Saturday, February 22, 2014

စွတ်စရာ ဝါးကျည် တောက်ရှိသေးလား။

ပြည်သူကြားက ပြည်သူ့စကား နေလင်းညီ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၄

(၁) မအေ့ နဖူးကိုပါ တူနဲ့ ထုချင်တုံးပဲကိုး။ ဂျာနယ်လစ်အမျိုးသမီးလေးတစ်ဦးနှင့် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်တို့၏ စကားစစ်ထိုးပွဲကို မီဒီယာမျိုးစုံမှာ ဖတ်လိုက်ကြရသည်။ ရှေး ဟောင်းယဉ်ကျေးမှု၊ သမိုင်းဝင်စေတီပုထိုးဟောင်းများ ပြုပြင်မွန်းမံရေးနှင့်ပတ်သက်ပြီး နည်း ၂ နည်း ရှိသည်။ ပထမနည်းမှာ မူလလက် ရာများကို မပျက်စီး မယိုယွင်းစေပဲ ခိုင်ခံ့မြဲမြံစေသောနည်းဖြစ်၏။ ထိုနည်းကို UNESCO အဖွဲ့က အားပေးပြီး၊ စည်းမျဉ်းကိုလိုက်နာလျှင် လိုအပ်သော အကူအညီကိုလည်း ပေးသည်။ ပညာရှင်တို့ကလည်း သဘောကျသည်။

ဒုတိယနည်းမှာ ကြုံသလို ထင်ရာမြင်ရာ ပြုပြင်နည်းဖြစ်သောကြောင့် မူလလက်ရာများ ပျက်ဆီးစေ၏။ UNESCO က ထိုနည်းကို ကန့်ကွက် သည်။ ပညာရှင်တို့က သဘောမတူ။ ထိုနည်းတွင် ရှေးဟောင်းစေတီကို မဆင်မခြင် ရွှေချခြင်းမျိုးလည်း ပါဝင်သည်။ ဦးခင်ညွန့်သည် အာဏါရှိစဉ်က ဒုတိယနည်းဖြင့် ရှေးဟောင်းစေတီ အချို့ကို ဖျက်ဆီးခဲ့သူဟုထင်ရှားသည်။ အာဏါမဲ့သွားချိန်တွင် သူ့အမှားတွေကို ပြန်မြင် သွားလောက်ပြီဟု ထင်သူ အချို့ ရှိ၏။ သို့သော် စေတီဟောင်းအချို့တွင် ရွှေချတာ ပြန်လုပ်လာသည်။ ဂျာနယ်လစ်ကိုပါ ငေါက်ငေါက်ငန်းငန်း ပြောလာသည်။ ဒါတွေကို ဖတ်ရတော့ ပန်းချီဆရာတစ်ယေက်က သို့ဂလို မှတ်ချက်ချလိုက်ပါ၏။

“အင်း……ဇာတကနိပါတ်ထဲမှာ ပါတယ်။ ဖခင်နဖူးပေါ် နားတဲ့ခြင်ကို တူနဲ့ထုလိုက်တဲ့ သားအကြောင်း။ ဦးခင်ညွန့်က ရှေးဟောင်း ယဉ်ကျေးမှုဆိုတဲ့ ဖအေ့နဖူးကိုထုခဲ့တာ။ ဖအေသေတာတောင် နောင်တမရသေးဘူး။ မအေ့နဖူးကိုပါ တူနဲ့ ထုချင်တုံးပဲကိုး။”

(၂) သူ့ဝန်ကြီးတွေ ပြန်ထိန်းနေရတာနဲ့ပဲ ဦးသိန်းစိန် အစိုးရလက်ထက်တွင် မီဒီယာများ အတန်အသင့် လွတ်လပ် ပွင့်လင်းမှု ရလာသဖြင့် ကျေးဇူးတင် ဝမ်းမြောက်သူများ ရှိပါ သည်။” နားလည်မှုနဲ့ လွှတ်ပေးထားတာပဲ ရှိတာပါ။ ဥပဒေအရ လုံလောက်တဲ့ အကာအကွယ်တွေ မရှိပါဘူး။ အချိန်မရွေး ဖမ်းပြီး ထောင်ချ လို့ ရတာချည်းပဲ”့လို့ အချို့ကလည်း ဝေဖန်သည်။ ဘာပဲပြောပြော မီဒီယာတွေ တခေတ်ဆန်းလာတော့ ဝန်ကြီးတွေ ပေါက်ကရလေးဆယ် ပြောတာတွေကို အထောက်အထားနှင့်တကွ ကြားလာ သိလာကြရသည်။ စစ်အာဏါရှင်ခေတ်ကဆိုလျှင် သူတို့တွေပြောသမျှ ဘယ် လောက်မှားမှား ထုတ်ဖေါ်ခွင့် မရခဲ့ပေ။

ဝန်ကြီး ဦးအောင်မင်းက “တပည့်တော်တို့က တရုတ်ကိုလည်း ကြောက်နေရတယ်၊ ဘုရာ့”… ဟု ပြောခဲ့၏။ ဒါကိုလည်း သိခွင့် ရသည်။ဝန်ကြီး ဦးမြင့်လှိုင်က “လယ်သမားတွေ တစ်နပ်ပဲစား”… ဟု ပြောခဲ့၏။ ဒါကိုလည်း သိခွင့် ရသည်။ မကြာသေးမီက ဝန်ကြီး ဦးအုန်းမြင့်က “ နယ် လှည့် ပါးရိုက်လာခဲ့တာ။…” ဟု ပြောခဲ့၏။ ဒါကိုလည်း သိခွင့်ရသည်။ သို့သော် သမတ ဦးသိန်းစိန်ခမျာမှာတော့ သူ့ဝန်ကြီးတွေ စကားတစ်ခါ မှားတိုင်း၊ သူလည်း တစ်ခါ မျက်စိမျက်နှာ ပျက်ရဟန်တူသည်။ အုပ်ရ ထိန်းရ ဆုံးမရဟန် တူသည်။ဒါနဲ့ ပတ်သက်ပြီး စာအလွန်ဖတ်သော လမ်းထိပ်ကုန်စုံဆိုင်က အဖိုးကြီးတစ်ဦးပြောလိုက်ပုံက…

“အင်း … တို့သမတလည်း သူ့ဝန်ကြီးတွေ ပြန်ထိန်းနေရတာနဲ့ပဲ ၅ နှစ်သက်တမ်း ကုန်တော့မယ်နဲ့ တူပါရဲ့ “

(၃) ဒေါ်စုက အာဏာရှင်တွေအတွက် မဲဆွယ် ပေးနေသလို စစ်အာဏာရှင်ခေတ်က သိပ်ပြီးရှည်လျားသည်။ ထိုကာလ တလျှောက် မတရားမှုတွေ၊ အနိုင်ကျင့်မှုတွေများစွာ ဖြစ်ပွါးသည်။သို့သော် ဒါတွေကို မည်သူကမျှ ရဲရဲဝံ့ဝံ့ မဖေါ်ထုတ်ရဲခဲ့ကြပါ။၈- လေးလုံး အရေးတော်ပုံကြီးမှာတော့ ခံစားချက်တွေ ပွင့်ထွက်ကုန်ကြသည်။စစ်အာဏါရှင်တွေက ပိုမိုဆိုးဝါးစွာ ပြန်နှိပ်ကွပ်လာတော့ ပြည်သူအများစု နှုတ်ပိတ်ကြရပြန်သည်။ နံရံတိုင်းမှာ နားရှိသည်ဟု ဆိုပြီး၊ အမြင်ကပ်သူကို ဆွဲသွားတတ်သောကြောင့် ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ကတော့၊ မှန်တာကို ရဲရဲဝံ့ဝံ့ ပြောနေမြဲ။ အနာပေါ် ဆားထိ ၊ ဆတ်ဆတ်လူး ဖြစ်ရသူက အာဏါရှင်များ ဖြစ်သည်။ အနာ မရှိသူအဖို့ ဆားနှင့် ထိလျှင်လည်း ဘာဖြစ်စရာ လိုသနည်း။ ပြည်သူ အများစုက အာဏာရှင်တွေကို မဆဲရဲတော့ ၊ ဆဲရဲသူကို ကြိတ် ပြီး ထောက်ခံနေကြရသည်။ကျွန်တော့် ကိုယ်စား ဆဲပေးပါဟု ဆိုနေသယောင်ယောင်။ အာဏါရှင်တွေကလည်း ရှက်ရမ်း ရမ်းပြီး သကာလ၊ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲပုတ်ခတ် ဆဲရေးတိုင်းထွာကြသည်။ ပြည့်တန်ဆာ ဟု သမုတ်သူက သမုတ်သည်။ အမျိုးဖျက်မဟု ဆိုသူက ဆိုသည်။ ပုဆိန်ရိုးဟု ကင်ပွန်းတပ်သူက တပ်သည်။ သူမ၏ဖခင် ဦးဖါဖြစ်လို့ ဖါမျိုးရိုးဟု မဆီမဆိုင်ဆဲသူလည်း ရှိ၏။ သူမကို အပုတ်ချလေလေ၊ ပြည်သူတွေက ချစ်လေလေဖြစ်၏။ သူမတို့ကို နှိပ်စက်လေလေ၊ ပြည် သူတွေက ထောက်ခံလေလေဖြစ်သည်။ ထို့ကြောင့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ မဲ အပြတ်အသတ်ဖြင့် နိုင်သွားခြင်းဖြစ်၏။

နိုင်ငံရေးသုခမိန် ဝိဓူရသခင်ချစ်မောင်က သို့ဂလို မှတ်ချက်ချသည်။

“NLD က သနားမဲရသွားတာပါ၊ ဇာတ်ထဲမှာ ပုဏ္ဏားယုတ်က ရွှေမင်းသမီးကို နှိပ်စက်လေလေ၊ မင်းသမီးကို ပရိသတ်က သနားလေလေဖြစ်သလိုပေါ့။ “

ယခု ၂၀၁၃-၁၄ မှာတော့ အခြေအနေတွေက အရမ်းရှုတ်ထွေးနေသည်။အိမ်ကြက်ချင်း အိုးမဲသုတ် နေတာတွေလည်း မြင်တတ်မှ တွေ့မည်။ ဒီကြားထဲ ဒေါ်စုက ပြည်သူတွေ၏အခြေအနေ၊ ခံစားချက်တို့နှင့် ကင်းကွာနေသော စကားအချို့ပြောခဲ့သည်ဟု အချို့ကမြင်သည်။

လက်ပံတောင်းတောင် ကိစ္စတွင် ဒေါ်စု၏ရပ်တည်ချက်နှင့်ပတ်သက်ပြီး ရွာသားအချို့က “ဒေါ်စုကို ဆုံးရှုံးလိုက်ရပြီ“ ဟု ငြီးကြသည်။ NLDအဖွဲ့တွင် မူဆလင်ဘာသာဝင်တွေများနေကြောင်း၊ သူတို့ လွှမ်းမိုးနေကြောင်း၊ခွပ်ဒေါင်း မဟုတ်တော့ပဲ မွတ်ဒေါင်းဖြစ်သွားကြောင်းလည်း အချို့က ဆို၏။

ဒါတွေနှင့် ပတ်သက်ပြီး ၊ ကျောင်းအုပ်ဆရာကြီးဟောင်း တစ်ဦးက သို့ဂလို ဆို၏။

“ကိုးဆယ်ပြည့်ရွေးကောက်ပွဲတုံးက အာဏာရှင်တွေက ဒေါ်စုအတွက်မဲဆွယ်ပေးသလို ဖြစ်ခဲ့တယ်။ ခုချိန်မှာတော့ ဒေါ်စုက အာဏာရှင် တွေအတွက် မဲဆွယ်ပေးနေသလို ဖြစ်နေမလားလို့။ “

(၄) ညီမျှခြင်း တစ်ခု ၁၉၈၄-တွင် စာရေးသူ၏ ဆရာမတစ်ဦးက သူမ၏ခင်ပွန်း ဗိုလ်မှုး (ငြိမ်း)တစ်ဦးနှင့် မိတ်ဆက်ပေးခဲ့ဖူးသည်။ဗိုလ်မှုးသည် တပ်မတော်တွင် သင်တန်းဆရာ လုပ်ခဲ့ဖူးပြီး၊ စည်းကမ်းကြီးသူဖြစ်သည်။ အပြောအဟောလဲ ကောင်းသည်။သူ ပြောပြသော အကြောင်းအရာ တစ်ခုကို၊ စာရေးသူက ညီမျှခြင်းဖြင့် ရေးခဲ့ရာ၊ ဗိုလ်မှုးက အလွန် သဘောကျသည်။

လက်နက်ကိုင်+ စည်းကမ်းရှိ + ပြည်သူ့အကျိုး ဆောင်ရွက် = တပ်မတော် လက်နက်ကိုင်+ စည်းကမ်းမဲ့ + ပြည်သူ့အကျိုး ဖျက်ဆီး=ဓါးပြ

ဗိုလ်မှုးကတော့ ကွယ်လွန်ခဲ့ပြီ။ တစ်နေ့တွင် ဆရာမနှင့်ဆုံတော့၊ ထိုညီမျှခြင်းကို ပြန်ပြောပြရာ ၊ ဆရာမက သို့ဂလို ပြောပါ၏။

“ညီမျှခြင်းက ပြောင်းပြန်တွေ ဖြစ်သွားလား မသိပါဘူးကွယ်”

No comments: