Tuesday, February 18, 2014

ဗန်းမော်ခရိုင် KIA မှသိမ်းပိုက်ထားသော စခန်းကို အစိုးရတပ် နောက်ဆုတ်ပေး



18 February 2014
By KNG

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၃) တပ်ရင်း ၁ ဒေသ ဒဂေါရွာရှိ ဒဂေါမဒါ (Dagaw Mada) KIA စခန်းအားသိမ်းပိုက်ထားသော အစိုးရတပ်သည် ဖေဖေါ်ဝါရီ ၁၆ တနင်္ဂနွေ မွန်းလွဲ ၁ နာရီကျော်တွင် ၎င်းစခန်းမှ ဆုတ်ခွာသွားကြောင်း KIA ကပြောသည်။

“အစိုးရတပ်က ကျနော်တို့ စခန်းတွေအားလုံးကို မီးရှို့ပြီး ဆုတ်သွားကြတာ ဘာဖြစ်လို့ အခုလိုဆုတ်သွားတာတော့ မသိရဘူး အထက်ကအမိန့်နဲ့ထင်တာပဲ” ဟု KIA တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်မှူးဖေါ်ဂျန်ယော်ထုံ (Major Hpaujang Yaw Htung) KNG ကချင်သတင်းဌာနသို့ပြောသည်။

၎င်းစခန်းမှဆုတ်ခွာခဲ့သော အစိုးရတပ်သည် ငဦးအခြေစိုက် အစိုးရစစ်ကြောင်း ခြေလျင်တပ်ရင်း ၁၂၁ စစ်အင်အား ၅၀ ကျော်ဖြစ်ပြီး ခဝမ်ဘန် (Hka Wan Bang) ဘက်သို့ ဆုတ်ခွာသွားကြောင်းသိရှိရသည်။

ထို့အတူ ဒဂေါရွာအနီး နမ်ဆိုင်းရွာအောက်တွင် နေရာယူထားသော စစ်အင်အား ၆၀ ခန့်ရှိ အထက်က တပ်ရင်းမှ အခြားစစ်ကြောင်းသည်လည်း တနင်္ဂနွေ ညနေတွင် မိုးမောက် ဘက်သို့ နောက်ဆုတ်လိုက်ကြောင်းသိရသည်။

ထိုအစိုးရတပ်များဆုတ်ထားသောတပ်စခန်းတွင် ဖေဖ၀ါရီလ ၁၇ ရက်နေ့က KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့ တပ်မဟာ (၃) တပ်ရင်း ၁ မှ ပြန်လည်နေရာယူထားပြီဖြစ်ကြောင်း လည်းသိရသည်။

ဒဂေါမဒါ စခန်းတွင် KIA စစ်သား ၆ ဦး သာရှိနေစဉ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် အစိုးရတပ်မှ စစ်အင်အားများစွာဖြင့် ရုတ်တရက် ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန် KIA မှ တစ်ဦး ကျဆုံးခဲ့သော စခန်းလည်းဖြစ်သည်။

KIA မှ ကျဆုံးသွားသော ဦးမခါမာယုန် (Slg. Mahka Ma Yung) ရုပ်အလောင်းကို စခန်းရှိ ကဒုတ်ကျင်းတွင် မြှပ်ထားပေးပြီး ဖေဖေါ်ရီ ၁၈ ယနေ့ နေရာရွှေ့ပြောင်း ဆုတောင်းသဂြုင်္ိလ်မည်ဖြစ်ကြောင်း သိရှိရသည်။

ယခုချိန် ဗန်းမော်ခရိုင် KIA တပ်မဟာ (၃) ဒေသတွင် အစိုးရတပ်များ၏ စစ်ဆင်တိုက်ခိုက်ခြင်း ခေတ္တ ရပ်နေသော်လည်း တပ် အလဲအလည်ဖြင့် လှုပ်ရှားနေဆဲဖြစ်ကြောင်း ရှေ့တန်းမှ KIA စစ်ဗိုလ်များပြောပါသည်။

No comments: