Tuesday, February 18, 2014

စနစ်တကျ နဲ့ ညစ်တတ် တဲ့ အစိုးရ



အခုတလော ကျေးရွာ တွေမှာ ပြည်ခိုင်ဖြိုး တွေ နာမည်ကောင်းတွေ ရလာပါတယ်။ ကျောင်းဆောက်ဖို့၊ လမ်းဖောက်ဖို့ ရေကန်ပြင်ဖို့ ပြည်ခိုင်ဖြိုးက ထုတ်ပေးတာ သူတို့ လုပ်ပေးတာ စသဖြင့် ပေါ့။
မဲတွေ ကြိုရနေသလို ဖြစ်လာပါတယ်။

လွှတ်တော်ဥက္ကဌကြီးက တစ်မြို့နယ်ကို သိန်းတစ်ထောင် စသည်ဖြင့် ရပ်ရွာဖွံ့ဖြိုးရေးလုပ်ကြဆိုပြီး ချပေးလိုက်တယ်။ ကျမတို့ ကျောက်ပန်းတောင်းမှာ ဒီချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်ရှိသလို ပြည်ခိုင်ဖြိုးက တိုင်းကိုယ်စားလှယ် ၂ယောက် နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်တို့ရှိပါတယ်။ မြို့နယ်မှာ သိန်းတစ်ထောင်ကော်မတီလည်းဖွဲ့ရော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးက ဥက္ကဌမရဘဲ အမျိုးသားလွှတ်တော်က ဥက္ကဌ ယူသွားသလို ကော်မတီဝင် ၁၅ ဦးထဲမှာ လည်း ဒီချုပ်က ၂ယောက်ပဲပါလာပါတယ်။

ရပ်ကျေး အထောက်အကူပြုအဖွဲ့ ဆိုပြီး တစ်နှစ်လောက်ကတည်း ကကြိုဖွဲ့ထားခဲ့ပါတယ်၊ ဒီလို ဖွဲ့တုံးက လည်း ရပ်ကျေးတွေမှာ ပြည်ခိုင်ဖြိုးတို့ တွေသာ နေရာယူခဲ့ပါတယ်။ 2013-14 ဘဒ်ဂျတ်မှာ သိန်းတစ်ထောင်ကို သုံးစွဲဖို့ လိုက်လံ ကြည့်ရှုရာမှာ၊ ဆုံးဖြတ်ရာမှာ လည်း ဒီချုပ်တို့ အသံဟာ မှေးမှိန်ခဲ့ရတာပေါ့။ ဒါတောင် ကျမတို့ ဆီမှာ ဒေါက်တာဇော်မြင့်မောင်ရှိသေးလို့ ကျန်တဲ့မြို့ တွေမှာ ပိုဆိုးမှာပေါ့၊

အဲ ပိုက်ဆံထုတ်ပေးတော့ လည်း ကျေးရွာဖွံ့ဖြိုးရေးရုံးတို့၊ ဘဏ်၊ မြို့နယ်အုပ်ချုပ်ရေးရုံးတို့မှာ ထုတ်မပေးဘဲ ပြည်ခိုင်ဖြိုးရုံးမှာ သွားထုတ်ရသတဲ့။ လုပ်ကွက်က ပိုင်မှပိုင်။ လူတွေ က ပြည်ခိုင်ဖြိုးက ထုတ်ပေးတယ် ပဲ ဖြစ်သွားတာပဲ။
ပြည်သူတွေ ရဲ့ ငွေတွေ သုံးပြီး ပြည်ခိုင်ဖြိုးက မဲတွေကြိုယူသွားတာ။ ဒီချုပ်တွေက လည်း ဒါကို စနစ်တကျ ပြန်လည်ချေပ ကန့်ကွက်ဖို့ ရာ အင်အားမရှိ၊ ကျေးရွာဖွံ့ဖြိုးရေးရုံးတွေ၊ ရွေးကောက်ပွဲ ကော်မရှင်တို့မှာ လည်း ဘောင်းဘီချွတ်တွေ ကြိုတင် သွင်းထားပြီးသား။ အစိုးရ ရဲ့ ညစ်ချက်က တော့ ကမ်းကုန်ပါပဲ။

ဒီလို နဲ့ ရပ်ကျေးအထောက်အကူပြုအဖွဲ့တွေ ရွာတွေမှာ နေရာရ နာမည်ကောင်းတွေ ရ လာတာပါပဲ။ ပြည်ခိုင်ဖြိုး က လူတွေက ရပ်ရွာအတွက် သိန်းဘယ်လောက် ထုတ်ပေးတာ စသည်ဖြင့် ပေါ့။ ပြည်ခိုင်ဖြိုး က မှ လုပ်ပေးတာ ဒီလို အသံလေးတွေ ထွက်လာပါပြီ။ ရွာမှာ ရှိတဲ့ ဒီချုပ်အမာခံတွေရဲ့ အသံဟာ တိမ်မြုပ်လာရပါပြီ။

ကျမတို့ မြို့မှာ တရုတ်က ချေးငွေကို ကျော်ဆန်းရဲ့ သမက ထုတ်ချေးတုံးက လည်းပြည်ခိုင်ဖြိုးတွေကို သာ ရွေးပြီးပေး၊ ဦးလှထွန်းရဲ့ စကားဝါဖောင်ဒေးရှင်းက လည်း ပြည်ခိုင်ဖြိုးတွေကိုသာ ဦးစားပေး နဲ့ ထုတ်ချေး၊ အားလုံးက ကြိုတင် အကွက်ချထားခဲ့ပြီးသားပါ။

ဒီချုပ်ထောက်ခံသူတွေ၊ စည်းရုံးရေးမှူးတွေကို လည်း ရပ်ရွာ တွေကို ရောက်အောင် လက်ရှိ ထက် နှစ်ဆသုံးဆလောက်ပို ကြိုးစားဖို့ လိုသလို ပါတီဝင် စုဆောင်းရေးကို လည်းအရှိန်အဟုန်မြှင့်သင့်သလို၊ ပါတီတွင်းညီညွတ်စွာနဲ့ စနစ်တကျ စည်းရုံးလှုပ်ရှား ဆောင်ရွက်သင့်ပါကြောင်းတိုက်တွန်းလိုက်ရပါတယ်။

မေပုပ္ပား
၂၀၁၄ ဖေဖော်ဝါရီ ၁၉ ရက်

မြို့နယ် ပေါင်းစုံ အလွှာပေါင်းစုံက ဒီလို ကိစ္စလေးတွေကို သိစေချင် လို့ ရှယ်ပေးစေချင်ပါတယ်။
အလွတ်သဘော ရွေးကောက်ပွဲ စောင့်ကြည့်မဲ့ သူတွေ ၈၈ တို့ရေ အခုကတည်း ကမြင်အောင်ကြည့်ထား ကြနော်။

No comments: