Thursday, February 20, 2014

မလေးရှား ရဲက မြန်မာ့ နိုင်ငံရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေကို အနီးကပ် စောင့်ကြည့် လေ့လာနေ

မလေးရှားနိုင်ငံမှာ ဒီလဆန်းပိုင်းက မြန်မာ့ နိုင်ငံရေးလှုပ်ရှားသူတစ်ဦး အသတ်ခံရမှုနဲ့ ရခိုင်တိုင်းရင်းသား ပါတီ ခေါင်းဆောင်တွေကို လုပ်ကြံဖို့ ကြိုးပမ်းမှုတွေနဲ့ ဆက်နွယ်ပြီး မြန်မာ့ နိုင်ငံရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေကို အနီးကပ် စောင့်ကြည့် လေ့လာနေတယ်လို့ မလေးရှား ရဲ စစ်ဆေးရေးမှုးချုပ် ခါလစ် အဘူဘက္ကာက ပြောပါတယ်။
မလေးရှား နိုင်ငံမှာ မြန်မာနိုင်ငံသားတွေလည်း အများအပြား ရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စတွေ မလေးရှားကို ကူးစက်လာတာမျိုး မဖြစ်စေချင်လို့ စောင့်ကြည့်နေရတဲ့အကြောင်း ရဲစစ်ဆေးရေးမှုးချုပ် ခါလစ် အဘူဘက္ကာက ပြောတာပါ။ ဒါ့အပြင် မြန်မာနိုင်ငံက နိုင်ငံရေးသမားတွေ မလေးရှားမှာ လာရောက်ပြီး အစည်းအဝေးတွေ၊ တွေ့ဆုံပွဲတွေ ကျင်းပတာကိုလည်း ခွင့်မပြုဘူးလို့ သူက ဆိုပါတယ်။ ဒါပေမယ့် မလေးရှားဟာ လွတ်လပ်တဲ့နိုင်ငံ ဖြစ်တဲ့အတွက် တရားဝင် စာရွက်စာတန်း ကိုင်ဆောင်ထားသူ ဆိုရင်တော့ ပြည်ဝင်ခွင့်ကို ပိတ်ပင်မှာ မဟုတ်ဘူးလို့ ရဲစစ်ဆေးရေးမှုးချုပ် ခါလစ် အဘူဘက္ကာ က ပြောပါတယ်။

လုပ်ကြံဖို့ ကြံစည်တာကို ခံရတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း သူတို့ ရခိုင်တိုင်းရင်းသား အဖွဲ့ကို သေနတ်နဲ့ ပစ်ခတ်တဲ့ အမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ အမှုဖွင့်ထားပြီး ထွက်ဆိုချက် ပေးထားပေမယ့် မြန်မာနဲ့ မလေးရှား ရဲအဖွဲ့တွေက ထပ်မံ ဆက်သွယ်တာ မရှိသေးကြောင်း ဘီဘီစီကို ပြောပါတယ်။

မလေးရှားရောက် မြန်မာ အသိုင်းအဝိုင်း ကြားမှာလည်း အရင်ကထက် လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေကြောင်း သိရပါတယ်။ အထူးသဖြင့် မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံက ရောက်လာတဲ့ မွတ်ဆလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ နီးကပ်စွာ နေထိုင်၊ လုပ်ကိုင်စားသောက်ကြရလို့ အခြေအနေ တည်ငြိမ်ရေး အရေးကြီးကြောင်း ပြောကြပါတယ်။

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များရုံး စာရင်းအရ မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ သုံးသောင်းခွဲ နီးပါးနဲ့ ရခိုင်လူမျိုး ရှစ်ထောင် နီးပါးဟာ နိုင်ငံရေး ဒုက္ခသည်အဖြစ် စာရင်းပေါက်သလို မြန်မာနိုင်ငံက တရားမဝင် လာရောက် အလုပ်လုပ်သူတွေလည်း ထောင်ပေါင်းများစွာ ရှိနေကြပါတယ်။

No comments: