Friday, February 21, 2014

ထိုင်းအစိုးရ စပါးစီမံကိန်းက သင်ခန်းစာယူစရာ....

ထိုင်းအစိုးရ စပါးစီမံကိန်းက သင်ခန်းစာယူစရာ.... (20/2/2014)
လယ်ထွန်းစက်တွေ ထော်လာဂျီကားတွေ အစီး ၅ဝဝ ကျော်နဲ့ လယ်သမားတွေဟာ ဘန်ကောက်မြို့မြောက်ဘက်အရပ်ကနေ ဘန်ကောက်ကို ဦးတည်ပြီးချီတက်လာနေကြပါတယ်။
ဘန်ကောက်မြို့ စူဝမ်းနဖုမ်း လေဆိပ်ကို သွားပြီးဆန္ဒပြမယ်လို့ ပြောနေပါတယ်။ ဘန်ကောက်က ကုန်သွယ်ရေးဝန်ကြီးဌာနမှာလည်း ရာနဲ့ချီတဲ့ လယ်သမားတွေ စုရုံးဆန္ဒပြနေတာ ရက်အတော်ကြာနေပြီဖြစ်ပါတယ်။ အစိုးရကို ရောင်းထားတဲ့ စပါးအကြွေးက တစ်နိုင်ငံလုံးဆိုရင် ဘတ်ငွေသန်းပေါင်း ၁ သိန်း ၃ သောင်းကျော်ဖြစ်ပြီး မြန်မာကျပ်ငွေနဲ့တွက်ရင်တော့ သန်းပေါင်း ၄ သန်းနီးပါးဖြစ်ပါတယ်။
စပါးကြွေးတွေကို အစိုးရမပေးနိုင်သေးတာ အခုဆိုရင် ၅ လကျော်လာနေပြီဖြစ်ပေမယ့် ဘယ်နေ့ပေးနိုင်မလဲ ဆိုတာကိုကလည်း အစိုးရက ကတိမပေးနိုင်သေးဘူးဖြစ်နေတယ်။ ဒါကြောင့် လယ်သမားတွေ ဆန္ဒပြနေကြတာဖြစ်ပါတယ်။
အခုပြဿနာတက်လာတဲ့ အစိုးရရဲ့စီမံကိန်းနဲ့ပတ်သက်ပြီး တောင်သူလယ်သမား အသင်းဥက္ကဌ ပရာ့စစ် ဘွန်းချွေအခုလိုရှင်းပြပါတယ်---

(လယ်သမားတွေ ဝင်ငွေကောင်းအောင်း စပါးတစ်စေ့မကျန် ဝယ်ယူရေးစီမံကိန်းဆိုပြီး အစိုးရက မဲဆွယ်ပွဲမှာ ချပြခဲ့တယ်။ ထောက်ခံမဲအများစုရပြီးနောက် ဝန်ကြီးချုပ်ယင့်လတ် ချင်နဝပ် အစိုးရက လယ်သမားတွေဆီက စပါးကို ကာလပေါက်ဈေးထက် ထက်ဝက်ကျော်ဈေးနဲ့ဝယ်ခဲ့တယ်လို့ပြောပါတယ်။)
စပါးတစ်တန်ကို မြန်မာကျပ်ငွေနဲ့ဆိုရင် ၄ သိန်းခွဲလောက်ကျတဲ့ဈေးနဲ့ အစိုးရကဝယ်ယူခဲ့ပါတယ်။ ကာလပေါက်ဈေးထက် ထက်ဝက်ကျော်မြင့်နေတဲ့အတွက် စီမံကိန်း ၂ နှစ်ကျော်ကာလအတွင်း အရှုံးပေါ်တဲ့ငွေက ကျပ်ငွေနဲ့ဆိုရင်သန်းပေါင်း ၁၂ သန်းကျော်ဖြစ်တယ်လို့ တောင်သူလယ်သမားအသင်းဥက္ကဌကပြောပါတယ်။
အစိုးရက ပေါက်ဈေးထက်မြင့်ပြီဝယ်ပေးတဲ့အတွက် လယ်သမားတွေအတွက် အကျိုးမရှိဘူးလား လယ်သမားတွေက ဒီစီမံကိန်းက ဘာကြောင့်ဆန့်ကျင် ဆန္ဒပြနေသလဲလို့ တောင်သူလယ်သမားအသင်းဥက္ကဌ ပရာ့စစ် ဘွန်းချွေကို မေးကြည့်တော့----

(ဒီစီမံကိန်းက လယ်သမားတွေကို ကူညီဖို့လို့ အကြောင်းပြပေမယ့် လက်တွေ့မှာတော့ အစိုးရအပါအဝင်၊ အစိုးရနဲ့ပတ်သက်သူ တွေက အကျိုးအမြတ်တွေပိုရကြပါတယ်။ အကတိလိုက်စားမှုတွေလည်းအကြီးအကျယ်ရှိခဲ့ပါတယ်။
အခုအရှုံးပေါ်ငွေ ကိုပြန်ကြည့်ရင် လယ်သမားကိုပေးရတဲ့ငွေက တဝက်မရှိဘူး။ စပါးကြိတ်ခ၊ ဂိုဒေါင်မှာ ထိန်းသိမ်းထားခ သယ်ယူပို့ဆောင်စရိတ် စတဲ့ အစိုးရ အသုံးစရိတ်တွေက ပိုများပါတယ်။ စပါးအမျိုးအစားတိုင်းကို တစ်ဈေးထဲသတ်မှတ်ပြီးဝယ်တဲ့ အတွက်လည်း တခိျု့လယ်သမားတွေကလည်း အရေအသွေးမမီ အမြတ်များတဲ့ စပါးစိုက်ပြီး အစိုးရကိုရောင်းတယ်။ အဲ့ဒီတော့ ဆန်တွေက အရေအသွေးကျပြီး ပြည်တွင်းမှာရော နိုင်ငံခြားမှာပါ ဈေးကွက်ပျက်ကုန်တယ်။ ဒါကြောင့်လည်း အစိုးရမှာရှိတဲ့ ဆန်တွေ ရောင်းလို့မရဘူး။ အစိုးရက ငွေလည်ပတ်လို့မနိုင်တော့လို့ လယ်သမားတွေကို ပေးဖို့ငွေမရှိတော့ဘူးဖြစ်နေတယ်။ လယ်သမားတွေဘက်ကိုကြည့်ရင်လည်း စပါးကြွေးမရလို့ အခက်အခဲဖြစ်နေတဲ့အပြင် အခုဆိုရင် စိုက်စရိတ်တွေလည်းမြင့်တက်လာလို့ လယ်သမားတွေလည်အကျိုးအမြတ်နည်းလာတယ်။ ဒီလိုဖြစ်မှာ ကိုအစကတည်း ကသတိပေးခဲ့တယ်။ အစိုးရက ဈေးကွက်ထဲကို ပါဝင်ဖို့မလိုဘူး၊ လယ်သမားတွေ စပါးများများထွက်အောင်၊ စိုက်စရိတ်သက်သာအောင်ပဲလုပ် ပေးဖို့ပြောတယ်၊ အစိုးရက နားမထောင်ဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရက ထောက်ခံမဲရဖို့လုပ်တဲ့စီမံကိန်းဖြစ်လို့ ပြောသွားတာဖြစ်ပါတယ်။ )

No comments: