Friday, February 21, 2014

အဲဒီသရုပ်ဆောင်ဆိုသူလူဆိုးရဲ့ ဗီဒီယိုတွေကို ၀ိုင်းဝန်းသပိတ်မှောက်ခြင်းဖြင့် လူ့ အသိုင်းအ၀ိုင်းမှ ဖယ်ကြဉ်ပေးကြပါ......

** တရားဥပဒေ စိုးမိုးမှု့ ကို မေးခွန်းထုတ်သင့်ပြီ **

ဗီဒီယိုသရုပ်ဆောင် နေသူရိန်၊ အမည်ရင်း စနေထွန်း (၇၇) ဗီဒီယို ထုတ်လုပ်ရေး မိသားစု၏ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက် (၁၁း၃၀) အချိန်ခန့်နှင့် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ညနေ (၆း၃၀) အချိန်တို့တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်း၊ မီးပွိုင့်တွင် တာဝန် ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတစ်ဦးအား အုပ်စုဖြင့် ၀ိုင်းဝန်းအနိုင်ကျင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုများကြောင့် ဒဏ်ရာများ ရရှိခဲ့သော ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးသောင်းဒန်၊ ကိုယ်ပိုင် အမှတ် -လ/၁၉၇၇၅၄ က ဗီဒီယို သရုပ်ဆောင် နေသူရိန်ကို အမှုဖွင့် အရေးယူပေးရန် တိုင်ကြားခဲ့ကြောင်း မြန်မာသံတော်ဆင့် သတင်းဌာနသို့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့က လာရောက် ပြောကြားသည်။

ကျွန်တော် တပ်ကြပ်ကြီး သောင်းဒန် ကိုယ်ပိုင်အမှတ်-လ/ ၁၉၇၇၅၄ မှ ရင်ဖွင့်လိုက်ပါသည်။ ဖြစ်စဉ်က ဒီလိုပါ ကျွန်တော် တာဝန်ကျနေသည့် ကန်တော်ကြီးပတ်လမ်း မီးပွိုင့်တွင် ၉-၂-၂၀၁၄ (၁၁း၃၀) နာရီအချိန်ခန့် မီးပွိုင့်ပြင်တဲ့အဖွဲ့ မီးပြန်ချိန်ရန် ပြုပြင်နေစဉ် မီးပွိုင့်မီးဖြတ် လိုက်တယ်။ တာဝန်အရ ကျွန်တော် ကားတွေကို ထိန်းရတယ်၊ လက်ထွက်ပြရတယ်၊ အဲဒီမှာ ၇ဃ/၇၇၇၄ ကားက ဖရီးကြောက တည့်ထွက်လာတယ်၊ ထွက်လာတဲ့ကားကို လက်ပြပြီး တားထားတယ်၊ ဒီကားကမရပ်ဘူး။ ဆက်မောင်းလာပြီးပွိုင့်အလယ်ကောင် အထိရောက်လာတယ်၊ သူတို့ကကားပေါ်က ဆင်းလာပြီး မင်းကဘာကောင်မို့ ငါ့ကားကိုတားတာလဲ၊ ဘာဖြစ်တယ်/ညာဖြစ်တယ်ဆိုပြီး ကျွန်တော်ကို ရန်လုပ်တယ်၊ ကျွန်တော်က ညီလေး ဆက်မောင်းသွားဖို့ ဆက်ပြောတယ်၊ ဖရီးကြောက ထွက်လာလို့ ဟိုဘက်ယာဉ်နဲ့တိုက်မိမှာစိုးလို့ ယာဉ်ကြောကို ပိတ်တာလို့ ကျွန်တော်က ပြောတယ်၊ မရဘူး။ သူက ကျွန်တော့် ယူနီဖောင်းအင်္ကျီကို ဆောင့်ဆွဲတယ်၊ကျွန်တော်က တာဝန် ထမ်းဆောင်နေတယ်၊ မင်း အဲဒီလိုတော့ မလုပ်နဲ့၊ မလုပ်သင့်ဘူး။ လို့ပြောတယ်၊ နောက်ထပ် တစ်ကြိမ်လည်း ဆက်ကာဆက်ကာ ဆောင့်ဆွဲတာ လုပ်တာပေါ့နော်၊ ကျွန်တော်က သူ့ကို ပြန်ဆောင့်တွန်းလိုက်တယ်၊ အဲဒီမှာ သူ့ကားထဲက အမျိုးသမီးတစ်ယောက် ထွက်လာတယ်။ သူနဲ့အတူပါလာတဲ့ အမျိုးသမီးက သူ့ကို ထိန်းပြီး အမျိုးသမီးက ချုပ်ပြီး ခေါ်သွားတဲ့အချိန် ကျွန်တော်က ရန်ထပ်မဖြစ် စေချင်တဲ့အတွက် သိမ်ဖြူလမ်းက ကားကို ကန်တော်ကြီး ဟိုတယ်ဘက် ကွေ့ကားကို ထွက်သွားခိုင်း လိုက်တယ်၊ သူလည်း ဆက်မောင်း သွားတယ် ကျွန်တော်တပ်ဖွဲ့မှူးကို ချက်ချင်း သတင်းပို့တယ်။ နောက်နေ့ ၁၀-၂-၂၀၁၄ ညနေ ၆း၃၀ အချိန် ဂျာမနီ သမ္မတ လမ်းကြောင်းရှိတယ်၊ ယူနီဖောင်း အပြည့်အစုံ ရောင်ပြန်အင်္ကျီ ၀တ်ထားတယ်။ ကျွန်တော့်ရဲ့ အနားမှာ စည်ပင် အမျိုးသမီး တစ်ယောက်ပဲ ရှိတယ်။

အဲဒီ စည်ပင်အမျိုးသမီးက ဟိုဘက်မှာ ရပ်နေတယ်၊ ကျွန်တော်က ဒီဘက်မှာ ရပ်နေကြတယ်။ အဲဒီအချိန်မှာ သူတို့ကား ပထမနေ့ကကား ၉ဃ/၇၇၇၄ အဲဒီ ကားနဲ့ထပ်ပြီး မိသားစု ရောက်လာတယ်။ အဲဒီကားထဲက အဘိုး ကြီးတစ်ယောက်ကို ဦးလေး ကျွန်တော်ရှင်းပြမယ်၊ မင်းတို့ ဘာဖြစ်တာလဲတဲ့။ ကျွန်တော် ရှင်းပြတာကို ဆုံးအောင် နားထောင်ပြီးမှ ဦးလေး ကြိုက်သလို ဆုံးဖြတ်ပါလို့ ကျွန်တော်က ပြောတယ် ရှင်းပြဖို့ လုပ်နေတုန်း ရှိသေးတယ်။ဟိုဘက်က သူနဲ့ပါလာတဲ့ သုံးလေးယောက်ကပေါ့။ ၀ိုင်းပြီဆွဲတယ် တုတ်တွေနဲ့ ရိုက်မလိုလုပ်၊ ခဲနှင့်ထုမယ့်သူကလည်း ခဲနဲ့ထုမယ့်ပုံ အဲဒီလိုလုပ်ကြတယ်၊ နောက်ထပ် ဘာလုပ်သလဲဆိုတော့ အရပ်ပုပုနဲ့ လူက ကျွန်တော့်ကို ခဲနှင့်လိုက်ထုဖို့ လုပ်တယ်၊ ပထမနေ့က လာတဲ့ ယာဉ်မောင်းက ၉ဃ/၇၇၇၄ ယာဉ်မောင်း သူက ကျွန်တော့်ကို စည်ပင်အမျိုးသမီးဆီက တံမြက်စည်းကို ယူပြီး ကျွန်တော့်ကို ရိုက်မယ် လုပ်တယ်၊ ကျွန်တော် ရှင်းပြနေရင်လည်း ကျွန်တော်ပဲ အရိုက်ခံရမှာ ဖြစ်တယ်၊ အဲဒီကားထဲမှာ ပါလာတဲ့ အသက် ၅၀ ၀န်းကျင် အမျိုးသမီးကြီးကလည်း သူ့ဖိနပ်နဲ့ကျွန်တော့်ကို လိုက်ရိုက်တယ်၊ လိုက်ရိုက်တော့ ကျွန်တော့် လက်နဲ့ ကာတယ်၊ ဟိုဘက်ကလည်း လိုက်ရိုက်တယ်၊ အဘိုးကြီးကလည်း ဆောင့်ဆွဲတယ်။ လက်ကိုင် ထားတယ် အတင်းရုန်းထွက်တယ်၊ ကျွန်တော့်ကို ချုပ်သလို ဖြစ်နေတယ်။ အတင်း လက်ကိုဆွဲဖြုတ် လိုက်တယ်၊ စုစုပေါင်းအားလုံး (၇)ဦးလောက် ရှိတယ်။ ကျွန်တော် ဒီမီးပွိုင့်နားမှာ ဆက်ရပ်နေရင်လည်းကျွန်တော့်ကို ၀ိုင်းလုပ်ကြတော့မှာ၊ အဲဒီတော့ ပွိုင့်အလယ်နားမှာ သွားရပ်လိုက်ပြီး စကားပြောစက်ကို ကိုင်ထားတယ်၊ အရပ်ပုပုနဲ့လူက ကျွန်တော့်ကို လိုက်ကန်တယ်၊ ပြီးတော့ စကားပြောစက် ကိုင်ထားတဲ့ လက်ကို ထပ်ကန်တယ်၊ စကားပြောစက်ကို ကျွန်တော် ဆုပ်ထားတယ်၊ ဆုပ်ထားတဲ့ လက်က ဒဏ်ရာရပြီး ဖူးရောင် သွားတယ်၊ ဆေးရုံ ပြကြည့်တော့ အရိုးနည်းနည်း အက်သွားတယ်တဲ့၊ လက်က ရောင်နေတယ်၊ အခုလက်ကို ကျောက်ပတ်တီး စည်းထားရတယ်၊ အဲဒီ စကားပြောစက်ကလည်း အောက်ပြုတ်ကျသွားတယ်၊ ယူနီဖောင်းအင်္ကျီကခရာကြိုးလည်း ပြုတ်ကျသွားတယ်၊စည်ပင်အမျိုးသမီးက ခရာကိုကောက်ပြီး ကျွန်တော့် ကျောပိုးအိတ်ထဲကို ထည့်ပေးလိုက်တယ်။ ဝေါ်ကီတော်ကီလည်းကွဲသွားတယ်။ အဲဒါကိုသူတို့ ယူသွားကြတယ်၊ ကျွန်တော်ဒါတွေ လုပ်ကြံပြီး ပြောတာ မဟုတ်ပါဘူး၊ ကျွန်တော်ကိုယ်တိုင် တရားလိုလုပ်ပြီးမင်္ဂလာတောင်ညွှန့် ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ကျွန်တော် ဒီဖြစ်စဉ်မှာ လိမ်ညာပြီးပြောခဲ့တာ တစ်ခုမှ မပါပါဘူး၊ ကျွန်တော့် အထက် တာဝန်ရှိ လူကြီးများကိုလည်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။ မဟုတ်မမှန် လုပ်ကြံပြီး သူတို့က ကျွန်တော့် ကိုတောင် ပြန်အရေးယူမည့် သဘော ဖြစ်နေကြပါသည်။ ကျွန်တော့်အထက် တာဝန်ရှိသူ များကလည်း ကျွန်တော့်ဘက်က ရပ်တည်ပေးသည့် အရိပ်အယောင် မတွေ့ရပါ။ “လက်ကို မီးပွားကျရင် ခွေးပေါ်ခါချ”တဲ့သဘောမျိုး ဖြစ်နေပါသည်။ ငွေများတရားနိုင် သူတို့ဘယ်လို ၀င်ထားကြသည် မသိ၊ ကျွန်တော်ကတော့ ဖြစ်စဉ် အမှန်အတိုင်း ဖြစ်စေချင်ပါသည်။ ငွေရှင်ကြေးရှင် စီးပွားရှင်ဘက် မလိုက်ဘဲ နိုင်ငံ့တာဝန် ထမ်းဆောင် နေသည့် ဂျူတီအချိန်မှာ တာဝန်ကျ နိုင်ငံ့ဝန်ထမ်းတစ်ဦးကို ကိုယ်ထိလက်ရောက် အုပ်စုဖွဲ့ မင်းမဲ့စရိုက်ဆန်စွာ အနိုင်ကျင့်သွားသည့် အမည်ရင်း စနေထွန်း၊ ဗီဒီယို သရုပ်ဆောင်နေသူရိန်၊ (၇၇) ဗီဒီယို ထုတ်လုပ်ရေး မိသားစု (နောက်မှသိရ)အား ဘက်မလိုက်ဘဲ အမှန်အတိုင်း အရေးယူပေးပါရန် နိုင်ငံတော် အကြီးအကဲများအား ရင်ဖွင့် တင်ပြလိုက်ရပါသည်ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

တာမွေအောင်ကို

No comments: