနဲ့ ပြောနေသလဲဆိုတာ စဉ်းစားကြည့်ကြပါ။

ဒီစစ်ခေါင်းဆောင်တွေ၊ ဒီစစ်သားတွေဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ကိုစွန့်လွှတ်ရဲတဲ့သူတွေမို့ အကြီးဆုံးစွန့်ခြင်းနဲ့စွန့်တဲ့ ဘုရားလောင်းတွေပါလို့တောင် လွန်လွန်ကျူးကျူး မြှောက်သူလည်း ရှိသေးတယ်။ ဒီစစ်သားတွေဟာ တိုင်းရင်းသားနယ်မြေတွေထဲမှာ မုဒိန်းကျင့်ကြတာ၊ လူသတ်ကြတာတွေ၊ ရွာတွေမီးရှို့ကြတာတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေထဲမှာ နှစ်စဉ်လိုလိုပါဝင်နေကြတယ်။ အထောက်အထားတွေရှိကြတယ်။ ဒီလိုလူတွေကို ဘုရားလောင်းလို့ ပြောနေတာဟာ ဖြစ်နိုင်ပါ့မလား။ ဒီလိုလူတွေကိုဘုရားလောင်းပါလို့ မြှောက်ပင့်ပြောဆိုနေသူတွေဟာ ဘာရည်ရွယ်ချက်နဲ့ ပြောနေသလဲဆိုတာ ပြန်စဉ်းစားဖို့လိုပါတယ်။

မွတ်ဆလင်ပဋိပက္ခမှာ ဦးသိန်းစိန်က ဗုဒ္ဓဘာသာဘက်ကရပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဦးသိန်းစိန်ကိုမဲထည့်ဖို့ မဲဆွယ်သူတွေလည်းရှိတယ်။ ရခိုင်အရေးစဖြစ်တုန်းက အဲဒီတုန်းက သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် မှူးဇော်ခေါ် ဦးဇော်ဌေးက facebook ပေါ်ကနေ သတင်းမှားတွေထုတ်ပြီး လှုံ့ဆော်ပေးခဲ့တာကိုလည်း လူအများသိကြတယ်။ ဒီနေ့အထိလည်း ကူးယူထားတဲ့မှတ်တမ်းတွေကို ထုတ်ပြလို့ရသေးတယ်။ မိတ္ထီလာမှာလည်း သတ်တာဖြတ်တာတွေ၊ မီးရှို့တာတွေကို ရဲကလက်ပိုက်ရပ်ကြည့်နေတဲ့ ဗီဒီယိုအထောက်အထားတွေ အခုထိခိုင်ခိုင်မာမာ ပြနိုင်သေးတယ်။ အဲသလို ရဲကလက်ပိုက်ကြည့်နေတဲ့ဖြစ်စဉ်ကို မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်ကိုယ်တိုင် အမိန့်ပေးကြီးကြပ်ခဲ့တယ်။ ဒါတွေကိုကြည့်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဗုဒ္ဓဘာသာတွေကိုသွေးခွဲဖို့၊ သံဃာအချင်းချင်း စည်းလုံးညီညွတ်ရေးဖြိုခွဲဖို့၊ ၂၀၀၇ တုန်းက နိုင်ငံတကာက ကြည်ညိုလေးစားတဲ့ သံဃာတွေကို အသရေဖျက်ဖို့အတွက် လူမျိုးရေးအဓိကရုဏ်းတွေကို သွေးထိုးလှုံ့ဆော်ခဲ့တာ ထင်ရှားတယ်။

တကယ်တော့ ကြံ့ဖွံ့ဆိုတာ စစ်အာဏာရှင်ပဲ။ ဗုဒ္ဓဘာသာဘက် လိုက်သူလည်း မဟုတ်ဘူး။ မွတ်ဆလင်ဘက် လိုက်သူလည်း မဟုတ်ဘူး။ စစ်အာဏာရှင်အကျိုးအတွက် ဘာသာရေးကို မလိုတမျိုးလိုတမျိုး အသုံးချတတ်သူသာ ဖြစ်တယ်။

တချိန်က သူတို့ရိုဟင်ဂျာကိုလိုလားချိန်မှာ ရိုဟင်ဂျာမှရိုဟင်ဂျာ လုပ်ခဲ့ဖူးတယ်။ ကြံ့ဖွံ့ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေကို အခွင့်အရေးပေးပြီး စည်းရုံးသွားခဲ့တယ်။ ဦးခင်ရီကိုယ်တိုင် ရိုဟင်ဂျာတွေကို ဆင်းပြီးစည်းရုံးတယ်။ သူတို့ကြံ့ဖွံ့ကိုမဲပေးရင် ခရီးသွားခွင့်ပေးမယ်၊ လက်ထပ်ခွင့်ပေးမယ်၊ နိုင်ငံသားဖြစ်ခွင့်ပေးမယ်အထိ ပြောဆိုစည်းရုံးတယ်။ ရွေးကောက်ပွဲပြီးတော့ ကတိဖျက်လို့ ပူညံပူညံဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ တရားမဝင်လေနဲ့ပေးတဲ့ကတိတွေဟာ လေထဲမှာပဲ ပျောက်ခဲ့တယ်။ ရိုဟင်ဂျာတွေကိုပဲ သူတို့ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ခန့်ထားပြီး ရွေးကောက်ပွဲဝင်ခိုင်းတယ်။ ကြံ့ဖွံ့ပါတီမှာ ရိုဟင်ဂျာအမတ်တွေ အခုထိရှိနေတာ မျက်မြင်ပဲ။ ရိုဟင်ဂျာပါတီမဟုတ်ဘဲ ရိုဟင်ဂျာ လွှတ်တော် ကိုယ်စားလှယ်ခန့် ထားပြီး ရွေးကောက်ပွဲဝင်တဲ့ ပါတီ ဘယ်နှပါတီများ ရှိသလဲ။ ကြံ့ဖွံ့ပါတီရဲ့ သဘောထားကို မြင်အောင်ကြည့်ပါ။ ကြံ့ဖွံ့ပါတီဟာ ဘယ်ဘာသာဘက်မှ မလိုက်၊ အာဏာဘက်ကိုသာ လိုက်တယ်ဆိုတာ သိပ်ထင်ရှားပါတယ်။ အခုတော့ သူတို့ဗျူဟာက တမျိုးပြောင်းသွားပြန်တယ်။ ရိုဟင်ဂျာကို ထိုးကျွေးပြီး ရခိုင်နဲ့ဗုဒ္ဓဘာသာ အစွဲကြီးသူတွေကို တကောင်ကျွေး နှစ်ကောင်စားလုပ်လာတယ်။ တကယ်တော့ ရခိုင်ဆိုတာ စစ်အာဏာရှင်တွေက ခါးခါးသီးသီးမုန်းတီးခဲ့တဲ့ သူတွေပဲ။ မုန်းမှာပေါ့။ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ အမြဲလိုလို ရှေ့တန်းရောက်ခဲ့သူတွေကိုး။ သံဃာဆိုတာကိုလည်း အစိုးရက ရွံကြောက်ကြီး။ ၂၀၀၇ ရွှေဝါရောင်မှာ သံဃာတွေအပေါ်ထားတဲ့ သဘောထားကိုကြည့်။ ဒါ့ကြောင့်လည်း ရိုဟင်ဂျာကိုထိုးကျွေးပြီး ရခိုင်နဲ့သံဃာကို ကျားတကောင်ကျွေးပြီး နှစ်ကောင်ရိုက်ဖို့ လုပ်လိုက်တာပဲ။ ဒီလိုလုပ်ချင်လာတဲ့အခါ ရိုဟင်ဂျာလို့တောင် နာမည်မခေါ်တော့ဘူး။ ဘင်္ဂါလီလုပ်လိုက်တယ်။ ကျနော်ကတော့ သူတို့ဂျာချင်ဂျာ သူတို့လီချင်လီလုပ်နေတာကို သူတို့ပြောင်းခေါ်ခိုင်းတိုင်း လိုက်ခေါ်မနေနိုင်ဘူး။ ဒီလိုပြဿနာမျိုးဟာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်ပြီး ဒီမိုကရေစီနည်းကျကျ ဖြေရှင်းရမယ့် ပြဿနာမျိုး။ ဘယ်သူမှ ကိုယ့်သဘောနဲ့ကိုယ် ဂျာချင်ဂျာလီချင်လီ လုပ်နေရမယ့်ကိစ္စ မဟုတ်ဘူး။ ဦးသိန်းစိန်တို့ မလိုတမျိုးလိုတမျိုး လုပ်တိုင်း ကိုယ်ကဂျာလိုက်လီလိုက်လုပ်နေရင် ကိုယ်ပဲအရူးမလင်ဖြစ်လိမ့်မယ်။ တကယ်တော့ ၂၀၁၀ မှမဟုတ်ဘူး။ ဟိုးအရင် ကြံ့ဖွတ်အသင်းဘဝကတည်းက ရိုဟင်ဂျာတွေကို အခွင့်အရေးပေး စည်းရုံးတာတွေ လုပ်ခဲ့တာ အများအသိ။ အဲဒီတုန်းကတည်းက ရိုဟင်ဂျာတွေကို ကြံ့ခိုင်ရေးအသင်းအတွက် စည်းရုံးခဲ့တယ်။ ဝှိုက်ကတ်ကိုင်ထားလို့ ခရီးသွားခွင့်မရတဲ့ ရိုဟင်ဂျာတွေဟာ ကြံ့ဖွံ့ကတ်ပါရင် ခရီးသွားလို့ရတယ်။ ကြံ့ဖွံ့ကတ်ပြလိုက်ရင် ရဲကတောင် အရေးမယူတော့ဘူး။ ကြံ့ဖွံ့ဟာ ရိုဟင်ဂျာကို အဲသလိုအခွင့်အရေးပေး စည်းရုံးခဲ့တယ်။ ချစ်ချင်တော့လည်း သူတို့ပဲအသည်းပေါက်ထွက်မလောက်၊ မုန်းချင်တော့လည်း လူစာရင်းတောင် မသွင်းချင်တော့သလောက်။ တတ်လည်းတတ်နိုင်ကြပါပေ့။

အခုနောက်ပိုင်းမှာ ဘာသာရေးအဓိကရုဏ်းတွေကို အစီအစဉ်တကျ ဖန်တီးတယ်။ ဒါဟာတနည်းအားဖြင့် ၂၀၀၇ ခုနှစ်မှာ စစ်အာဏာရှင်တွေကို ဆန့်ကျင်ပြီး၊ ပြောင်မြောက်တဲ့ သတ္တိကိုပြသခဲ့မှုအတွက် ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာကြီးမြင့်ခဲ့တဲ့ နိုင်ငံတကာလေးစားခံခဲ့ကြရတဲ့ သံဃာတွေကိုလည်း ဂလဲ့စားချေတဲ့ လုပ်ရပ်ဖြစ်တယ်။ သံဃာတွေကို သင်းခွဲဂိုဏ်းခွဲတဲ့ လုပ်ရပ်လည်း ဖြစ်တယ်။ ဒီထောင်ချောက်ထဲကို တည့်တည့်တိုးဝင်ပြီး သံဃာတွေကို မနေ့က ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သူတွေဟာ ဒီနေ့အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်မယ့်သူတွေပါလို့ အမှန်တကယ် ယုံကြည်နေကြတယ်ဆိုရင် အဲသလိုယုံကြည်တဲ့သူဟာ အတိတ်မေ့ရောဂါ စွဲကပ်နေလို့ရင်လည်း ဖြစ်မယ်။ ဒါမှမဟုတ်ရင်အ-လွန်းလို့ ဖြစ်လိမ့်မယ်။

နောက်တခု ဖြစ်နိုင်ခြေရှိတာကတော့ သံဃာတွေကိုသတ်၊ သံဃာတွေကိုသင်္ကန်းဆွဲချွတ်၊ သံဃာတွေကို စစ်ဖိနပ်နဲ့ကန်၊ သံဃာတွေကို အသက်သေတဲ့အထိ ညှဉ်းပန်း ဒီလိုလုပ်တဲ့လူစားတွေကမှ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်လိမ့်မယ်လို့ ပြောနေကြတဲ့သူတွေဟာ လည်လွန်းလို့ပြောနေကြတာလည်း ဖြစ်နိုင်ပါသေးတယ်။ စဉ်းစားချင့်ချိန်ဖို့ပါပဲ။

နောက်ထပ် ကျနော်တို့ အမြဲတန်းသတိထားရမယ့်အရာတခုကတော့ ကမ္ဘာ့သမိုင်းတလျှောက်မှာ ပေါ်ပေါက်ခဲ့သမျှ ဘာသာရေးတို့ လူမျိုးရေးတို့ကို အခြေခံစည်းရုံးပြီး အာဏာရရေး ကြိုးပမ်းတဲ့ ပါတီမှန်သမျှဟာ ဖက်ဆစ်ပါတီ ဖြစ်လာတယ်ဆိုတဲ့ အချက်ပါပဲ။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

No comments: