Saturday, February 22, 2014

အံ့သြမိတယ်။ ပြီးတော့ စိတ်မကောင်း ဖြစ်မိတယ်။

အံ့သြမိတယ်။ ပြီးတော့ စိတ်မကောင်း ဖြစ်မိတယ်။

ငယ်ငယ်တုန်းက ပန်းတွေ ခူးပြီး ခြွေပစ်တဲ့ လူတွေ တွေ့ဖူးတဲ့အခါ အံ့သြမိတယ်။ အသုံးပြုဖို့လဲ မဟုတ်ပဲနဲ့ ဘာလို့ ဖျက်လိုဖျက်ဆီး လုပ်ချင်တဲ့ စိတ်တွေ ရှိနေတာပါလိမ့် ဆိုပြီးတော့ပါ။ နောက်ပိုင်းမှာတော့ ပန်းတွေကိုသာမက လူတွေရဲ့ ဘ၀တွေကိုပါ ဖျက်လိုဖျက်ဆီး လုပ်တတ်တဲ့ အဖျက်သမားတွေ အများကြီးပါလားဆိုတာ သတိထားမိသွားတယ်။ သြော်- ဒီလိုလူတွေလဲ ရှိသေးတာကိုး။

ဒီလိုလူတွေနဲ့ ကြုံဆုံခဲ့ရတဲ့ ဖြစ်ရပ်တွေအများကြီးပါပဲ။ မကြာသေးခင်မှာ ကြုံထားရတဲ့ ဖြစ်ရပ်လေးနှစ်ခုမှာဆို ပါဝင်လုပ်ဆောင်သူတွေကို အံ့သြမိပါရဲ့။

ပထမဖြစ်ရပ်ကတော့ လူငယ်ခေါင်းဆောင်သင်တန်းတခုမှာပါ။ လူငယ်များရဲ့ စွမ်းရည်ဖွံ့ဖြိုးရေးကို ရည်ရွယ်ပြီး၊ မအားတဲ့ကြားထဲက အချိန်ဆွဲထုတ်ပြီး ပေးတဲ့ သင်တန်းလေးပါ။ ခန်းမ နေရာက ကျဉ်းတာကြောင့် လျှောက်တဲ့လူများပေမယ့် လူနှစ်ဆယ်ကျော်လောက်ကိုပဲ ရွေးချယ်ပေးနိုင်ပါတယ်။ အဲဒီသင်တန်းတခုမှာ လူတရာကျော်ထဲမှာ အဖွဲ့တခုက လူပေါင်းများစွာ လျှောက်လွှာတင်လာပါတယ်။ သင်တန်းပေးနေကြသူများလဲ ဖြစ်တဲ့အတွက် ပိုမိုပြန့်နှံ့သွားစေရန် ရည်ရွယ်ပြီး၊ လူနှစ်ဆယ်ကျော်မှာ တ၀က်ခန့်ကို သူတို့အဖွဲ့ကနေ ရွေးချယ်ပြီး တက်ရောက်စေခဲ့ပါတယ်။ တကယ့်ကို စေတနာ အရိုးခံနဲ့ပါ။

ဒီလိုနဲ့ သင်တန်းဖွင့်တဲ့ နံနက်ရောက်တော့ ကိုးနာရီ စတာမှာ ရှစ်နာရီ ခွဲကျော်တော့မှ တယောက်ပြီးတယောက် ဖုန်းမက်ဆစ်ပို့ပြီး မတက်နိုင်တော့ကြောင်း ပြောလာကြပါတယ်။ သင်တန်းတက်ရောက်ခွင့်ရကြောင်း အကြောင်းကြားခင်ကတည်းက မတက်နိုင်ဘူးဆိုရင် ကြိုပြောသင့်ပါတယ်။ တဖွဲ့လုံးကလဲ သင်တန်းဖွင့်ဖို့ နာရီဝက်၊ ၁၅ မိနစ်အလိုကျမှပဲ တပြိုင်တည်း အကြောင်းကြားကြတာ ဖြစ်ပါတယ်။ ကိုယ်တိုင်လဲ သင်တန်းများဆိုင်ရာ အဖွဲ့တွေမှာ ပါဝင်ပတ်သက်နေပြီး၊ အခြားသင်တန်းတခုကို ဒီလိုပြုလုပ်တယ်ဆိုတာ ကျင့်ဝတ်ပိုင်း၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာမှာ အလွန်လွဲချော်တဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်မဘက်ကတော့ အံ့သြမိတာကလွဲလို့ ဘာမှ ထိခိုက်ခြင်း မရှိပါ။ လုပ်တဲ့ အလုပ်တခုကို ဘာအကြောင်းကြောင့်မှ နောက်ဆုတ်ဖို့ မစဉ်းစားတတ်သူ ကျွန်မအတွက် သင်တန်းကိုလဲ မရမနေ ဆက်ဖွင့်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ထိခိုက်သွားသူတွေ ရှိခဲ့ပါတယ်။ သင်တန်းတက်ခွင့် အရွေးမခံလိုက်ရသူတွေပါ။ ကျွန်မရဲ့ စေတနာအရိုးခံ၊ မည်သူ့ကိုမှ မပြိုင်ဆိုင်တတ်မှု၊ တရားမျှတမှုကို အခွင့်ကောင်းယူသွားမှုကြောင့်၊ သင်တန်းတက်လိုသော ဆန္ဒမပြည့်ဝခဲ့ရသူများအတွက် စိတ်မကောင်း ဖြစ်မိပါတယ်။

ဒုတိယဖြစ်ရပ်ကတော့ သင်တန်းတက်ချင်ကြောင်း ဒေသခံလူငယ်များက တောင်းဆိုကြတဲ့အတွက် လူငယ်အဖွဲ့တခုမှ သင်တန်းစီစဉ်ပြီး၊ ကျွန်မကို သင်တန်းပေးဖို့ ဖိတ်ကြားထားရာမှာ အားလုံးစီစဉ်ပြီးတော့မှ၊ သင်တန်းခန်းမအတွက် ငှားရမ်းခ ကြိုတင်ငွေများ၊ နေ့လည်စာကျွေးရန် အစားအစားပါဆယ်များအတွက် ကြိုတင်ငွေများ ပေးချေပြီးကာမှ သင်တန်းလုပ်ခွင့်ကို အနီးကပ် ပိတ်ပင်မှု ဖြစ်ပါတယ်။ ကျွန်မ ကတော့ ဘာပုဒ်မ မကလို့၊ ဥပဒေစာအုပ်တွေထဲက ပုဒ်မ အားလုံးပေါင်းပြီး အရေးယူရင်တောင် ဂရုစိုက်မယ့်လူ မဟုတ်ပေမယ့်၊ စီစဉ်သူလူငယ်များကို ငဲ့ပြီး၊ အခြားနေရာကို ရွှေ့ဖို့ အကြံပြုပေးခဲ့ပါတယ်။ မလိုအပ်ပဲ ငွေတွေ၊ အချိန်တွေ အများအပြား ဆုံးရှုံးသွားခဲ့ရပါတယ်။ ပိုပြီးဆိုတာက ဒေသခံလူငယ်လေးတွေက စိတ်မကောင်းဖြစ်ကြရတာ ဖြစ်ပါတယ်။

လူငယ်ဆိုတာ နိုင်ငံရဲ့ အနာဂတ်မျိုးဆက်ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံကြီးကို လူငယ်မျိုးဆက်တွေရဲ့ လက်ထဲမှာ ထားခဲ့ကြရမှာပါ။ ဒီလူငယ်လေးတွေရဲ့ အသိပညာတွေ ဖွံ့ဖြိုးရှင်သန်သွားတာ တိုင်းပြည်အတွက် ဘာများ နစ်နာသွားမှာမို့လဲရှင်။

အံ့သြမိတယ်။ ပြီးတော့ စိတ်မကောင်းလဲ ဖြစ်မိပါရဲ့။

No comments: