Thursday, February 27, 2014

ဒဂုံတက္ကသိုလ်ကျောင်းမှ ဥပဒေပညာရှင်များနှင့် ဥပဒေကျောင်းသားကျောင်းသူများ ကို ဒေါ်အောင်ဆန်းစုကြည်မှ ဥပဒေ ပညာရပ်နှင့်ပက်သက်၍ ပြောကြား



ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြား
****************************
လွှတ်တော်သို့ လာရောက်လေ့လာကြသော ဒဂုံတက္ကသိုလ်ကျောင်းမှ ဥပဒေပညာရှင်များနှင့် ဥပဒေကျောင်းသားကျောင်းသူများ ကို ဒေါ်အောင်ဆန်းစုကြည်မှ ဥပဒေ ပညာရပ်နှင့်ပက်သက်၍

" တိုးတက် ဖွံ့ ဖြိုးတဲ့ နိုင်ငံတွေမှာ ဥပဒေ ပညာရှင်တွေက လုပ်ငန်းခွင်မှာလည်း မျက်နှာပွင့်တယ်၊ နောက်ပြီးတော့ လေးစားလည်း ခံရတယ်၊ ၀င်ငွေလည်း ကောင်းတယ်။ ဒါကတော့ ဘယ်သူမှ ငြင်းလို့ မရဘူး။ ဘယ်နိုင်ငံမှာ ပဲ ဖြစ်ဖြစ် ၀င်ငွေကောင်းတဲ့ အလုပ်ပေါ့နော်၊ ၀င်ငွေကောင်းမယ့် အလုပ်ကိုရစေမယ့် ပညာမျိုးဆို လူတွေက လိုလားကြမှာပဲ၊ ဒါလည်းလူသဘာဝပဲ၊ ကြိုက်တာမကြိုက်တာ သက်သက်ပေါ့နော်၊

ရှေ့ နေအလုပ်ဆိုတာ သိပ်ပြီးတော့လည်း လူတွေက မလေးစားကြဘူး။ဒါ အမှန်ပြောရရင် ရှေ့  နေတွေကလည်း မမှန်မကန်လုပ်တာတွေက များကြတယ်၊ နောက်ပြီးတော့ အခွင့်အရေးတွေကလည်း နည်းတယ်ပေါ့၊ အမှတ်နည်း ဆုံးလူတွေက ဥပဒေသွားသင်လို့ ရတယ်ဆိုတော့၊ ဥပဒေ ကျောင်းသူကျောင်းသားတွေက မျက်နှာငယ်တာပေါ့၊ လူတွေက ကြည့်လိုက်ထဲက သူတို့ ဟာ တခြားဟာ သင်လို့ မရလို့ ဒါသင်ရတယ်ဆိုတဲ့ အမြင်မျိုး ဖြစ်နေတယ်။ ဒါပေမယ့် ဒါဟာ ဒီနိုင်ငံရဲ့ စီပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး စနစ်အားလုံးရဲ့ မပြည့်ဝတဲ့ ကိစ္စကြောင့်ဖြစ်တယ်။

နောက် ဒီနိုင်ငံမှာလည်း အစတုန်းက ဆိုလို့ ရှိရင် ဥပဒေ ပညာရှင်တွေက အများကြီး မျက်နှာပွင့်ခဲ့တယ်၊ ဒါလွတ်လပ်ရေး မရင်ခင် ကာလ ကတည်းက ရှေ့ နေကြီးတွေ ဆိုလို့ ရှိရင် ဒါလည်း ၀င်ငွေကောင်းတာနဲ့  အများကြီးဆိုင်တယ်၊ နောက်ပြီးရှေ့ နေကနေ တဆင့် တရားသူကြီးဖြစ်သွားပြီဆိုရင် တရားသူကြီးတွေကို အရင်တုန်းကဆိုရင် ဒီနိုင်ငံမှာ အရမ်းလေးစားတာပဲ၊ အခုခေတ်မှာဆိုရင် တရားသူကြီးဆိုရင် ဘယ်တရားသူကြီးက ဘယ်လောက် အများဆုံး လာဘ်ယူတယ်ဆိုတာ အဲ့ဒီလို ကြည့်နေတဲ့ သဘောမျိုးဖြစ်သွားပြီ။ ဒါခေတ်ကြီးက ပျက်သွားပြီ။

ဒီ ဗမာပြည် လွတ်လပ်ရေး ရတုန်းကဆိုရင် လွတ်လပ်ရေးရတဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ သမ္မတက အကြောင်းကြောင့်မို့ ဆက်ပြီးတော့ တာဝန်တွေ ထမ်းဆောင်လို့ မဖြစ်ဘူး ဆိုပြီးတော့ နောက်သမ္မတ တစ်ယောက်ရွေးချယ်တဲ့အခါ အဲ့တုန်းက တိုက်ရိုက်ရွေးချယ်တာမဟုတ်ဘူးပေါ့နော်၊ ရွေးချယ်တဲ့ အဆင့် မရောက်ခင်မှာ တရားသူကြီးချုပ်က ဖွဲ့  စည်းပုံအခြေခံဥပဒေအရ သမ္မတဖြစ်လာမယ်၊ ဘာဖြစ်လို့ လဲဆိုတော့ တရားသူကြီးချုပ်ဆိုတာ ဘယ်သူမှလူတိုင်းက မလေးစားတဲ့လူမရှိဘူး။ အရင်တုန်းက တရားသူကြီးတွေ ဆိုရင်လူတွေ အရမ်းလေးစားတယ်။ သိပ်ပြီးတော့ ဖြောင့်တယ်၊ သိပ်ပြီးတော့တော်တယ်ပေါ့နော်၊ ပညာလည်း သိပ်တော်တယ်။ အခြေခံဥပဒေပညာကိုက ဒီနိုင်ငံမှာသိပ် အဆင့်မြင့်တယ်၊ အဆင့်မြင့်တဲ့ အခါကျတော့ရှေ့ နေဖြစ်လာပြီဆိုရင်ကို တကယ့် ဥပဒေ ပညာရှင်ပဲ။ အခုက ဥပဒေပညာရှင်လို့ သာ ဆိုရတယ်ပေါ့နော်၊ ဥပဒေဘွဲ့ တော့ရလာပြီးပြီ၊ ဟုတ်မဟုတ်တော့ မသိဘူး၊( ရယ်လျက်) အဲ့ဒီတုန်းက ဥပဒေဘွဲ့ ရပြီးဆိုရင် ဥပဒေပညာရှင်ပဲ။ အဲ့ဒီကနေ တဆင့်တဆင့် တက်သွားပြီဆိုလို့ ရှိရင်၊ တရားသူကြီး အဆင့်ရောက်ပြီ ဆိုလို့  ရှိရင် သူ့ ပညာကိုလည်း အရမ်းကျွမ်းကျင်တယ်။

အခုခေတ်မှာဆိုရင် အထူးသဖြင့် ဒီလို စီးပွားရေးလုပ်ငန်း တွေ များလာတယ်ဆိုလို့ ရှိရင်၊ တိုင်းပြည်ကလည်း တိုးတက်လာတာနှင့်အမျှ စီးပွားရေးကလည်း ဖွံ့ ဖြိုးလာတာ နှင့် အမျှ ဒီဥပဒေကို အခြေခံပြီးတော့ အသက်မွေးဝမ်းကျောင်း ရှာရတဲ့လူတွေရဲ့ ဝင်ငွေကကောင်းလာမှာပဲ။ ဒါကတော့ ဖြစ်လေ့ဖြစ်ထ ရှိတာပဲ၊ ဒါပေမယ့် တစ်ခုရှိတာကတော့ လာဘ်ပေးလာဘ်ယူ ကိစ္စကတော့ ကမ္ဘာမှာ အင်မတန်မှ ရုပ်ဆိုးလောက်အောင်လို့ အဆင့်မှာရှိနေတယ်၊ ဒီဟာတွေကတော့ ပြုပြင်ယူရမယ်။ ပြုပြင်ယူရမယ် ဆိုတာက အစိုးရ ရဲ့ တာဝန်ဖြစ်တယ်။

အစိုးရဆိုတာက လွှတ်တော်ရော၊ အုပ်ချုပ်ရေးအဖွဲ့ ရော ကို ပြောတာ။ လွှတ်တော်ကတော့ လာဘ်ပေးလာဘ်ယူ မဖြစ်ဖို့  အတွက် ပပျောက်ဖို့ အတွက်၊ ဘယ်လိုပဲ ဥပဒေတွေ ပြဌါန်း ပြဌါန်း၊ တကယ်တော့ ဒီဥပဒေတွေ ထိရောက်ဖို့  ဆိုတာဟာ အုပ်ချုပ်ရေးပိုင်းက လုပ်ရမှာ ဖြစ်တယ်။ အဲ့ဒီတော့ အားလုံးကို ပြန်ပြီးပြုပြင်မှ ဒီနိုင်ငံမှာ တရား ဥပဒေ စိုးမိုးရေးက ရှိမှလည်း တကယ် ဥပဒေကို လူတွေကလေးစားမှာ၊ နောက်ပြီးတော့ တန်ဖိုးထားမှာ၊ အခုဆိုရင် ပြည်သူ ပြည်သား အများစုက ဥပဒေဆိုတာ ပြည်သူတွေကို ချုပ်နှောင်ဖို့ ၊ဖိနှိပ်ဖို့ ၊ချုပ်ချယ်ဖို့ ၊ ကန့် သတ်ဖို့ ၊ ဒီလိုပဲမြင်တယ်၊ အဲ့ဒီဟာလည်း မမှားဘူး၊ မမှားဘူးဆို ဒီလိုပဲဖြစ်ခဲ့တာပဲ၊ ဒီလိုပဲ ဆယ်စုနှစ်နဲ့  ချီပြီးတော့ ဥပဒေဟာ ပြည်သူတွေကို ဘယ်လို ချုပ်ချယ်ရမလဲ၊ ပြည်သူတွေကို အစိုးရလုပ်သူတွေရဲ့ အောက်မှာ ပြားပြားဝပ်နေအောင် ဘယ်လို ထားရမလဲဆိုပြီးတော့၊ အဲ့ဒီလို အသုံးချခံရတဲ့ အနေအထားမှာ ဥပဒေက ရှိခဲ့တယ်။ ဒါကြောင့် ကိုယ့်ခေတ်ရောက်လို့ ရှိရင် ပြန်ပြင်ရမယ်၊
အရင်တုန်းက ဖြစ်ပြီးတာတွေက ဖြစ်ပြီးသွားပြီ အခုနောင် ဆက်မဖြစ်ဖို့ ဆိုတာ ကိုယ်နဲ့ ဆိုင်တယ်၊ တခြားလူကို ပုံချတာမျိုးဟာမလုပ်သင့်ပါဘူး။ ရှေ့  ကလူတွေ မကောင်းလို့ လို့ ပြောလို့ တော့ရတာပဲ၊ ဒါပေမယ့် ရှေ့ ကလူတွေမကောင်းလို့  ကိုယ်ကကော ပိုမကောင်း နိုင်ဘူးလား။ အရှေ့ ကလူတွေထက် ကိုယ်က ပိုမကောင်းနိုင်ဘူးလား။ အဲ့ဒီတော့ ပထမဆုံးတော့ ကြိုးစားပါ၊ အန်တီ တို့ ဘက်ကလည်း ဒီဥပဒေ ပညာကို သင်တဲ့နေရာမှာ ပိုပြီး အဆင့်မြင့်အောင်လို့  ကြိုးစား ပေးမယ်။

အခုဆိုရင်လည်း နိုင်ငံခြားက ပညာရှင်တွေလာပြီးတော့ ဆရာ၊ဆရာမတွေ လာပြီးတော့ ရန်ကုန် တက္ကသိုလ်မှာဆိုပြီးတော့ ကူညီနေတာတွေရှိတယ်။ အဲ့ဒီတော့ ကိုယ်ကိုယ်တိုင် ကြိုးစားမှလည်းဖြစ်မယ်။ အဲ့ဒီလိုဆို နောက်ကျလို့ ရှိရင် ကိုယ်က ဥပဒေပညာသင်နေတဲ့ ကျောင်းသူ ကျောင်းသားဆိုလို့ ရှိရင် ဘယ်သူ့  ကိုယ်မှ အောက်ကျို့ စရာမလိုဘူး၊ ကိုယ်ဖာသာကိုယ်၊ ကိုယ့်သိက္ခာနဲ့ ကိုယ် နေနိုင်မယ်၊ ဒါပေမယ့် ပညာရေး စနစ်ကောင်းတယ်ဆိုလို့ ရှိရင် ဘယ်ဘာသာရပ်ပဲသင်သင် ကိုယ့်သိက္ခာနဲ့ ကိုယ်နေနိုင်တယ်။ ဆရာဝန်မှ၊ အင်ဂျင်နီယာမှ မဟုတ်ဘူး၊ ဒီနိုင်ငံက ပညာရေး စနစ်မကောင်းလို့ ၊လူမှုရေး၊ နိုင်ငံရေး စနစ်မကောင်းလို့  အဲ့ဒီလို ဖြစ်တာပါ။ ဒီလို ဒီအလုပ်ဒီအလုပ် လုပ်မှသာလျှင် မျက်နှာရှိတယ်၊ သိက္ခာရှိတယ် ဆိုရင် ဒီနိုင်ငံမှာ တစ်ခုခုတော့ အများကြီးလိုနေလို့ ပဲ၊ လူတိုင်းလူတိုင်းဟာ ကိုယ်လုပ်တဲ့အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်လို့  ရှိရင်၊ တာဝန်သိသိ လုပ်လို့ ရှိရင် သိက္ခာရှိတယ်။"

ဟု ဒေါ်အောင်ဆန်းစုကြည်မှ တက္ကသိုလ် ဥပဒေကျောင်းသား ကျောင်းသူများ အား ရှင်းလင်း အမှာစကားပြောကြားခဲ့ပြီး ဥပဒေ နှင့်ပက်သက်၍

"ဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံ အတွက် ဘယ်လောက် အရေးကြီးသလဲဆိုတာ သဘောပေါက်ရမယ်။ တရားဥပဒေစိုးမိုးရေး မရှိရင် နိုင်ငံတစ်နိုင်ငံ ဟာ ဘယ်တော့မှ မတိုးတက်နိုင်ပါဘူး။ ဘယ်လောက်ပဲ ကောင်းတဲ့ ဥပဒေတွေဖြစ်ဖြစ် သက်ရောက်မှု မရှိရင် အလကားပဲ၊

ဥပဒေဆိုတာ အစိုးရအတွက်ဆိုတဲ့ အတွေးအခေါ်က ဒီနိုင်ငံမှာ စွဲနေတယ်။ ဥပဒေဆိုတာ အစိုးရ အတွက်မဟုတ်ဘူး။ ဥပဒေဆိုတာ လူမှုအသိုင်းအ၀ိုင်း တစ်ခုလုံးအတွက်၊ ဥပဒေဆိုတာ ဘာဖြစ်လို့ ပြဌါန်း ရသလဲဆိုတော့ လူတွေအချင်းချင်း ကြားမှာ ပဋိပက္ခ နည်းနိုင်သမျှ နည်းအောင်လို့ ၊ ရှိတဲ့ ပဋိပက္ခကိုလည်း အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းနိုင်အောင်လို့ ၊ခြုံငုံပြောရရင် ဥပဒေဆိုတာ ဒီ လူမှုအသိုင်းအ၀ိုင်း တစ်ခုဟာ အေးချမ်းသာယာနိုင်အောင်လို့ ၊ ဒါပဲ၊ အေးအေးချမ်းချမ်းသာသာယာယာ ဆိုတာ ပုထုဇဉ် လူသားတွေဆိုတော့ လုံးဝတော့ မဖြစ်နိုင်ဘူးပေါ့၊ တက်နိုင်သလောက် ဖြစ်အောင်တော့ ဥပဒေတွေကို ပြဌါန်းထားတာ။

အပြစ်ပေးတယ်ဆိုတာက နားကျည်း စေချင်တဲ့ စိတ်နဲ့ မဟုတ်ဘူး၊ နောင်မဖြစ်စေချင်လို့ ၊ နောင်မလုပ်ဖို့ ၊ အပြစ်ပေးတယ်ဆိုတာ ပညာပေးတယ် ဆိုတဲ့ သဘောဖြစ်ရမယ်။ ပညာပေးရမယ်၊ ဒီလို အပြစ်တစ်ခု ကျူးလွန်တာကို မကောင်းဘူးဆိုတာကို ကျူးလွန်တဲ့လူက နားလည်သွားမယ်၊ သူ့ အသိုင်းအ၀ိုင်းအတွက်လည်းမကောင်းဘူး၊ သူ့ အတွက်လည်း မကောင်းဘူး။ လူဆိုတာ အတ္တ ရှိတာပဲ၊ အဲ့ဒီတော့ သူ့ အသိုင်းအ၀ိုင်းအတွက် မကောင်းဘူးဆိုတာထက် သူ့  အတွက်မကောင်းဘူးဆိုရင် နားလည်လွယ်တယ်။ ဥပဒေဆိုတာ ပညာပေးဖို့ ပဲ အပြစ်ပေးဖို့ မဟုတ်ဘူး၊ လူတွေကို တစ်ယောက်နဲ့ တစ်ယောက် အေးအေးချမ်းချမ်း နေနိုင်အောင်လို့  ဒါ အထောက်အကူ တစ်ခုပဲ။" ဟု ပြောကြားခဲ့ပါသည်။

NLD Chairperson

No comments: