Monday, February 24, 2014

သျှမ်းတောင်နှင့် မြောက် ကြားဒေသ အစိုးရတပ်အင်အားတစ်ထောင်ခန့် ရောက်ရှိ



တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 24 ရက် 2014 ခုနှစ်
သျှမ်းသံတော်ဆင့်သတင်း

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးနှင့် သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့ နယ်ကြား ရှိဒေသသို့ အစိုးရတပ် များ အင်အားဖြည့် တင်းရောက် ရှိလာသည့် အတွက် သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် ထိပ်တိုက် ထိတွေ့မှု ဖြစ်ပွား မည်ကို ဒေသခံများက စိုးရိမ် နေကြပါသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မိုင်းအောတ်၊ တောင်ဟျိုးနှင့် တန့်ယန်းမြို့နယ် နမ့်လောဝ်း ၊ ၇ မိုင် ဘက် အစိုးရတပ်များ အခြေချရှိရင်းစွဲ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၇ မိုင်းပန်) လက်အောက်ခံတပ်များအပြင် မိုင်းနောင် အခြေစိုက် စကခ ၂ လက်အောက်ခံတပ်များ အင်အားတိုးဖြည့် လာခြင်းဖြစ် ကြောင်း၊ အဆိုပါဒေသအတွင်း တပ်အပြောင်းအလဲလှုပ်ရှားမှုတွင် စုစုပေါင်းစစ်အင်အား ၁၀၀၀ ထက်မနည်း ရောက်ရှိနေကြောင်း စစ်ရေးစောင့်ကြည့်လေ့လာသူများက ပြောသည်။

“ဟုတ်တယ် ကျနော်တို့လဲ သိပါတယ်။ စကခ ၁၇ က ရာဂဏန်းက ရှိနေပြီးသား၊ အဲဒီတပ်တွေ နောက် တန်းပြန်ဖို့ထင်တယ်။ စကခ ၂ က အစားလာထိုးတာဖြစ်နိုင်တယ်။ စစ်ဆိုတာ ယုံလို့တော့မရဘူးလေ။ ဒါ့ကြောင့် ကျနော်တို့ဘက်လဲ စစ်ရေးတော့ အသင့် အနေအထား ရှိနေရလိမ့်မယ်။” - ဟု ဌာနချုပ်အရာ ရှိတဦးက ပြောသည်။

“ဒီစစ်သား စစ်တပ် စစ်တိုက်ခြင်းတွေကို အရမ်းအမြင်ကပ်ညီးငွေ့နေပါပြီ။ သူတို့မလာရင်တိုက်ပွဲက မဖြစ်ဘူး။ အင်အားတိုးလာရင်တော့ ကြောက်ရတယ်။ သူတို့တွေကြောင့် ပြီးခဲ့တဲ့ နှစ်တွေတုန်းက အရမ်းဒုက္ခရောက်တယ်။ လယ်ယာ စိုက်ပျိုးမှု ကောင်းကောင်းကိုမလုပ်ရဘူး၊ အိမ်ယာထားပြီး ထပ်တိမ်းရှောင်ရမှာကို ကြောက်နေတယ်” - ဟု အသက် ၅၀ အရွယ် တောင်ဟျိုးရွာသူ အမျိုးသမီးကပြောသည်။

အဆိုပါဒေသ သည် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ၏ ကြားခံနယ်မြေများဖြစ်သည်။ ထို့ကြောင့် အပစ်ရပ်ထားသော်လည်း စစ်ရေးဗျူဟာကျသည့် အဆိုပါဒေသအား အခြေကုပ်နိုင်ရေး နယ်မြေလွမ်းစိုးမိုးနိုင်ရေးအတွက် မကြာခဏ ထိုးစစ်ဆင်လေ့ရှိသည်။

No comments: