Thursday, February 27, 2014

ဒဂုံတက္ကသိုလ်မှာ ဗုဒ္ဓဟူးနေ့က ပြုလုပ် ခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခုကို ကျောင်းအုပ်ချုပ်ရေး အဖွဲ့က ဟန့်တားခဲ့

ဒဂုံတက္ကသိုလ်မှာ ဗုဒ္ဓဟူးနေ့က ပြုလုပ် ခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခုကို ကျောင်းအုပ်ချုပ်ရေး အဖွဲ့က ဟန့်တားခဲ့ပါတယ်။

ဒဂုံတက္ကသိုလ်က ကျောင်းသားများ နားနေဆောင် တစ်ခုမှာ မနေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ မစခင် ကတည်းက ကျောင်း အုပ်ချုပ်ရေးက ဟန့်တားတာကို ခံခဲ့ရတာပါ။

မြန်မာနိုင်ငံရဲ့ မျက်မှောက်ခေတ် ပညာရေးစနစ်နဲ့ ကျောင်းခေါ်ချိန် ကန့်သတ်ချက်တွေအပေါ် ကျောင်းသားတွေက ဝေဖန်ဆွေးနွေးနေတုန်းမှာ တားဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ လုပ်ကြမယ် ဆိုတဲ့အကြောင်းကို ကျောင်းထဲက အဆောင်တွေမှာ ကျောင်းသားတွေ သိအောင် လိုက်ပြောစဉ်ကတည်းက အဆောင်ထဲကို ပေးမဝင်တာတွေ၊ ရုံးခန်းကို ခေါ်တွေ့တာတွေ ရှိခဲ့တယ်လို့ ဒီပွဲကို စီစဉ်ခဲ့တဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် ကျောင်းသားတွေက ပြောပါတယ်။

ပါဝင်ဆွေးနွေးမယ့် ကျောင်းသားတွေကိုလည်း ဆွေးနွေးပွဲကို မတက်ဖို့ ဖိအားပေး ပြောဆိုတာတွေ ရှိခဲ့တယ်လို့ ဒဂုံ တက္ကသိုလ် ရူပဗေဒ ဌာနက ကျောင်းသား ကိုနန်းလင်းက ပြောပါတယ်။ ဒါ့အပြင် ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကျောင်းသားတွေရဲ့ မိဘအုပ်ထိမ်းသူတွေကို ကျောင်း အုပ်ချုပ်ရေး အဖွဲ့နဲ့ လာတွေ့ဖို့ ချက်ချင်းပဲ ခေါ်ခဲ့ပါတယ်လို့ သိရပါတယ်။

ကျောင်းခေါ်ချိန် ၇၅ % ပြည့်မီမှ စာမေးပွဲ ဖြေခွင့်ရှိတယ် ဆိုပေမယ့် ကျောင်းသားတချို့ကပဲ ဒီစည်းကမ်းနဲ့ အရေးယူ ခံနေရပြီး တချို့ ကျောင်းသားတွေကျတော့ အထူးကင်းလွတ်ခွင့် ရနေတာမျိုးတွေကို အဲဒီပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တက္ကသိုလ် ဆရာများ အသင်းက တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေလဲ ဖိအားပေးခံရပါတယ်။ ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂ ယာယီ ဥက္ကဋ္ဌ ဒေါက်တာ အာကာမိုးသူ ဆွေးနွေးနေစဉ်မှာ ဌာနမှုးဖြစ်သူက လာခေါ်ခဲ့ပါတယ်။ နောက်ပြီး ဒီပွဲကို ကျောင်းလုံခြုံရေးတွေက ဗီဒီယို ကင်မရာတွေနဲ့ မှတ်တမ်းတင် ရိုက်ကူးခဲ့တာတွေလည်း ရှိတယ်လို့ သိရှိရပါတယ်။

No comments: