Monday, February 24, 2014

ဆရာတော် ဦးစန္ဒာသီရိနှင့် တွေ့ဆုံခြင်း



မန္တလေးမြို့တော်တွင် ဖေဖော်ဝါရီလ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် စာပေ ဟောပြောပွဲ ကျင်းပခဲ့ရာ ဟောပြောပွဲ ပထမရက်နေ့တွင် ကိုမြအေး ဟောပြောမည်ကို မြို့ခံ သံဃာတော်အချို့ ကန့်ကွက်မှုနှင့် ပတ်သက်၍ သံဃာငယ်များကို ခေါင်းဆောင်ပြီး ဝင်ရောက် ကန့်ကွက်သည့် မန္တလေးမြို့တော် ၈၃x၃၃ လမ်းရှိ ဗုဒ္ဓတက္ကသိုလ် ဒုတိယနှစ် တက်ရောက်နေသော သံဃာတစ်ပါးဖြစ်သူ ဝါတော် ၁၇ ဝါ၊ သက်တော် ၃၇ ရှိသော အရှင်စန္ဒာသီရိနှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

Voice : မဟာအောင်မြေ စာပေ ဟောပြောပွဲမှာ ဦးပဉ္စင်း ဦးဆောင်ပြီး ကန့်ကွက်ရတဲ့ အကြောင်းအရင်းကို မိန့်ပါဦးဘုရား။

ASSDTR : ဦးပဉ္စင်းတို့ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံ ရန်ကုန်မြို့မှာလုပ်တဲ့ စာပေ ဟောပြောပွဲတွေ ဘာသာခြား လူမျိုးခြားက ဟောပြောတာ မလိုလားဘူး။ မလိုလားတဲ့အတွက် မြောက်ဥက္ကလာပနဲ့ ရွှေပြည်သာမှာလည်း ကန့်ကွက်ခဲ့ကြတယ်။ မန္တလေး သံဃာထုက ရန်ကုန် သံဃာထုနဲ့ တစ်ထပ်တည်းပါပဲ။ ဦးပဉ္စင်းတို့ ဆန္ဒကို ဖော်ပြချင်တဲ့ အချက်ရယ်၊ ဟောတဲ့လူက လူမျိုးခြား ဘာသာခြား ဖြစ်နေလို့ပါ။ ဘာကြောင့် ကန့်ကွက်ရသလဲ ဆိုရင် မန္တလေးက သံဃာ့မြို့တော် ဖြစ်နေတာကိုး။ သံဃာ အင်အားက အများကြီး။ သံဃာတော်တွေရဲ့ လူမျိုးခြား ဘာသာခြား မလိုလားတဲ့ဆန္ဒ တစ်ထပ်တည်း ဖြစ်အောင် ကန့်ကွက်တာပါ။ နောက်တစ်ချက်က မန္တလေး သံဃာ အင်အားများတဲ့အတွက် သူဟောပြောတဲ့ အပေါ်မှာ မလိုလားအပ်တဲ့ ပြဿနာဖြစ်မှာ စိုးလို့ပါ။ ဗိုလ်ချုပ်ကိုတော့ အဖေလို ချစ်ပါတယ်။ ပြည်သူရော သံဃာတော်တို့ ကပါ ဗိုလ်ချုပ်ရဲ့မွေးနေ့မှာ အဲဒီပုဂ္ဂိုလ် ဟောပြောတာကို မလိုလားတဲ့ အတွက် မန္တလေးက သံဃာငယ်တွေက ဦးဆောင် ကန့်ကွက်တာပါ။ ကန့်ကွက်တဲ့နေရာမှာ ဦးပဉ္စင်းတို့က အကြမ်းဖက် ကန့်ကွက်တာ မဟုတ်ပါဘူး။ ထွေအုပ်ရုံးမှာ စာတင်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကန့်ကွက်တာပါ။

Voice : ကိုမြအေးအပေါ် ဘယ်လို မြင်ပါသလဲ။

ASSDTR : ကိုမြအေးအပေါ် ဘယ်လိုမြင်သလဲ ဆိုတော့ သူ့သမီးက စပြီး ပြောရမယ်၊ သူ့သမီးက ဘားမားကန်ပိန်းမှာ သူပြောတဲ့ စကားတွေ ရှိတယ်။ ဘယ်လို ပြောသလဲဆိုတော့ မြန်မာနိုင်ငံကို ပုတ်ခတ် ပြောဆိုတဲ့၊ ရခိုင် တိုင်းရင်းသားတွေနဲ့ ပဋိပက္ခ ဖြစ်နေတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာ၊ ရိုဟင်ဂျာလို့ တဖွဖွသုံးပြီး ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ပုတ်ခတ် ပြောဆိုတဲ့အတွက် သူ့စကားတွေက သံဃာတော်တွေကို အများကြီး ထိခိုက်စေတယ်။ မြန်မာ သံရုံးတွေရှေ့မှာ သူပြောတဲ့ စကားတွေက ပြည်သူတွေ သိပါတယ်။ အဲဒီလို ပြောနေတဲ့ဟာကို အဖေဖြစ်သူက လုံးဝ တားမြစ်ချက် မရှိပါဘူး။ ဒါကြောင့် ကိုမြအေးကို ယုံလို့မရဘူး။ ရခိုင်ကိစ္စ ဖြစ်နေတဲ့အချိန်မှာ သူ့သမီး ပြောတဲ့ စကားတွေကို မတားမြစ်ခဲ့ဘူး။ ဘာလို့ မတားသလဲ ဆိုတာ သံဃာထုကြားမှာ သံသယ ပိုကြီး ထွားလာပြီး ဒီ ကိုမြအေး ဟောပြောမှုကို ကန့်ကွက်တာပါ။

Voice : အရှင်ဘုရား ဦးဆောင်တဲ့ သံဃာတွေက စာပေ ဟောပြောပွဲ ကန့်ကွက်တဲ့ အပေါ်မှာ ပြည်သူကို ဘာပြောချင်ပါသလဲ။

ASSDTR : ဘယ်နေရာပဲ ဖြစ်ဖြစ်၊ အမျိုးသားရေးမှာပဲ ဖြစ်ဖြစ်၊ ပါတီနိုင်ငံရေး လောကကဖြစ်ဖြစ် အမျိုးဘာသာ သာသနာအပေါ် လုံခြုံစိတ်ချရမှ အားလုံးအပေါ်မှာ တန်းတူညီမျှ ထားနိုင်မယ်၊ မြန်မာနိုင်ငံလို ဗုဒ္ဓဘာသာနိုင်ငံမှာ အမျိုးသားရေးကိုပဲ ဦးစားပေးရမယ်။ နောက် လူ့အခွင့်အရေး ဆိုတာကိုလည်း ပြောချင်တယ်။ လူ့အခွင့်အရေးဆိုတာ တစ်ဦးတစ်ယောက်ချင်းရဲ့ အခွင့်အရေးလို့ မြင်တယ်။ အမျိုးသား အခွင့်အရေးကတော့ တိုင်းရင်းသား ၁၃၅ မျိုးရဲ့ အခွင့်အရေးပဲ။ ပြည်သူတွေအနေနဲ့ လူ့အခွင့်အရေးနဲ့ အမျိုးသားရေး ဆိုတာ ခွဲခြားပြီး မြင်စေချင်တယ်။ နောက်ထပ် ပြောရရင် အိမ်ရှင် အခွင့်အရေးနဲ့ ဧည့်သည် အခွင့်အရေး ဆိုတာကိုလည်း ပြည်သူတွေအနေနဲ့ ခွဲခွဲခြားခြား သိမြင် စေချင်ပါတယ်။

တင်လင်း

No comments: