Friday, February 21, 2014

လွှတ်တော် နဲ့ သမ္မတ ကြားအားပြိုင်ရင်း ထိုးကျွေး လိုက်တာခုံရုံး......

လွှတ်တော် နဲ့ သမ္မတ ကြားအားပြိုင်ရင်း ထိုးကျွေး လိုက်တာခုံရုံး......
လွှတ်တော်နဲ့သမ္မတကြား ဥပဒေရေးရာ အငြင်းပွားမှုက ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို ရောက်ပြန်လေပြီ .....
ခုံရုံးက ဘယ်လို ဆုံးဖြတ်မယ် ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့် နေမိပါတယ်ခင်ဗျာ။

ကြားရ၊ သိရသမျှတော့ စိတ်မချမ်းမသာ ဖြစ်ဖွယ်ပဲ ခင်ဗျ။ ဘာကြောင့်ဆိုတော့ ကြားကအချောင် ငထွား ခါးနာရကိန်း နောက်တစ်ချီ လာပြန်သကိုး ခင်ဗျ။
(ဟဲ .. ဟဲ၊ ဟန်ဆောင်ရန်ဖြစ် ပြတာတော့ မဟုတ်လောက်ဘူး ထင်ရတယ်)

ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုလိုက်ပြီး ဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော် ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို သမ္မတ လက်မှတ်ထိုး အတည်ပြုဖို့အတွက် လွှတ်တော်ကနေ သမ္မတထံ ပို့လိုက်တဲ့အခါ သမ္မတက ဒီအတိုင်း ဆိုရင်တော့ မထိုးနိုင်ဘူးဆိုပြီး လွှတ်တော်ကို ပြန်ပို့လိုက်သတဲ့ ခင်ဗျ။

ဘာကြောင့် ဆိုတော့ အဲဒီဥပဒေမှာ ပါတဲ့အချက် (၁၆)ချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်၊ တည်ဆဲ ဥပဒေနဲ့ မညီညွတ်၊ ဒီမိုကရေစီ ဥပဒေတွေနဲ့ မညီညွတ်တာကြောင့် ပြင်ဆင်ဖို့ လိုအပ်တယ်လို့ သမ္မတက ယူဆတာကြောင့် ဆိုတယ် ခင်ဗျ။ ဒါကိုလွှတ်တော်က အချက် (၂)ချက်သာ ပြင်ဆင် ပေးလိုက်ပြီး သမ္မတထံ လက်မှတ်ထိုးဖို့ ပြန်ပို့လိုက်တယ် ခင်ဗျ။ သမ္မတကလည်း အကုန်လုံးမှ မပြင်ရင် လက်မှတ် မထိုးနိုင်ဘူးလို့ တင်းခံ နေလေတော့ (ဟဲ . ဟဲ . ဟဲ ) ထုံးစံအတိုင်း လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေး အရဆိုကာ ပြဋ္ဌာန်း အတည်ပြု လိုက်လေတယ် ခင်ဗျ။

ဒီနေရာမှာ ကြားဖြတ်ပြောချင်တာ တစ်ခုကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးလို့ ကန့်ကွက်မှု ရှိတဲ့ ဥပဒေတစ်ရပ်ကို အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကပဲ ပေးထားတဲ့ အခွင့်အရေးအရ ဆိုကာ အတည်ပြု ပြဋ္ဌာန်းခွင့်ရှိတဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အံ့ချီးမကုန်နိုင်ဖွယ် ပြဋ္ဌာန်းချက်ကိုပဲခင်ဗျ။

ဒီတော့ သမ္မတကလည်း အားကျမခံ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ဆိုကာ ဒီပြည်ထောင်စု လွှတ်တော် ဥပဒေပြင်ဆင်သည့် ဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်ခြင်း ရှိ၊မရှိ ဆိုတာကို စိစစ် သုံးသပ်ပေးပါဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဆီ ပို့လိုက်တယ် ခင်ဗျ။

သမ္မတက ဒီလိုခုံရုံးကို စိစစ်ဖို့ ပို့တဲ့အခါမှာလည်း လွန်ခဲ့တဲ့၂၀၁၂ ခုနှစ် အတွင်းကစပြီး လွှတ်တော်က သမ္မတ လက်မှတ်ထိုး အတည်ပြုခြင်း မပြုပေမယ့် ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ၃ ရပ်၊ ဖွဲ့စည်းပုံနဲ့ ညီညွတ်ရန် လိုအပ်ပေမယ့် လွှတ်တော် ကိုယ်စားလှယ် အများစုရဲ့ သဘောဆန္ဒကို အလေးဂရုပြုတဲ့ အနေနဲ့ သဘောထား မှတ်ချက်ပြုပြီး လက်မှတ်ရေးထိုး ပေးခဲ့တဲ့ ဥပဒေ ၄ ရပ်၊ စုစုပေါင်း ဥပဒေ ၇ ရပ်ကိုပါ ဖွဲ့စည်းပုံနဲ့ ညီမညီ စိစစ်ပေးပါလို့ အဖော်အပေါင်း အဖြစ် တစ်ပါတည်း ထည့်ပေးလိုက်တယ် ခင်ဗျ။

ဒီနေရာမှာလည်း ကြားဖြတ် ပြောခွင့်ပြုပါအုံး ခင်ဗျာ့။ သမ္မတအနေနဲ့ အခုမှ စိစစ်ပေးဖို့ ခုံရုံးကိုပို့တဲ့ ဥပဒေတွေထဲမှာ ဖွဲ့စည်းပုံနဲ့ မညီတာတွေ ပါပေမယ့် လွှတ်တော်ကိုယ်စားလှယ် အများစုရဲ့ သဘောဆန္ဒကို အလေးဂရုပြုပြီး လက်မှတ်ရေးထိုး ပေးလိုက်တယ် ဆိုတော့ ဖွဲ့စည်းပုံနဲ့ မညီလည်း အများသဘော အလေးဂရုပြုချင်တဲ့ အခါကျတော့ လက်မှတ်ရေးထိုး ပေးခဲ့တယ် ဆိုတာဟာ တကယ်လို့များ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူအကျိုးအတွက် အမှန်တကယ် အခြေပြုထားတဲ့ ဖွဲ့စည်းပုံသာဆို ပြည်သူတွေအတွက် ဥပဒေဟာ ဥပဒေအတိုင်း အမှန်ဆိုရင် အတိအကျ ဆောင်ရွက်သင့်တယ် ဆိုတာကို သမ္မတအနေနဲ့ ဂရုမစိုက် လေသလားလို့ သိချင်နေမိပါတယ်

သမ္မတက အခု ပြင်ဆင်သင့်တယ် ဆိုတဲ့ ပြည်ထောင်စု လွှတ်တော် ဥပဒေပြင်ဆင်သည့် ဥပဒေပါ အချက်(၁၆)ချက်ကို ကြည့်မယ်ဆိုရင် အချက်အလက် အများအပြားဟာ လွှတ်တော်ရဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေ အင်အားကြီးထွား လာမှာကို ဟန့်တားထားတဲ့ သဘောများသာ ဖြစ်တယ်လို့ မှတ်ယူမိပါတယ် ခင်ဗျ။ (ဘာလို့များ ရှေ့က ဥပဒေတွေလို ဖွဲ့စည်းပုံနဲ့မညီပေမယ့် အများဆန္ဒအရဆိုပြီး လက်မှတ်မထိုးပေးလိုက်သလဲ ဆိုတာတော့ စဉ်းစားသာ ကြည့်ပေတော့ ခင်ဗျ။ ဟဲ . ဟဲ )

ဒီပုံစံ အတိုင်းဆိုရင် လွှတ်တော်နဲ့ သမ္မတကြား သဘောထား မညီမှုကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက အဆုံးအဖြတ် ပြုရမယ့် မဏ္ဍိုင်သဘောမျိုး သက်ရောက်လေတယ် ခင်ဗျ။ (ဟဲ .. ဟဲ ဒါပေမဲ့လည်းပေါ့ ခင်ဗျ။)

ဘာပဲဖြစ်ဖြစ် လွှတ်တော်နဲ့ အစိုးရကြား သဘောထား မတိုက်ဆိုင်မှုမှာ ကြားထဲက ခါးနာခဲ့ရတဲ့ အဲဒီ အချိန်တုန်းက ခုံရုံးအဖွဲ့ရဲ့ အဖြစ်ဟာ လိုရာဆွဲယူ ပြဋ္ဌာန်းထားပြီး ဘယ်မဏ္ဍိုင်မှာမှ တိကျရေရာတဲ့ လုပ်ပိုင်ခွင့် မရှိအောင် စနစ်တွေ ရောယှက်နေလေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ချို့ယွင်းချက်၊ လူစွဲ၊ အာဏာစွဲတို့ကြောင့် ဖြစ်တယ်လို့ သုံးသပ်မိပါတယ် ခင်ဗျ။

အမှန်ဆိုရင် အငြင်းပွားဖွယ်ရာ အဖြစ်တွေကို မဏ္ဍိုင်ပြု ဆုံးဖြတ်စေဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ခုရဲ့ အဆုံးအဖြတ်အပေါ် တလေတစား လိုက်နာစေတဲ့ သတ်မှတ်ထားချက်တွေ ရှိရမှာ မဟုတ်လားခင်ဗျ။

( အခုတော့ ဖွဲ့စည်းပုံနဲ့ မညီဟုဆိုကာ ပြင်စေ၊ မပြင်တော့ တစ်ဖက်က အတည်မပြုပေး၊ ဒါကို ဖွဲ့စည်းပုံ အခွင့်အရေးအရဆိုကာ တစ်ဖက်က အလိုအလျောက် အတည်ပြု ထိုအခါ ဖွဲ့စည်းပုံအရဟု ဆိုကာ စိစစ်ရန်တင်၊ စိစစ်ချက်ကိုလည်း ဖွဲ့စည်းပုံအရပင် စွပ်စွဲပြစ်တင်။ ဟဲ ..ဟဲ ဂျာအေးသူ့အမေရိုက် စာချိုးကလေးကို သတိရမိတယ်ခင်ဗျ။)

အခုတစ်ခါတော့ ခုံရုံးအဖွဲ့ဟာ သူ့လူ၊ ငါ့လူဆိုတဲ့ အသံတော့ မကြားရဘူးခင်ဗျ။ ထို့အတူဘဲ ခုံရုံး အဆုံးဖြတ်ကိုလည်း ပြေပြေလည်လည် ဖြေရှင်းဖို့ ပြောသံတွေလည်း ကြားရတယ်ခင်ဗျ။ ဒီတစ်ခါ ငထွားခါးနာ အဖြစ်မျိုး မတွေ့ရနိုင်ဘူးလို့ ရဲရဲဝံ့ဝံ့ မပြောဝံ့သေးလေပါဘူး ခင်ဗျာ။

အတိအကျ ကြားနေရတာတော့ ခုံရုံးအဖွဲ့ဝင်တွေရဲ့ ကုပ်ပေါ်ကို ၀ဲထားတာက အရင် စနစ်ဟောင်းလို နီးရာ ဓားတစ်လက်မဟုတ်၊ အခုနီးရာ ဓားက နှစ်လက်ကွလို့ ရင်ဖွင့်သံများရော၊ သမ္မတက ခုံရုံးအဆုံးအဖြတ် ရယူမယ် ဆိုကတည်းက ခုံရုံးအဖွဲ့ဝင် တချို့မှာ နုတ်ထွက်စာ ကြိုရေး ထားလိုက်ပြီး ဖြစ်ကြောင်း ပြောသံများရော ခင်ဗျ၊ ဟဲ . ဟဲ .ဟဲ )

လင်းယုန် ‪#‎Burmarpyithar‬

No comments: