Tuesday, February 18, 2014

ရိုက်နှက်ပြီး ရွှေဆွဲကြိုးလုသူများအား အရေးယူထား

ရိုက်နှက်ပြီး ရွှေဆွဲကြိုးလုသူများအား အရေးယူထား
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ စံနန်းတော်တိုက်တန်းနေ ဒေါ်လှလှမြင့်(ခ) ဒေါ်ခင်မိုး(၄၈)နှစ်သည် ခင်ပွန်းဖြစ်သူ ဦးခင်မောင်ဝင်း(၆၂)နှစ်နှင့်အတူ နေအိမ်ရှိခွေးမျာကို လမ်းလျှောက်ထိန်းကျောင်းရာမှ နေအိမ်သို့ပြန်လာပြီး ဒေါ်ခင်မိုးမှ ခွေးများအား ခွေးလှောင်အိမ်အတွင်းသို့ ပို့နေစဉ် နေအိမ်ရှေ့မှ ခွေးဟောင်သံကြားရ၍ ထွက်ကြည့်ရာ ဦးခင်မောင်ဝင်းအား ဦးခေါင်း ယာချိုစောင်းတွင် ရိုက်နှက်ခံ ရသည့် ဖူးရောင်ဒဏ်ရာဖြင့်တွေ့ရှိရပြီး ၎င်း၏လည်ပင်းတွင်ဆွဲထားသော ရွှေဆွဲကြိုး အလေးချိန်(၅) ကျပ်သားခန့်၊ တန်ဘိုးငွေကျပ်သိန်း(၃၀)ကျော်ခန့်မှာ ပျောက်ဆုံးနေသဖြင့် အရေးယူပေးရန်တိုင်တန်း သောကြောင့် အမှတ်(၁) နယ်မြေရဲစခန်း(ပ)၂၀၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၅/၃၈၆ ဖြင့် အမှုဖွင့်စုံစမ်း စစ်ဆေးခဲ့သည်။ ထို့နောက် အမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် မသင်္ကာသူ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေ အောင်ကျော်မိုး(ခ)ရှကီရာ(၂၀)နှစ်အား သက်သေများရှေ့၌ ခေါ်ယူစစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ အောင်ကျော်မိုး(ခ)ရှကီရာသည် လွန်ခဲ့သော(၃)လခန့် နံနက် ၄ နာရီအချိန်ခန့် ပြည်ကြီးတံခွန်မြို့နယ်နေ သက်အောင်(ခ)ဂျာနယ်မ(၂၂)နှစ်၊ အောင်မြေသာစံမြို့နယ်၊ ရွှေကျင်ရပ်ကွက်နေ သဲသဲ(၂၀)နှစ်တို့နှင့်အတူကျုံးအရှေ့ဘက်၊ သုဓမ္မဇရပ်တန်းအနီးတွင် ဦးခင်မောင်ဝင်းအား ခွေး(၂)ကောင်နှင့်အတူတွေ့ရှိရ၍ စကားရပ်ပြောနေစဉ် သဲသဲက ဦးခင်မောင်ဝင်း၏ရွှေဆွဲကြိုးအား ဖြုတ်ပြီး အောင်ကျော်စိုး(ခ)ရှကီရာက အနီးတွင်တွေ့ရှိသောတုတ်ချောင်းဖြင့် ဦးခေါင်းအား(၂)ချက် ရိုက်ခဲ့ကြောင်း၊ ထိုသို့ရိုက်သဖြင့် လဲကျသွားခဲ့စဉ် ၎င်းတို့ (၃)ဦးထွက်ပြေးခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သောကြောင့် သက်အောင်(ခ)ဂျာနယ်မနှင့်သဲသဲတို့ (၂)ဦးအားဖမ်းဆီးစစ်ဆေးခဲ့သည်။ ထို့နောက် လုယူရရှိသောရွှေဆွဲကြိုးအား မန်းမြို့ဈေးတွင် ငွေကျပ်သိန်း(၂၀)ဖြင့် ရောင်းချခဲ့ပြီး အောင်ကျော်စိုး(ခ)ရှကီရာမှ(၁၀)သိန်း၊ သက်အောင်(ခ)ဂျာနယ်မနှင့် သဲသဲတို့အား (၅)သိန်းကျပ်စီ ခွဲဝေခဲ့ကြကြောင်းသိရသဖြင့် အောင်ကျော်မိုး(ခ)ရှကီရာထံမှ ရွှေဆွဲကြိုးရောင်းရငွေဖြင့် ၀ယ်ထားသည့် အ၀တ်အထည်နှင့်ပစ္စည်းများအားလည်းကောင်း၊ သက်အောင်(ခ)ဂျာနယ်မထံမှ ကျန်ငွေကျပ်(၁၆၀၀၀၀ိ/-) တန်ဘိုးရှိအလှပြင်ပစ္စည်းများအားလည်းကောင်း၊ သဲသဲထံမှ ရွှေဆွဲကြိုးရောင်းရငွေဖြင့် ၀ယ်ယူထားသော ငွေကျပ်(၃၅၀၀၀၀ိ/-)တန်ဘိုးရှိ ဆိုင်ကယ်(၁)စီး၊ (၁၀၀၀၀၀ိ/-)တန်ဘိုးရှိ ဟန်းဆက် (၁)လုံး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရှည်(၂)ပေရှိ သစ်ကိုင်းတုတ် (၁)ချောင်းနှင့် ရွှေဆွဲကြိုးတို့အားလိုက်လံသိမ်းဆည်းကာ ပြစ်မှုကျူးလွန်သူ အောင်ကျော်စိုး(ခ)ရှကီရာပါ (၃)ဦးအား ထိုက်သင့်သည့် ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments: