Monday, February 24, 2014

"အမျိုး၊ ဘာသာ၊ သာသနာ အသုံးချဝါဒဖြန့် မဲလိမ်ယူရန် ကြိုးစားနေဟု ဦးကိုကိုကြီးပြော"


^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
အမျိုး ဘာသာ သာသနာကို အသုံးချဝါဒဖြန့်ကာ ပြည်သူများ၏ ထောက်ခံမှုကို လိမ်ညာရယူပြီး မဲရရန် ကြိုးပမ်းနေခြင်းကြောင့် ပြည်သူများ မအကြရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက တိုက်တွန်းပြောကြားလိုက်သည်။ယင်းအဖွဲ့အစည်း၏ ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ ထားဝယ်ဒေသခရီးစဉ်အတွင်း သရက်ချောင်းမြို့နယ် ဝင်းကဖော်ရွာတွင် ဟောပြောစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကျွန်တော်စိတ်မကောင်းဖြစ်ရတာက ဘာလဲဆိုတော့ တို့နဲ့ အတူတူနေမှ အမျိုး ဘာသာ သာသနာ ချစ်တာ၊ တို့ကို မထောက်ခံရင် အမျိုး ဘာသာ သာသနာ မချစ်တဲ့သူတွေ၊ အမျိုးသားရေးအတွက် စိတ်မချရတဲ့သူတွေ ဆိုတဲ့ပုံစံမျိုးနဲ့ ဝါဒဖြန့်ပြီးတော့ မဲလိမ်ယူဖို့ ပြည်သူတွေရဲ့ ထောက်ခံမှုကို လိမ်ညာပြီး ယူဖို့ ကြိုးစားတာမျိုးဆိုရင် တော့ (ပြည်သူတွေ) မအပါနဲ့လို့ ကျွန်တော်တို့က ပြောချင်တယ် ဟု ဦးကိုကိုကြီးက ပြောဆိုသည်။
ယနေ့ကဲ့သို့ အမျိုး ဘာသာ သာသနာဆိုင်ရာ အငြင်းပွားဖွယ်ရာများကို ဖန်တီးခဲ့သူမှာ နှစ်ပေါင်းများစွာ အနစ်နာခံလာသော ဒီမိုကရေစီ ဘက်တော်သားများမဟုတ်ဘဲ စစ်အာဏာရှင်များသာ ဖြစ်ကြောင်း ဦးကိုကိုကြီးက ဆက်လက်ပြောကြားသည်။ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးမှုကြောင့်သာ ထိုသို့ အနစ်နာခံလုပ်လာခဲ့ခြင်းဖြစ်ပြီး ယင်းကို စောင့်ရှောက်ရန် နည်းမှန်လမ်းမှန်ဖြင့် ဆွေးနွေးသင့်ကြောင်း ၄င်းက ပြောသည်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာ ချစ်တဲ့သူတွေ ဗမာ ထားဝယ်စတဲ့ ဗုဒ္ဓဘာသာချစ်တဲ့သူတွေ အချင်းချင်း သေသေချာချာ ဆွေးနွေးမယ် ဟု ၄င်းက ဆိုသည်။
အစ္စလာမ်ဘာသာဝင်များဖြစ်သည်ဟုဆိုကာ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးနှင့် ရှေ့နေ ဦးကိုနီတို့ကို မြောက်ဥက္ကလာမြို့နယ်တွင် ရဟန်းအချို့က လာရောက် ကန့်ကွက်ခြင်း၊ မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံတွင် လုပ်အားပေးနေသည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာမ မသီတာ(စမ်းချာင်း) ကို ပေါင်းတည်မြို့ရှိ ဟောပြောပွဲတစ်ခုတွင် လာရောက် ပိတ်ပင်ခြင်းတို့ အဆင်မပြတ် ဖြစ်ပေါ်လာပြီးနောက် ဦးကိုကိုကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပွင့်လင်း မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် အဆက်အဆံ များလာသောကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် မည်သို့ အမြင်သဘောထားရှိသည်ကိုလည်း ဂရုစိုက်သင့်ကြောင်း ဦးကိုကိုကြီးက ဆိုခဲ့သည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီ၊ ဦးကိုကိုကြီး(စမ်းချောင်း) တို့ပါဝင်သော အဖွဲ့သည် ထားဝယ်ဒေသမှ မြိတ်နှင့် ကော့သောင်း ခရိုင်များသို့ ခရီးဆက်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက်တွင် ယင်းဒေသများ၏ ခရီးစဉ်အဆုံးသတ်မည်ဖြစ်သည်။
Dawei watch

No comments: