Friday, February 28, 2014

ဘိတ်ငပိ

ဖော်ဖော်ဝါရီလ ၁၈ ရက် နေ့မနက်မှာ မင်္ဂလာဒုံလေယာဉ်ကွင်းကနေ Sun Far လေ ကြောင်းလိုင်းက လေယာဉ်နဲ့ တနင်္သာရီတိုင်းကို ခရီးထွက်ခဲ့ပါတယ် ။ ၈၈မျိုးဆက် ငြိမ်းချမ်းရေှးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင် ၊ ကိုကိုကြီး ၊ ကိုဂျင်မီနဲ့ ကျနော်တို့ကို တနင်္သာရီတိုင်းက ဖိတ်ခေါ်တဲ့ စာပေ ဟောပြောပွဲ ခရီးစဉ်ဖြစ်ပါတယ် ။ ခရီးစဉ်က ၁၇ ရက်နေ့မှာ စတင်တာဖြစ်ပေမဲ့ အဲဒီနေ့ညနေမှာပဲ ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်အတွင်းက Western Park Royal ဟိုတယ်မှာ ကျင်းပတဲ့ အမေထွား ပဲဆီသန့် မိသားစုရဲ့ စာပေပညာရှင် ၁၂ ဦးဂုဏ်ပြုပွဲမှာ ပါနေခဲ့လေတော့ ၁၇ ရက်နေ့မှာအတူမလိုက်လာနိုင်ခဲ့တော့ပဲ ၁၈ ရက်နေ့ကို ခရီးစဉ်ပြောင်းခဲ့ရတာဖြစ်ပါတယ် ။
ထားဝယ်လေဆိပ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကအချို့နဲ့ ရပ်ရွာလူငယ်အချို့ လာရောက်ကြိုဆို နေခဲ့ကြပြီး အဖွဲ့ချုပ်ရုံးကိုရောက်ခဲ့ပါတယ် ။ လောင်းလုံကိုသွားရောက်ဟောပြောနေကြပြီဖြစ်တဲ့ ၈၈ ပွင့်လင်း အဖွဲ့ ပြန်မရောက်လာသေးခင် ခဏစောင့်ရင်း စကားစမြည်ပြောဖြစ်ခဲ့ကြပါတယ် ။ တစ်နာရီခွဲ လောက်အကြာ မှာတော့ လောင်းလုံကိုသွားတဲ့အဖွဲ့ပြန်ရောက်လာပါပြီ ။ ထားဝယ်မြို့ကမ်းနားလမ်း က ကျောက်နီမော် ကုမ္ပဏီရုံးခန်းကိုသွားရပါတယ် ။ အဲဒီမှာအားလုံးဆုံကြပြီးတဲ့နောက် သရက်ချောင်းမြို့နယ်ကို ချီတက်ကြပါ တယ် ။ ၁၈ ရက်နေ့ညဟောပြောပွဲကို သရက်ချောင်းမြို့နယ်မှာ ကျင်းပမှာမို့ပါ ။ ထားဝယ်မြို့အထွက်မှာတော့ လမ်းတိုးချဲ့ဖောက်လုပ်ဖို့လုပ်ဆောင်နေတာကိုတွေ့မြင်ရပါတယ် ။ ကျိုက်မရောမြို့အ၀င်ကလိုပဲ ထားဝယ်မြို့ အ၀င်က သာယာလှပလှတဲ့ ထန်းပင်တန်းကတော့ လမ်းမြေတို့ချဲ့ရာမှာ အနိစ္စတရားနဲ့ကြုံတွေ့သွားခဲ့ပါပြီ ။
သရက်ချောင်းမှာ ဟောကြပြောကြပြီး တစ်ညအိပ်ခဲ့ပါတယ် ။ နောက်တစ်နေ့ဟောပြောမဲ့ ပုလောနဲ့ လမ်းကရွာတွေက အကြိုထောက်သူတွေရောက်လာကြပါတယ် ။ နောက်တစ်နေ့မနက်စောစောထွက် ၁၁ နာရီလောက်မှာ ၀မ်းကဖော်ရွာ ဘုန်းတော်ကြီးကျောင်းမှာ တစ်ပွဲဟောရပြန်ပါတယ် ။ အဲဒီမှာ တိုင်းရင်းသား ကရင်အမျိုးသား အမျိုးသမီးလေးတွေက ဒုန်းယိမ်းအကနဲ့ကြိုဆိုကြပါတယ် ။ ၀မ်းသာစရာကောင်းတာက ရေအိုးလေးလုံးကိုခေါင်းပေါ်မှာတင်ရွက်ပြီး ထားဝယ်ရိုးရာ ဒိန်းသံနဲ့ ကပြခဲ့တဲ့ ထားဝယ်သူလေးကိုမြင် တွေ့ခဲ့ရတာပါပဲ ။ ရိုးရာဓလေ့ကိုထိမ်းသိမ်းထားသေးတဲ့ ဒီလိုလုံမပျိုတွေ လုလင်ပျိုတွေ နိုင်ငံမှာရှိပါသေး တယ်ဆိုတာကို မြင်ရတွေ့ရတာကြည်နူးလိုက်တာများ ပြောမပြတတ်အောင်ပါပဲ ။
မဟောပြောခင်မှာ ဒေသခံတွေနဲ့ စကားစမြည်ပြောကြဆိုကြ တင်ပြကြဆွေးနွေးကြနဲ့ လဘက်ရည် ၀ိုင်းလေး တည်ခဲ့ပါတယ် ။ တစ်လောကမှ နိုင်ငံကို ပါးကြိမ်းနားကြိမ်း ကြိမ်းသွားခဲ့တဲ့ မင်းလက်ဝါး လက်သစ် ဘွဲ့ခံ ၀န်ကြီးမင်းက ဒီဒေသမှာလဲ မင်းမူသွားခဲ့တယ်ဆိုတာကို ကြားသိခဲ့ရပါတယ် ။ ရှေ့မီနောက်မီ ဘိုးကြီးတစ်ဦးရဲ့ပြောပြချက်အရ ဒီဒေသမှာ ထင်ရာစိုင်းခဲ့ကြတဲ့ အတိတ်က အာဏာရှင်တို့ရဲ့ တရားမဲ့လုပ်ရပ် တွေကို ကြားသိရပါတယ် ။ ကျနော်တို့ရွာကလေး အခြေတကျနေရတာ ဆယ်နှစ်ပဲရှိပါသေးဗျာ ၊ အဲဒီအရင်ကဆို တော်ကြာ ဟိုဘက်ပြောင်း ၊ တော်ကြာ ဒီကိုရွှေ့နဲ့လုပ်ခဲ့တာ သောင်ပြင်လွှတ်တဲ့ ခွီး (ခွေး) လိုပါပဲ .. တဲ့ ။ တစ်ရွာလုံးကယောင်္ကျားတွေပေါ်တာအဆွဲခံရလို့ မိန်းမချည်းပဲကျန်တဲ့ မုဆိုးမ ရွာတောင်ရှိ ပါတယ် … တဲ့ ။ ခုလဲ သူတို့တွေက ဒီနေရာတွေမှာ သြဇာအာဏာသုံးနေတုန်းပါပဲတဲ့ ရိုးသားတဲ့ ပညာအား နည်းတဲ့ ရွာသူရွာသားတွေ ကိုချိမ်းခြောက်နေတုံးပါပဲတဲ့ အဲဒါကြောင့် ဆရာတို့ရောက်တုန်းရောက်ခိုက် ရွာသူရွာသားတွေကို အားပေးစကားပြောပေးခဲ့ဖို့ မကြောက်ကြဖို့ ဟောပြောပေးခဲ့ပါတဲ့ဗျာ (ဟောခဲ့ပြောခဲ့တဲ့ မကြောက်တရားဆောင်းပါးလေးကိုတော့ နောက်မှပဲရေးပါတော့မယ်)။
အဲဒီကနေ ဟောပြောပြီး နေ့လည်(၁) နာရီမှာ ပုလောမြို့နယ်ကိုထွက်ခွာခဲ့ပါတယ် ။ လမ်းခရီးမှာ ထူးထူးဆန်းဆန်း အမည်ပေးထားတဲ့ ထမင်းမစား ရွာဆိုတာကိုတွေ့ခဲ့ရပါတယ် ။ မေးမြန်းစုံစမ်းကြည့်တော့ ယိုးဒယားကို စစ်ချီရာက အပြန် အလောင်းမင်းတရားကြီးက ဒီနေရာကို ဖြတ်သန်းခဲ့တယ်လို့ဆိုပါတယ် ။ ဒီရွာကိုရောက်တော့ ထမင်းစားချိန်ဖြစ်ပေမဲ့ မင်းတရားကြီးက ဒီနေရာမှာမစား ရှေ့ရွာကျမှ နားပြီးစားမယ်လို့ မိန့်ကြားခဲ့တဲ့အတွက် ထမင်းမစား ရွာလို့ အမည်ရခဲ့ကြောင်း ၊ ရှေ့ရွာ (ကျနော်တို့ဖြတ်ခဲ့ပြီးတဲ့ရွာ)ရောက် တော့မှ တပ်ချပြီး ထမင်းစားကြတော့ ဆာလောင်မွတ်သိပ်လွန်းတဲ့အတွက် အလွန်စားဝင်ကြတော့ ထမင်း တောင်မလောက်တော့တဲ့အတွက် မလောက်ရွာ လို့ခေါ်ကြောင်း ဒေသိယ ပါးစပ်ရာဇ၀င်ကို ပါကြားနာ မှတ် သားခဲ့ရပါတယ် ။
ပုလောမှာ လယ်ဝိုင်းကျောင်းတိုက်မှာ နားခိုကြပါတယ် ။ အဲဒီကျောင်းတိုက် ဓမ္မာရုံမှာပဲ ဟောပြောရမှာ ဖြစ်ပါတယ် ။ ကျောင်းတိုက်ဆရာတော်က အမှိုက်ပုံထဲကနေ ကျောင်းတိုက်တည်ထောင်ခဲ့သူ တကယ့်ပုဂ္ဂိုလ် တစ်ပါးပါပဲ ။ ဒေါက်တာဘွဲ့ရ ရဟန်းတစ်ပါးလဲ ဖြစ်ပါတယ် ။ ကွန်ပြူတာသင်တန်း ၊ အင်္ဂလိပ်စာ သင်တန်း များကို ကိုယ်တိုင်ပို့ချသင်ကြားပေးသူလည်းဖြစ်ပါတယ် ။ Dhamma School သင်တန်းများဖွင့်လှစ် သင်ကြားပေးနေပြီး ကျောင်းသားကျောင်းသူများကို CCA စနစ်နဲ့ ပို့ချသင်ကြားပေးနေသူ သာသနာ့ အာဇာနည်တစ်ပါးလဲဖြစ်ပါတယ် ။ နာမကျန်းသူများကို ဆေးဝါးကုသပေးဖို့ ကူညီမှုအသင်းကိုလည်း ထူထောင် ထားတဲ့အပြင် ၊ ကျောင်းတိုက်အတွင်းမှာ စာကြည့်တိုက်ကြီးတစ်ခုကိုတည်ထောင်ဖို့ အဆောက်အအုံကို တည်ဆောက်နေတာကိုလည်း မျက်မြင်တွေ့ခဲ့ရပါတယ် ။ ဘာသာ သာသနာကို ကာကွယ် စောင့်ရှောက် ဖို့ဆိုတာ အခြေခံခိုင်မှဖြစ်မယ် ဒကာကြီးလို့ မိန့်ကြားတဲ့ ဆရာတော်ရဲ့ သြ၀ါဒကို နာခံရင်း ၊ မြတ်ဗုဒ္ဓ ရဲ့သာသနာတံတိုင်းကို အခိုင်အမာတည်ဆောက်မဲ့ ကျောက်စိုင်ကျောက်သားပါလားလို့ ပီတိသော မနဿ ဖြစ်ခဲ့ရပါတယ် ။
ထူးခြားတာက အဲဒီနေ့ညဟောပြောပွဲကို အမေးအဖြေကဏ္ဍထည့်ပေးဖို့ ပရိသတ်ကလာရောက် မေတ္တာရပ်ခံခဲ့ကြတာပါပဲ ။ ဦးကိုကိုကြီးက ကျနော့်ကို အဲဒါကောင်းတယ် ကိုထင်လင်းဦးလို့ ပြောလာတော့ ကျနော်ကလည်း ထောက်ခံခေါင်းငြိမ့်ခဲ့ပါတယ် ။ အဲဒီလိုနဲ့ဟောပြောပြီးတဲ့နောက် ဦးကိုကိုကြီး ၊ကိုဂျင်မီနဲ့ ၊ ကျနော်တို့ (၃)ယောက်ထိုင်ပြီး ပရိသတ်ရဲ့မေးခွန်းတွေကိုဖြေခဲ့ပါတယ် ။ အဓိက ဒိုင်ခံဖြေတာက ဦးကိုကိုကြီးပါပဲ ။ ကျနော်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲကနေ ပြင်ဆင်လို့ မရဖူးဆိုရင် ဘယ်လိုဆက်လုပ်ကြရမလဲ ဆိုတဲ့ မေးခွန်းတစ်ခုကိုပဲ ဖြေခဲ့တာဖြစ်ပါတယ် ။ ပုလောပရိသတ်ဟာ ကိုယ့်ကိုကိုယ် ရှည်လျားထွေပြားမိတ်ဆက်ခြင်းမပြုဘဲ လိုရင်းကို ကွက်တိခွင်ကျ မေးခွန်းထုတ်ခဲ့ကြတဲ့ အပြင် မေးလာတဲ့ မေးခွန်းတွေကလည်း တာဝန်ယူမှု ၊ တာဝန်ခံမှုနဲ့ပတ်သက်တဲ့မေးခွန်း ၊ ဒီမိုကရေစီစနစ်မှာ အချုပ်အခြာအာဏာပိုင်ရှင်ဟာ ဘယ်သူပါလဲ ဆိုတဲ့ မေးခွန်း ၊ ရွေးကောက်ပွဲပြီးရင် ရွေးကောက် တင် မြှောက်ပေးလိုက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို မမြင်ရတော့ဘူး ဆိုတဲ့ မေးခွန်းမျိုးတွေနဲ့ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ မေးခွန်းတွေဖြစ်တာမို့ အံ့သြလေးစားခဲ့ရပါတယ် ။ မြန်မာ့နိုင်ငံရေး ရေချိန်မြင့်တက်စပြုလာတယ်လို့လဲ တွေးမိပြီး ပီတိဖြစ်ခဲ့ရပါတယ် ။
ပုလောက ပြည်သူတွေရဲ့ မေးမြန်းမှုတွေကိုကြားသိရတဲ့အခါမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေး ၊ တရား စီရင်ရေး အာဏာပိုင်ဆိုတဲ့လူတွေနဲ့ ပြည်သူတွေအကြား ဘယ်အရာကခြားနားနေသလဲ ဆိုတာ ကွင်းကွင်း ကွက်ကွက် မြင်လာရပါတယ် ။ အဲဒီလူတွေနဲ့ ၀န်ထမ်းတွေဟာ ကိုယ့်ကိုကို ပြည်သူ့ဝန်ထမ်းအဖြစ် စိတ်မပိုင်းဖြတ်နိုင်သေးတာ ၊ ပြည်သူက ပေးထားတဲ့ လစာကြေးငွေကိုခံစားနေပြီး ၊ အစိုးရက လစာပေး တယ်လို့ ထင်မြင်မှုတွေ အရိုးစွဲနေတာ ၊ ပြည်သူကို အလုပ်အကျွေးပြုရမဲ့သူများဖြစ်ပါလျက် ၊ ပြည်သူကို ကျေးဇူးပြုနေသူများလို့ အထင်ခံ အလေးစားအရိုအသေခံချင်နေကြတဲ့ စိတ်ဓါတ်အဟောင်းအမြင်းများကို ဖွတ်လျော်သန့်စင်ခြင်းမပြုနိုင်ကြသေးခြင်းဟာ အဓိကခြားနားကွဲပြားနေမှုပဲ ဆိုတာကို သိသာလာရပါတယ် ။ သူ့ဆန်စားရဲမှ ဆိုတဲ့ အတွေးမျိုးကိုတွေးနေသေးတာ အပြစ်မဆိုပေမဲ့ အဲဒီ ၀န်ထမ်းတွေ စားနေတဲ့ ဆန်ဟာ ဘယ်သူကျွေးတဲ့ဆန်လဲ ဆိုတာကို ရှင်းရှင်းလင်းလင်းမမြင်နိုင်သေးတာက အတော်ဆိုရွားတဲ့အချက်ဖြစ်ပါတယ် ။ ဒါဟာ ၀န်ထမ်းတွေကို ပြည်ထောင်စုက ရွေးချယ်လေ့ကျင့်ခန့်အပ်နေခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလည်း ဖြစ်ပါတယ် ။ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကို ပြည်သူက တိုက်ရိုက်ခန့်ထားနိုင်တဲ့ စနစ်တစ်ခုကို အမြန်ဆုံး တည်ဆောက်ဖို့လိုအပ်နေတယ်ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြနေတဲ့ အချက်လဲဖြစ်ပါတယ် ။
ပုလောကအထွက် သမုတ်ရွာမှာ ခဏနားတော့ လော့လော့ ကျောက်မီးသွေး လျပ်စစ် ဓါတ်အား ပေးစက်ရုံတည်ဆောက်ရေး စီမံကိန်းအကြောင်းကို ကြားရပါပြီ ။ သဘာဝဓါတ်ငွေ့ဖြင့်လျှပ်စစ်ဓါတ်အားရရှိရေး ဆိုတဲ့ စာတမ်းကိုရိုက်နှိပ်ထားတဲ့ တီရှပ်ဝတ်လူငယ်တွေကို မြင်တွေ့ရပါတယ် ။ အကျိုးအကြောင်း မေးမြန်းကြည့်တော့ သူတို့ကလည်း ကျနော်တို့ကို ဒီအကြောင်းတွေရှင်းပြတိုင်တမ်းဖို့ လာရောက် စောင့်ကြို နေကြတာဖြစ်တယ်လို့ သိရပါတယ် ။ ကျနော်တို့ကတော့ စတင်ပြောဆိုကြရမှာ ဒီလိုလျပ်စစ်ဓါတ် အားပေး စက်ရုံတွေဟာ ဒေသဆိုင်ရာဖွံ့ဖြိုးရေးအတွက် အရေးကြီးပါတယ် ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဆန္ဒပြမယ် ဆိုတာမျိုး မဖြစ်စေဖို့ သတိပေးပြောဆိုခဲ့ကြပါတယ် ။ ဒီဆန္ဒပြပွဲကို အဓိကခေါင်းဆောင်လုပ်ရှားနေတဲ့ သမုတ် ကျေးရွာက ကိုထိန်လင်းက ရှင်းလင်းပြောပြရာမှာတော့ သူတို့အနေနဲ့ ဒီအချက်ကိုလက်ခံကြပါတယ် ။ ဒါပေမဲ့ ကျောက်မီးသွေးစက်ရုံကို ဘယ်လို Mechanisim နဲ့ တည်ဆောက်မယ်ဆိုတာ လုံးဝမသိရပါဘူး ၊ ဒီစက်ဟာ စက်သစ်လား ၊ သူများနိုင်ငံက အကျလားဆိုတာမသိရပါဘူး ၊ ဘယ်လို သန့်စင်ရေး စနစ်တွေ အသုံးပြုမယ်ဆိုတာ လုံးဝမသိရပါဘူး ၊ သဘာဝပတ်ဝန်းကျင်မထိခိုက်ရေးအတွက် EIA , SIA အစီ ရင်ခံချက် များကိုလည်း တောင်းခံခဲ့ပေမဲ့ လုံးဝအသိ မပေးခဲ့ပါဘူး ။ ဒါကြောင့် ဒီလိုဆန္ဒပြနေရတာဖြစ်ပါတယ် လို့ အသေးစိတ်ရှင်းပြခဲ့ပါတယ် ။
ကျနော်တို့နိုင်ငံမှာ အစိုးရနဲ့ ပြည်သူကြား မဖြစ်သင့်ပဲ ဖြစ်နေရတဲ့ ပြဿနာတွေက ဒီလိုပွင့်လင်း မြင်သာမှုမရှိတာတွေကြောင့်ပဲဖြစ်ပါတယ် ။ စေတနာမှန်ကန်မှုဟာ မှတ်ကျောက်တင်ခံနိုင်ရပါမယ် ။ ဒီမိုကရေစီနိုင်ငံသစ်ရဲ့ အစမှာ ပွင့်လင်းမြင်သာသော ဆောင်ရွက်ချက်များကသာလျှင် ကောင်းမွန်သော အစိုးရ ၊ သန့်ရှင်းသောအစိုးရကို ဖြစ်တည်စေနိုင်ပါလိမ့်မယ် ။ ဒီကျောက်မီးသွေးစက်ရုံရဲ့ လုပ်ဆောင်မဲ့ လုပ်ဆောင် ချက်များနဲ့ အသုံးချနည်းပညာများကို ဒေသခံပြည်သူတွေ ကို ပွင့်လင်းစွာ အသိပေးရပါလိမ့်မယ် ။ ဒီစက်ရုံကြောင့် ဘာတွေ အကျိုးရှိမယ်ဆိုတာပဲ အသံလွှင့်နေပြီး ၊ ဘာတွေအကျိုးပျက်ပြားနိုင်တယ်ဆိုတာကို ထုတ်ဖော်မပြောဖူးဆိုကတည်းက တစ်ခုခုကို ဖုံးကွယ်တယ်လို့ ပြည်သူတွေက အထင်ရောက်စရာဖြစ်သွားပါပြီ ။ ကျောက်မီးသွေးနဲ့လည်ပတ်တဲ့ ဓါတ်အားပေးစက်ရုံတည်တယ်ဆိုတာဟာ သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ် သောကများစွာမကင်းဖွယ် ဖြစ်ပါတယ် ။ အဲဒီစိုးရိမ်သောကတွေကို ပွင့်လင်းမြင်သာမှုနဲ့ ဖြေဖျောက် မပေးဘဲ ထင်ရာမြင်ရာလုပ်ရင်တော့ အစိုးရနဲ့ ပြည်သူအကြား ပဋိပက္ခဟာ ပိုမိုကြီးထွား လာစရာ အကြောင်း ရှိပါတယ် ။ ဒီအချက်ကို ဒေသခံပြည်နယ်အစိုးရအဖွဲ့က အထူးသတိထားပြီး ကိုင်တွယ်ဖြေရှင်းပါလို့ သတိပေးချင်ပါတယ် ။ နောက်တစ်ချက်ကတော့ ဒီ ကျောက်မီးသွေးစက်ရုံတည်ဆောက်တာကို ဒေသခံများက ထောက်ခံပွဲဆိုပြီး လာရောက်လုပ်ဆောင်သွားခဲ့ပါတယ် ။ အဲဒီထောက်ခံပွဲကိုလာရောက်သူတွေထဲမှာ သမုတ် ၊ လော့လော့စတဲ့ အနီးဝန်းကျင်ရွာများက ဒေသခံတစ်ယောက်မှ မပါပါဘူး ၊ အဲဒီလို မလိမ့်တစ်ပါတ်လုပ်တဲ့ ညဉ်ဆိုးကိုမဖျောက်နိုင်တာကိုလည်း ဒေသခံတွေက အတော်ကိုပဲ စိတ်ဆိုးစိတ်ပျက်နေကြပါတယ် ။ အခု အဲဒီအတွက်ပဲ ဒေသခံတွေကိုယ်တိုင် လက်မှတ်ရေးထိုးကန့်ကွက်မှုများကို စတင်လုပ်ဆောင်နေပါပြီ ။ ဒါဟာ မကောင်းတဲ့ အလားအလာတွေပါ ။ အစိုးရရဲ့ စီမံကိန်းတွေကို ပြည်သူတွေက လက်မခံသဘောမတူဘူးဆိုရင် ဘာလုပ်မှာလဲ အတင်းအဓမ္မဆက်လုပ်မှာလား ၊ ဖျက်သိမ်းမှာလား ၊ ပြည်သူတွေလက်ခံလာနိုင်အောင်ပွင့်လင်း မြင်သာ ဆွေးနွေးဖြေရှင်းတဲ့နည်းလမ်းနဲ့ဆက်လုပ်မှာလားလို့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးပါတယ် ။ ဒေသခံ ပြည်နယ်အစိုးရအနေနဲ့ ကိုယ့်ပြည်နယ်တွင်း အေးချမ်းစွာနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်နိုင်ဖို့အတွက် ပွင့်လင်းမြင်သာ၍ မှတ်ကျောက်အတင်ခံရဲသော စေတနာစိတ်နဲ့ ပြည်သူတွေကိုထွေးပွေ့ပါလို့ လေးစားစွာ မေတ္တာရပ်ခံခဲ့ချင်ပါတယ် ။
တင်္နသာရီမြစ်ကိုဖြတ်အကူးမှာ ကြားရတဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ အတော့ကိုရင်နာစရာပါပဲ ။ ဘိတ်(မြိတ်)မြို့ဟာ စိမ်းစားငပိ (မျှင်ငပိ) ၊ ငံပြာရည်ချိုတို့ နဲ့တွဲဖက်ပြီးထင်ရှားတဲ့မြို့တစ်မြို့ဖြစ်ပါတယ် ။ မြန်မာ့ရုပ်ရှင်လောကမှာထင်ရှားလှတဲ့ ဒါရိုက်တာကြီးတစ်ဦးဟာ သူရဲ့နာမည်ကို ဘိတ်ကလာတဲ့ ငံပြာရည် လို့ အမည်နာမတပ်ခဲ့တဲ့အထိ ဘိတ်ငပိ ငံပြာရည်ရဲ့ ဂုဏ်သတင်းက ကျော်စောခဲ့တာပါ ။ အဲဒီလိုထင်ရှား ကျော်ကြားလှတဲ့ ဘိတ်မြို့ဟာ အခုဆိုရင် ငပိကို ပြန်ဝယ်စားရတော့မဲ့ အခြေဆိုက် နေပါပြီလို့ မိတ်ဆွေ ဘိတ်သားများက ပြောပြကြပါတယ် ။ စပါးထွက်တဲ့ အရပ်က ဆန်ဝယ်စားရ ၊ မြေပဲ ၊ နှမ်းထွက်တဲ့ အရပ်က ဆီဝယ်သုံးရ ဆိုတဲ့ အဖြစ်မျိုးလို ငပိအလွန်နာမည်ကြီးတဲ့ ဒေသတစ်ခုက ငပိကို ပြန်ဝယ်စားရပါတော့မယ်လို့ ပြောလာရတဲ့ အဖြစ်ကတော့ အတော့်ကို ဆိုးရွားတဲ့ အဖြစ်ပါပဲ ။
ဘိတ်ငပိကို ဂွေး လို့ ခေါ်တဲ့ ပုစွန်ဆိတ်သေးသေးကလေး ၊ မျှင်ကောင်ကလေး များကနေ ထုတ်လုပ်ရရှိပါတယ် ။ ဂွေးကောင်ကလေးများဟာ ဘိတ်ကျွန်းစုဒေသမှာပဲ တွေ့မြင်နိုင်တဲ့ ဇီဝသတ္တ၀ါ တစ် မျိုးလဲ ဖြစ်ပါတယ် ။ ဂွေးထောင်တဲ့ စန္ဒားပိုက်တန်းများကိုလည်း ဂွေးစန္ဒားလို့ ခေါ်ကြပါတယ် ။ နီကျင်ကျင် အရောင်အဆင်းရှိတဲ့ ဒီဂွေးကောင်များ အုပ်လိုက်ကျလာပြီဆိုရင် ပင်လယ်ရေပြင်ဟာတောင် နီမြန်းနေတယ်လို့ ဆိုကြပြောကြပါတယ် ။ အခုတော့ ဘိတ်သားများမှာ ဂွေး ပျောက်တော့မဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ ။
ဒီအင်မတန်သေးငယ် နုနယ်လှတဲ့ ရေနေသတ္တ၀ါကလေးများဟာ မြို့အနီးတစ်ဝိုက်မှာ ပေါ်ပေါက် လာတဲ့ လှေဒေါက် (လွန်းကျင်း) များ နဲ့ ငါးဖမ်းသင်္ဘောများက စွန့်ပစ်တဲ့ ဒီဇယ်ဆီ ၊ အင်္ဂျင်ဝိုင်စတဲ့ ရေထုညစ်ညမ်းစေသော စွန့်ပစ်ပစ္စည်းများကြောင့် တစ်စထက်တစ်စလျော့နည်းလာရတာဖြစ်တယ်လို့ မြို့ခံများက ပြောပြကြပါတယ် ။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုဟာ လူသားတွေကို အမြဲတမ်း စိမ်ခေါ်နေတဲ့ အန္တရာယ်ဖြစ်ပါတယ် ။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွေရှိလာတိုင်းမှာ သဘာဝပတ်ဝန်းကျင်ကို အနည်းနဲ့အများ ထိခိုက်လာတတ်တာဖြစ်ပေမဲ့ ၊ ဖွံ့ဖြိုးမှုတိုးတက်မှု အများဆုံးနဲ့ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်ဖို့ ကိုတော့ နည်းလမ်းရှာကြံကြရပါလိမ့်မယ် ။ ဂေဟဗေဒ ဆက်နွယ်မှုသဘောတရားအရ သက်ရှိတစ်မျိုး မျိုးသုဉ်းပျောက်ကွယ်ခြင်းဟာ လူသားမျိုးနွယ် ကွယ်ပျောက်ခြင်းရဲ့ နိဒါန်းလို့ ဆိုနိုင်ပါတယ် ။ ဒါကြောင့်မို့ ဘိတ်ကျွန်းစုက နာမည်ကျော် မျှင်ငပိရဲ့ အဓိက ကုန်ကြမ်းပစ္စည်းဖြစ်တဲ့ ဂွေးကောင်များ လျော့နည်းလာရာက လုံးဝမျိုးသုဉ်းပျောက်ကွယ်သည်အထိ ဖြစ်မလာစေဖို့ ဒေသဆိုင်ရာ အာဏာပိုင်များနဲ့ ဒေသခံများ လက်တွဲဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေပြီလို့ အသိပေးနှိုးဆော်ချင်ပါတယ် ။ အဲဒီလိုမှ မဟုတ်ရင်တော့ ဘိတ်သားတွေ ဂွေးပျောက်တဲ့ အန္တရာယ်နဲ့ ကြုံရပါလိမ့်မယ် လို့ အလေးအနက် သတိပေးလိုက်ပါတယ် ။
လူသားတွေမှာ ယောင်္ကျားနဲ့ မိန်းမအိမ်ထောင်ဘက်ပြုကြပြီး လင်ရယ်မယားရယ် ဘ၀တစ်ခုကို ထူထောင်ကြရာမှာ သာယာတဲ့ အိမ်ထောင်တစ်ခုဖြစ်ဖို့ဆိုတာ အလွန်အရေးကြီးပါတယ် ။ သာယာတဲ့ အိမ်ထောင်တစ်ခုကို ပွင့်လင်းရိုးသားမှုနဲ့ထူထောင်ရပါတယ် ။ ယောင်္ကျားနဲ့ မိန်းမတို့အကြား အတိတ်က အကြောင်းအရာများကို မလျို့မ၀ှက် ပွင့်လင်းစွာအသိပေးထားသင့်ပါတယ် ။ အဲဒီလိုမှ မဟုတ်ရင် နောင်တစ်ချိန်လျို့ဝှက်ချက်ပေါ်ပေါက်လာတဲ့အခါ အိမ်တွင်းရေး မပြေလည်မှုတွေ ပေါ်ပေါက်ပြီး မိသားစုဘ၀ ပြိုကွဲသည်အထိဖြစ်တတ်ပါတယ် ။ တစ်ယောက်ရဲ့ အကြိုက်နဲ့ စရိုက်လက္ခဏာများကို တစ်ယောက်က ကြိုသိထားရပါမယ် ။ ဒါမှ အပေးအယူတူမျှတဲ့ လင်မယားဘ၀ကို ထူထောင်နိုင်ပြီး သာယာတဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် ။ အဲဒီလိုမဟုတ်ဘဲ လင်ကိုယ်မယား ဘ၀ကိုထူထောင်ပြီးကာမှ ငယ်ကျိုးငယ်နာ တွေပေါ်ပေါက်လာ ၊ အကြိုက်မတူတာ စရိုက်မတူတာတွေပေါ်ပေါက်လာမယ်ဆိုရင်တော့ နေ့တကျက်ကျက် ၊ ညတကျက်ကျက်နဲ့ ပြဿနာတွေတက်တော့မှာပါပဲ ။ အဲဒီအခါမျိုးမှာ တစ်ချို့တစ်လေမှာ တစ်ဖက်က နိုင်စားလို့ တဖက်က ကြိတ်မှိတ်ခံရင်း မကြည်ဖြူသော်လည်း ဆက်လက်တွဲသွားကြရတဲ့ အဖြစ်မျိုးတွေရှိသလို ၊ လင်က အိမ်ကဆင်းလိုက် ၊ မယားက အိမ်ကဆင်းလိုက်နဲ့ နောက်ဆုံး အိမ်ထောင်တစ်ခုပြိုကွဲရတဲ့အထိလဲ ဖြစ်သွားတတ်ပါတယ် ။ အပျော်ထမ်း လင်မယားလုပ်တမ်းမကစားကြပဲ ၊ တကယ်သာယာခိုင်မြဲတဲ့ အိမ်ထောင် တစ်ခုကို တည်ဆောက်တော့မယ်ဆိုရင်တောင် ပွင့်လင်းမှုနဲ့ ကြိုတင်ညှိနှိုင်းမှုဟာ အလွန်အရေးပါတယ်ဆိုတာ ဒီလောက်ဆိုရင် နားလည်နိုင်ကြပါလိမ့်မယ် ။
နိုင်ငံတစ်ခုမှာ အစိုးရနဲ့ ပြည်သူကြားမှာ ပွင့်လင်းမြင်သာမှုနဲ့ ကြိုတင်ညှိနှိုင်းမှုများဟာ နိုင်ငံတစ်ခု သာယာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အရေးကြီးပါတယ် ။ အစိုးရက ပြည်သူကို ပွင့်လင်းမြင်သာမှုမရှိတဲ့ လုပ်ဆောင်ချက်တွေလုပ်နေရင် ပြည်သူတွေက မကျေမနပ်နဲ့ ဆန္ဒပြတာတွေ ကန့်ကွက်တာတွေ ဖြစ်လာမှာ မလွဲမသွေပါပဲ ။ အဲဒီလိုဖြစ်လာကာမှ အာဏာအားကိုးနဲ့ နှိပ်နင်းမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေဆီကို ရှေးရှုသွားမှာ မလွဲမသွေပါပဲ ။ နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု အတွက် အခြေခံ အဆောက်အအုံတွေများစွာ လိုအပ်ပါတယ် ။ ဒါပေမဲ့ အဲဒီအခြေခံအဆောက်အအုံများဟာ ပြည်သူတွေအတွက် အကျိုးတရားထက် အဆိုးမများဖို့ အစိုးရက တာဝန်ယူရပါမယ် ။ အဲဒီလို အကျိုးရှိနိုင်မယ်ဆိုတာကိုလဲ ပြည်သူကို ဒိုးလျှိုပေါက် ပွင့်လင်းမှုများနဲ့ ပွင့်လင်းမြင်သာစွာ အသိပေးရပါလိမ့်မယ် ။ အဲဒီလိုမဟုတ်ခဲ့ တဲ့အတွက် မြစ်ဆုံစီမံကိန်းကြီးဟာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေခဲ့ရတာမဟုတ်လား၊ ဒီလိုသိသာ ထင်ရှားလှတဲ့ အချက်ကိုတောင် သင်ခန်းစာမယူပဲ လော့လော့ ကျောက်မီးသွေး လျှပ်စစ်ဓါတ် အားပေးစက်ရုံနဲ့ အလားတူလုပ်ရပ်တွေကို လက်သည်းဖွက် လုပ်ဆောင်နေတာကတော့ ပြည်သူနဲ့ အစိုးရကြား နားလည်မှု တွေခြားနားပြီး ပဋိပက္ခတွေကို လက်ယပ် ခေါ်နေတဲ့ လုပ်ဆောင်ချက်တွေလို့ ဆိုရပါလိမ့်မယ် ။ ပြည်သူတွေက အစိုးရရဲ့ လင်မယားလုပ်တမ်း ကစား သလို လုပ်ဆောင်နေတာကို ခံနေရတာများလှပါပြီ ။ ပြည်သူတွေကို တန်ဖိုးထားပြီး အရှိကိုအရှိအတိုင်း အမြင်ကိုအမြင်အတိုင်း ရိုးရှင်းစွာ ဖြောင့်မတ်စွာနဲ့ ပေါင်းသင်းဆက်ဆံမဲ့ အစိုးရမျိုးကိုပဲ ကျနော်တို့ ပြည်သူတွေက အလိုရှိပါတယ် ။ မရခင်ဖျာလိုလိပ်ထိပ်ပေါ်တင် ရကာမှ ဖျာလို ခင်းနင်းပြီး ကွယ်ရာကွယ်တိုင်း ထင်ရာစိုင်းတတ်တဲ့ အစိုးရမျိုးကိုတော့ လုံးဝအလိုမရှိကြောင်း အသိပေး လိုက်ရပါတယ်ဗျာ ။

No comments: