Thursday, February 20, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေး တည်ဆဲပြဋ္ဌာန်းချက် နိုင်ငံတကာနှင့် ယှဉ်ကြည့်စေလိုဟု ဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်


19 February 2014
**********************************************
စိုးသန်းလင်း၊ ဉဏ်လှိုင်လင်း|ဖေဖော်ဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄ ခုနှစ်။

ဖွဲ့စည်းပုံပြင်လိုလျှင် တည်ဆဲပြဋ္ဌာန်းချက် ပုဒ်မ ၄၃၆ အတိုင်းသာ ဆောင်ရွက်ရန် တပ်မတော်၏ ထုတ် ဖော်ပြောဆိုမှုနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို မဇိ္ဈမက မေးမြန်းရာတွင် နိုင်ငံ တကာ၌ ယင်းသို့သောကိစ္စကို မည်သို့ပြဋ္ဌာန်းထားရှိသည်ကို နှိုင်းယှဉ်လေ့လာရန်လိုသည်ဟု ဖေဖော်ဝါရီ ၁၈ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးတွင် ပြောသည်။

“ပြည်သူတွေရဲ့အသံကို နားထောင်ပြီးတော့ နိုင်ငံတကာရဲ့ အလေ့အကျင့်ကိုလည်း ကြည့်ရမယ်” ဟု ၎င်းက ဆိုသည်။ ယင်းကိစ္စရပ်များ မည်သို့ဆောင်ရွက်မည်ဆိုသည်မှာမူ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာသည် အရေးပါသည့် နေရာတွင် ရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်သည်။

တည်ဆဲဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၄၃၆ အရ ပြင်ဆင်လိုသည့်ပြဋ္ဌာန်းချက် အများစုသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် လက်ခံသဘော တူရမည်ဖြစ်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ထောက်ခံ ဆန္ဒမဲဖြင့်သာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ယင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွယ်ကူမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံတကာကပါ ဝေဖန်ထားကြသည်။ ဥပဒေများ ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့် စွက်၊ အသစ်ပြဋ္ဌာန်းရန် တာဝန်ရှိသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ ၅၂ ရာခိုင် နှုန်းကို ယခင် စစ်အစိုးရခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ၂၅ ရာခိုင်နှုန်းကို ကာကွယ်ရေးဦးစီးချုပ် တိုက်ရိုက်ခန့်ထားသည့် တပ်မတော်သားတို့က ရယူထား ၍ ၇၅ ရာခိုင်နှုန်းကျော် မဲရရန်မှာ မလွယ်ကူဟု သုံးသပ်ကြခြင်း ဖြစ်သည်။

တပ်မတော်ကမူ လက်ရှိဖွဲ့စည်းပုံသည် ဥပဒေအားလုံး၏ မူရင်းအချုပ်ဖြစ်သည့်အတွက် ပြဋ္ဌာန်းချက်များ ပြင်ဆင်လိုလျှင် တည်ဆဲဥပဒေ၏ ပုဒ်မ ၄၃၆ ပါ နည်းလမ်းအတိုင်းသာ ပြင်ဆင်ရမည်ဟုအမျိုးသားလွှတ် တော် တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ယမန်နေ့၌ မဇိ္ဈမကို ထုတ်ဖော်ပြောဆိုခဲ့ သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပုဒ်မ ၄၃၆ ကဲ့သို့သော အရေးပါသည့် ပုဒ်မများကို မပြင်ဆင်နိုင်ရန် အတွက် ကြိုတင်စုဆောင်းထားသော ကန့်ကွက်မဲများ၊ ထောက်ခံမဲများလည်း ပြီးခဲ့သည့် ဇန်န၀ါရီလကုန် ၌ သက်တမ်းကုန်ခဲ့သည့် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံနှင့်အတူ ပါ ၀င်လာခဲ့ပြီး ဖြစ်သည်။

၎င်းတို့အနက် တောင်ဥက္ကလာပ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း စုဆောင်းလာသည့် ၅၉(စ)၊ ၃၃၆၊ ၃၃၇ စသည့်ပုဒ်မများ အပါအ၀င် အရေးကြီးပုဒ်မတို့ကိုမပြင်လိုကြောင်း လက်ရေးမူတူညီစွာဖြင့် စာရင်းပြုစုထားသည့် လူဦးရေ တစ်သိန်းခြောက်ထောင်ကျော် ကိစ္စလည်း ပါဝင်ခဲ့သည်။

ဤသို့သော အခြေအနေများသည် ဥပဒေပြင်ဆင်ရေးအတွက် အခက်တွေ့နိုင်မည်လားဟူသည့် မဇ္ဈိမ၏ အမေးကို ယခုထပ်မံဖွဲ့စည်းခဲ့သည့် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ တွင် လေ့လာသူအဖြစ် ပါဝင်ဆွေးနွေးခွင့်ရသည့် အင်ဂျန်းယန် မဲဆန်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဤသို့ဖြေကြားခဲ့သည်။

“ဥပဒေပြင်ဆင်ရေးမှာ ဒီလူတစ်သိန်း ခြောက်ထောင်လောက်နဲ့ ပြောင်းလဲ မသွားနိုင်ပါဘူး။ တကယ် ပြောင်းလဲနိုင်တာက လွှတ်တော်ကပဲ လုပ်ခွင့်ရှိတာပါ၊ ဒါပေမဲ့လွှတ်တော်က ပြောင်းလဲဖို့ဆိုတာကလည်း တပ်မတော်သား ကိုယ်စားလှယ်တွေကပါ ပါလာဖို့လိုတယ်၊ ပြည်သူ့ကိုယ်စားလှယ်က ၇၅ ရာခိုင်နှုန်းပဲ ရှိ တော့ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်လို့ရမယ်လို့ သတ်မှတ်ထားတဲ့ ပုဒ်မ ၄၃၆ က ရှိနေတယ်၊ ပြည်သူ့ကိုယ် စားလှယ်အားလုံးက သဘောတူတယ်ထားဦး၊ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ပါမလာ ရင် ဘယ်ဥပဒေမှ ပြင်လို့ မရနိုင်ဘူး” ဟု ၎င်းကပြောကြားခြင်း ဖြစ်သည်။

ပုဒ်မ ၄၃၆ ကို ဦးစွာပြင်ဆင်နိုင်မှသာအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် တံခါးပွင့်သွားမည်ဖြစ် ကြောင်း၊ ၎င်းပုဒ်မကို အရင်ပြင်ဆင်နိုင်ရေးကိုသာ ဦးစားပေး တိုက်တွန်းကြရမှာဖြစ်ကြောင်း၊ လက်မှတ်ထိုးအကြံပြုစာ အရေအတွက်များက အရေးမကြီးဘဲ ပုဒ်မ ၄၃၆ကို အရင်ပြင်ဆင်ခွင့်ရရေးသာ အရေး ကြီးကြောင်းလည်း ၎င်းက ထည့်သွင်းဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် တရားစီရင်ရေးကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးနှင့် ပတ်သက်ပြီး အမှန်အားဖြင့် အရေးကြီးပုဒ်မများ ပြင်ဆင်နိုင်ရေးမှာ ခက် ခဲလှကြောင်း၊ ၎င်း ပုဒ်မတို့ကို ပြင်ဆင်နိုင်ရန်မှာ အဓိကသော့ချက်ဖြစ်သည့် ပုဒ်မ ၄၃၆ ကို ဦးစွာပြင်ရ မည်ဖြစ်ကြောင်း မဇ္ဈိမကို ပြောကြားဖူးသည်။

ယင်းသို့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရန်လိုအပ်သည်ဟူသည့် ပြဋ္ဌာန်းချက်ကို နိုင်ငံတကာ လေ့လာမှု များအရ ၆၅ရာခိုင်နှုန်းသို့ ပြင်ဆင်ရန်သင့်သည်ဟု ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မ တီ အတွင်းရေးမှူး ဦးအေးမောက်က မဇိ္ဈမကို သုံးသပ်ပြောဆိုခဲ့ဖူးသည်။ ထို့ပြင် ၃၈ရာခိုင်နှုန်းသို့ လျှော့ချ လိုသည်ဟု ဆန္ဒပြု ထုတ်ဖော်ပြောဆိုသူ လွှတ်တော်ကိုယ်စားလှယ်တချို့လည်း ရှိသည်။

စစ်အစိုးရ လက်ထက်ကတည်းက ကာလရှည် အတိုက်အခံ အင်အားစုအဖြစ် ရပ်တည်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ကလည်း ယင်းပုဒ်မကို ပြင်ဆင်နိုင်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာထားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်ကော်မတီသို့ ပေးပို့ခဲ့သည့် ငြိမ်း/ပွင့်အစီရင်ခံစာတွင်လည်း ပြင်ဆင်ရန် ခက်ခဲတင်းကျပ်လွန်းပါက သွေးထွက်သံယိုမှုများ ဖြစ်သည်အထိ သာဓကများ ရှိသည်ဟု လည်း အလေးအနက်ထား တိုက်တွန်းခဲ့သေးသည်။

Credit : Mizzima - News in Burmese

No comments: