Tuesday, February 18, 2014

နာဇီခေတ်ပုံစံ သတ်ဖြတ်မှုများကြောင့် မြောက်ကိုရီးယားခေါင်းဆောင် တရားရင်ဆိုင်ရနိုင်



နာဇီခေတ်ပုံစံ သတ်ဖြတ်မှုများကြောင့် မြောက်ကိုရီးယားခေါင်းဆောင် တရားရင်ဆိုင်ရနိုင်
********************************************************
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအပါအ၀င် မြောက်ကိုရီးယား ထိပ်တန်း ခေါင်းဆောင်တွေဟာ ပြည်သူတွေကို စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဆင်းရဲ ငတ်ပြတ်မှုတွေနဲ့ နာဇီခေတ်ကာလပုံစံ သတ်ဖြတ်မှုတွေမှာ အမိန့်ပေးစေခိုင်းခဲ့တာတွေအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂ စုံစမ်းလေ့လာသူတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားကို အပြည်ပြည်ဆိုင်ရာတရားရုံးတင်ဖို့ ကုလသမဂ္ဂကို အကြံပြုနေတဲ့ အကြောင်း ခေါင်းဆောင် ကင်ဂျုံအန်းကို စာရေး အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားက ရာဇ၀တ်မှုတွေအတွက် ကိုယ်ထိလက်ရောက် ကျူးလွန်တာ မဟုတ်ရင်တောင်မှ ဒီရာဇ၀တ်မှုတွေအတွက် သွယ်ဝိုက်တာဝန်ရှိတယ်ဆိုတာကို အသိပေးချင်တယ်လို့ ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ခေါင်းဆောင် မိုက်ကယ် ကီယာဘီစ် (Michael Kirby)က ဂျီနီဗာမြို့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို မြောက်ကိုရီးယားခေါင်းဆောင်တွေကို လူသိရှင်ကြား စွပ်စွဲအသိပေးတာဟာ အခြေအနေ ပိုဆိုးသွားစေနိုင်ပြီ ကင်ဂျုံအန်းအနေနဲ့လည်း ပိုရန်လိုလာနိုင်တယ်လို့ တောင်ကိုရီးယားနဲ့ အနောက်နိုင်ငံက သုံးသပ်သူတွေက ဆိုပါတယ်။

မြောက်ကိုရီးယားကတော့ စာမျက်နှာ ၃၇၂ မျက်နှာပါ ကုလသမဂ္ဂရဲ့ စုံစမ်းတွေ့ရှိချက်ကို လုံးဝ ငြင်းဆန်ခဲ့ပြီး အမေရိကန်၊ အီးယူနဲ့ ဂျပန်တို့ရဲ့ လုပ်ဇာတ်တွေကို အခြေခံပြီး ထုတ်ထားတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ညှဉ်းပန်နှိပ်စက်မှု မှတ်တမ်းတွေကို ကင်ဂျုံအန်းအပါအ၀င် နိုင်ငံတော်လုံခြုံရေး၊ အမျိုးသား လုံခြုံရေး ၀န်ကြီးဌာနလို အဖွဲ့အစည်းတွေ၊ စစ်တပ်နဲ့ အာဏာရအလုပ်သမားပါတီကို ပြန်ပြီး ပေးပို့ရလို့လည်း ဆိုပါတယ်။

ရာဇ၀တ်မှုတွေကို ကျူးလွန်သူတွေကို နာမည်နဲ့တကွ အတိအကျ ဖော်ပြထားတာ မရှိပေမယ့် သံသယရှိသူ အရပ်ဘက်၊ စစ်ဘက်ခေါင်းဆောင်တွေကို အရေးယူဖို့ ကုလသမဂ္ဂကို တိုက်တွန်းထားပါတယ်။

ဒါတွေ မဖော်ထုတ်ခဲ့လို့ မသိလိုက်ရ မရှိလေအောင် ဖော်ထုတ် မှတ်တမ်းတင်ရတာ ဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

စုံစမ်းတွေ့ရှိချက်ကို မြောက်ကိုရီးယားက ထွက်ပြေးခိုလှုံလာသူတွေ၊ မြောက်ကိုရီးယား ထောင်စောင့်တွေ လူသိထင်ရှား ထုတ်ဖော်ဖွင့်ဆိုချက်တွေ အခြေခံပြီး ၁ နှစ်တာ စုဆောင်း ပြုစုခဲ့တာ ဖြစ်ပါတယ်။

Credit : DVB

No comments: