Thursday, February 20, 2014

တက္ကစီယာဉ်ကို ဝိုင်းဝန်းရိုက်သည့် ပြိုင်ကား ၅ စီးထဲမှ တစ်စီးကို ဖမ်းဆီး၊ အရာရှိ လူကြီးသားသမီးများ ပါဝင်မှု ရှိမရှိ စစ်ဆေးနေ



Written by ဇော်ဇော်ထွေး

ရန်ကုန် မဇ္ဈိမ ။ ။ ရန်ကုန်၊ ပြည်လမ်း ၆ မိုင်တွင် ဖြစ်ပွားခဲ့သည့် တက္ကစီယာဉ်တစ်စီးအား ပြိုင်ကား ၅ စီးမှ လူငယ်များက ဝိုင်းဝန်းရိုက်နှက်မှုတွင် ပါဝင်ခဲ့သည့် ပြိုင်ကားတစ်စီးကို ဖမ်းဆီးရမိလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဖေဖော်ဝါရီ ၂ဝ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

ထို့ပြင် ယင်းဖြစ်စဉ်တွင် ကျူးလွန်သူများမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် အရာရှိ လူကြီးသားသမီးများ ပါဝင်မှု ရှိမရှိကိုလည်း စစ်ဆေးနေဆဲဖြစ်သည်ဟု အမှုကို ကိုင်တွယ်စစ်ဆေးနေသည့် လှိုင်မြို့နယ် ရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ် မြင့်ဇော်ဦးက မဇ္ဈိမ ကို ပြောသည်။

အဆိုပါ အမှုမှာ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ နာရီကျော်အချိန်က ပြည်လမ်းမ ၆ မိုင်အနီး လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တက္ကစီယာဉ်မောင်း ကိုသက်ဇော်ဝင်း မောင်းနှင်သည့် ၈က/၈၂၇၄ ငှားယာဉ်ကို ပြိုင်ကား ၅ စီးမှ ကျော်တက်ပြီး ဝိုင်းဝန်းပိတ်ဆို့ ရပ်တန့်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည်ကိုအင်ထိတ်ကြန့်တို့ကို ရိုက်နှက်ထိုးကြိတ်ခဲ့သည့်အပြင် တက္ကစီယာဉ်ကိုပါ ဝိုင်းဝန်း ထုရိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုကို လှိုင်ရဲစခန်းက (ပ)၇၂/၂ဝ၁၄ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၄၄ဝ/၄၂၇/၃၂၅/၁၁၄ တို့ဖြင့် အရေးယူရန် ဖော်ထုတ်ခဲ့နေ သည့် အမှုတစ်ခုလည်း ဖြစ်သည်။

ယင်းသို့ အဖော်ထုတ်နေစဉ် အမှုမှ အလိုရှိနေသည့် ပြိုင်ကားများအနက် ၉ဂ/၇၄၁၄ Nissan Fairlady အဖြူရောင်ပြိုင်ကား ကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၂ နာရီ ၅ဝ မိနစ်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီအိမ်ရာမှ သိမ်းဆည်းရမိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။

“ဖမ်းမိထားတဲ့ပြိုင်ကားကတော့ လိုင်စင်ရှိပါတယ်။ ကွင်းဆက်ကျူးလွန်သူတွေ ဖမ်းဆီးရရေးကိုလည်း ဆက်လက်စစ်ဆေး ဖော်ထုတ်နေပါတယ်” ဟု ရဲအုပ် မြင့်ဇော်ဦးက ရှင်းပြသည်။

လက်ရှိတွင် အဆိုပါ ပြိုင်ကားအဖွဲ့မှ ပြစ်မှုကျူးလွန်သူဟု သံသယရှိထားသည့် ဇာနည်ထက်ဝေနှင့် ကိုကိုနိုင်တို့မှာ မကွေးတိုင်း၊ ပခုက္ကူဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးများနှင့် ချိတ်ဆက်ဆောင်ရွက်နေ သည်ဟု သတင်းထုတ်ပြန်ထားသည်။

No comments: