Friday, February 21, 2014

မြန်မာနိုင်ငံကိုဦးဆောင်နိုင်မည့်သူ



နိုင်ငံရေးကို ဆွေးနွေးရေးသားတယ် ဆိုသော်လည်း မိမိအနေနဲ့ကတော့ ဗုဒ္ဓဓမ္မရှုထောင့်မှလည်းပဲ အခြေအနေအရပ်ရပ်ကို စဉ်းစားသုံးသပ်ပါတယ်။ ဗုဒ္ဓဓမ္မဆိုတာ ဗုဒ္ဓက ရော်ရမ်းမှန်းဆပြီး အထင်အမြင်ကို ဟောကြားထားခြင်းမဟုတ်သလို ဗုဒ္ဓရဲ့ တီထွင်ဖန်တီး ဟောကြားထားမှုလည်း မဟုတ်ပါ။ သဘာဝအရှိတရားကို ဥာဏ်တော်နဲ့ ထိုးထွင်းသိမြင်ပြီး ဟောကြားထားခြင်းသာ ဖြစ်ပါတယ်။

ဗုဒ္ဓဟောကြားထားခဲ့တဲ့ ဓမ္မဆိုတာ ဗုဒ္ဓပွင့်သည်ဖြစ်စေ ဗုဒ္ဓမပွင့်သည်ဖြစ်စေ လောကမှာ ရှိနှင့်ပြီးသား အမှန်တရားပါ။ ဗုဒ္ဓဓမ္မဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဓမ္မဟာ လူမျိုးတစ်မျိုး ဘာသာတစ်ခုဆိုတဲ့ ဘောင်ကျဉ်းကျဉ်းထဲမှာ တည်နေတာလည်း မဟုတ်ပါဘူး။

ဓမ္မကို နားလည်သူဖြစ်စေ ဓမ္မကို နားမလည်သူဖြစ်စေ မည်သူအတွက်မဆို ဓမ္မဟာ ဓမ္မလမ်းကြောင်းအတိုင်းသာ သွားပါတယ်။ တရားဓမ္မဆိုတာ မျက်နှာမလိုက်ပါ။

ဓမ္မလမ်းကြောင်းကို ဆန့်ကျင်မှုကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေ၊ ဓမ္မလမ်းကြောင်းကို လိုက်နာမှုကြောင့် ပေါ်ပေါက်လာမယ့် ကောင်းကျိုးတွေကို ဗုဒ္ဓကိုယ်တော်တိုင်လည်း တွန်းလှန်ဖယ်ရှား ဟန့်တား၍ မရနိုင်ပါ။

ဓမ္မလမ်းကြောင်းကို ဆန့်ကျင်မှုကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ဘယ်တန်ခိုးရှင်မှလည်း မကာကွယ်နိုင်သလို ဘယ်ယတြာနဲ့မျှလည်း မတားဆီးပေးနိုင်ပါ။

လူနှစ်သိန်းနီးပါး အသက်ဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူလူထုကြီးကို အကူအညီပေးဖို့ ပြည်တွင်းပြည်ပမှ ရောက်လာကြသူတိုင်းဟာ မြန်မာလူမျိုး မဟုတ်ကြသလို ဗုဒ္ဓဘာသာဝင်လည်း မဟုတ်ကြပါဘူး။

ဒုက္ခသည်များကို အကူအညီပေးဖို့ ရောက်လာကြတဲ့ အလှူရှင်တွေကို ဟန့်တားပိတ်ပင်သူတွေ၊ ဒုက္ခသည်များအတွက် လှူဒါန်းပေးပို့လာကြတဲ့ အထောက်အပံ့ပစ္စည်းတွေကို ကြားမှ ခိုးယူရောင်းစား အလွဲသုံးစားလုပ်ကြသူတွေဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးစစ်စစ်တွေ ဖြစ်ကြပါတယ်။

ဒီပဲယင်း၊ လက်ပံတောင်းတောင် ရွှေဝါရောင် ၈၈ စသည်စသည် အရေးအခင်းအားလုံးမှာ အကြမ်းဖက် ဖမ်းဆီးနှိပ်စက် သတ်ဖြက်မှုတွေကို ကိုယ်တိုင်ကျူးလွန်သူတွေ အမိန့်ပေးသူတွေအားလုံးဟာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်စစ်စစ်တွေ ဖြစ်ကြပါတယ်။

မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း အသက်ပေးသွားခဲ့သူ အာဇာနည်ခေါင်းဆောင် (၉) ယောက်မှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဆရာကြီး ဦးရာဇတ်ဟာ မူဆလင်ပါ။

ဓမ္မပဒ၊ မိလိန္ဒပဥှာ၊ ဝိသုဒ္ဓိမဂ္ဂ စသည့် ဗုဒ္ဓဓမ္မ ကျမ်းစာပေါင်းများစွာကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သူ စာပေပညာရှင် ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်ဟာ ခရစ်ယာန်ဘာသာဝင်ပါ။

ဗုဒ္ဓဖြစ်လာခဲ့တဲ့ သိဒ္ဓတ္တဂေါတမသည်ပင် မြန်မာလူမျိုး မဟုတ်ပါ။ လူအများ အခေါ်အဝေါ်နဲ့သာ ခေါ်ဝေါ်သုံးနှုန်း ရမယ်ဆိုရင်တော့ သိဒ္ဓတ္တဂေါတမဟာ ကုလားလူမျိုး ဖြစ်ပါတယ်။

လူတစ်ယောက်ကို လေ့လာအကဲဖြတ်ရာမှာ သူ့ရဲ့ မျိုးရိုးနဲ့ သူယုံကြည်ကိုးကွယ်တဲ့ ဘာသာတစ်ခုတည်းကို ကြည့်လို့ မရပါဘူး။ သူ့ရဲ့ လုပ်ဆောင်ချက်နဲ့ သူ့ရဲ့ စိတ်နေစိတ်ထားသာ ပဓာန ဖြစ်ပါတယ်။

မိမိအနေနဲ့ ၂၀၁၅ ခုနှစ်မှာ အဖက်ဖက်မှာ ယိုယွင်းကျဆင်းနေတဲ့ မြန်မာနိုင်ငံအား ဦးဆောင်ထိုက်သူ သမ္မတကို သူ့ရဲ့ အရည်အချင်း သူ့ရဲ့ စိတ်ကောင်းစေတနာ သူ့ရဲ့ ရိုးသားဖြောင့်မတ်မှု သူ့ရဲ့ ကိုယ်ကျိုးစွန့်လွှတ် အနစ်အနာခံမှု စံနဲ့သာ တိုင်းတာပါတယ်။ ထိုစံနဲ့ ပြည့်စုံသူဟာ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ မမြင်ပါ။

မိမိဟာ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ တစ်ခါမျှ မမြင်ဖူးသလို NLD မှ မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့မျှလည်း မခင်မင်ပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သန့်ရှင်းဖြူစင်မြင့်မြတ်တဲ့ စိတ်ဓါတ်ကို ဓမ္မအသိနဲ့ ယှဉ်ပြီး နားလည်သိမြင်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းပြည်ကို ဦးဆောင်ခွင့် မရခဲ့ပါက မြန်မာပြည်အတွက် အတိုင်းအတာကြီးမားသော နစ်နာဆုံးရှုံးမှုတစ်ခု ဖြစ်သွားလိမ့်မယ်ဆိုတာကို လေးနက်ခိုင်မာစွာ ပြောလိုပါတယ်။

အရှင်စန္ဒိမာ | အလင်းမျက်ဝန်း
ဆောင်းပါး ကဏ္ဍနှင့်ပတ်သက်၍ အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com

No comments: