Thursday, February 20, 2014

အနုပညာရှင်များ ယာဉ်တန်းများဖြင့် သန်းခေါင်စာရင်း ကောက်ယူရေး မြို့ပေါင်း ၁၀၀ ကျော်တွင် လှုံ့ဆော်မည်

အနုပညာရှင်များ ယာဉ်တန်းများဖြင့် သန်းခေါင်စာရင်း ကောက်ယူရေး မြို့ပေါင်း ၁၀၀ ကျော်တွင် လှုံ့ဆော်မည်

မန္တလေး၊ ဖေဖော်ဝါရီ ၁၉

မြန်မာတစ်နိုင်ငံလုံး လာမည့် မတ်လတွင် တစ်ပြိုင်တည်း ဆောင်ရွက်မည့် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် တစ်နိုင်ငံလုံး လူထု အသိပညာပေး လုပ်ငန်းများကို အများပြည်သူများ စိတ်ပါဝင်စားမှု ရှိစေရန် နိုင်ငံကျော် အနုပညာရှင်များ ပါဝင်သော ယာဉ်တန်းဖြင့် မြို့ပေါင်း ၁၀၀ ကျော်ကို လှည့်လည် လှုံ့ဆော်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအတွက် လူထုအသိ ပညာပေး လှုံ့ဆော်ရေး ခရီးစဉ်ကို အထက်မြန်မာပြည်၊ အောက်မြန်မာပြည် နှစ်ပိုင်းခွဲ ဆောင်ရွက် သွားမည် ဖြစ်ပြီး နေပြည်တော် ကောင်စီက မတ်လ ၂ ရက်နေ့မှ စတင်ကာ နှစ်ဖွဲ့ ခွဲထွက်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အထက်မြန်မာပြည် ခရီးစဉ်ကို ဟာသ သရုပ်ဆောင် ဇာဂနာ၊ ဂေါ်ဇီလာ၊ ငှက်ပျောကြော်တို့က ယာဉ်သုံးစီးဖြင့် သတ်မှတ်ထားသော မြို့ပေါင်း ၅၀ ကျော်နှင့် အောက်မြန်မာပြည် လှုံ့ဆော်ရေး အဖွဲ့ခေါင်းဆောင် အဖြစ် ရုပ်ရှင် သရုပ်ဆောင် ဆွေဇင်ထိုက် ဦးဆောင်သော ဟာသ သရုပ်ဆောင် အရိုင်းနှင့် ဇီးသီးတို့ ပါဝင်သည့် ၃၅ ဦးပါ အဖွဲ့တို့က ယာဉ်သုံးစီးဖြင့် မြို့ပေါင်း ၆၅ မြို့သို့ ဖြတ်သန်းသွားကာ လှုံ့ဆော်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“ကုလသမဂ္ဂ အစီအစဉ် တစ်ခုတော့ ရှိတယ်။ အခုလို ယာဉ်တန်းတွေနဲ့ သွားပြီး လှုံ့ဆော်ရေး ကိစ္စတွေ လုပ်ကိုင် ဆောင်ရွက်ဖို့ကိုတော့ အခုထိ ကျွန်တော်ဘာမှ မသိရသေးဘူး” ဟု ဟာသ ပညာရှင် ဦးဇာဂနာက ဆိုသည်။

ယင်းသန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ လှုံ့ဆော်ရေးအတွက် မြို့နယ်အလိုက် သတ်မှတ် ပေးထားသည့် နေရာများတွင် သီဆို ဖျော်ဖြေခြင်း၊ သန်းခေါင်စာရင်း ဟောပြော ဆွေးနွေးခြင်း၊ သန်းခေါင်စာရင်း ဆိုင်ရာ ဉာဏ်စမ်း အမေး/အဖြေ အစီအစဉ်ဖြင့် Game ပြုလုပ်ပေးခြင်း၊ ဟောပြောပွဲ တက်ရောက်သူနှင့် မေး/ဖြေ ကဏ္ဍတွင် မှန်ကန်စွာ ဖြေဆိုနိုင်သူများကို သန်းခေါင်စာရင်း အမှတ်တရ ပစ္စည်းများ ချီးမြှင့်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူက ထပ်လောင်း ရှင်းပြသည်။

“မနက် မနက်ဆိုရင် ရုပ်မြင်သံကြား အစီအစဉ်တွေမှာ သန်းခေါင်စာရင်း ကောက်ယူရေး ပညာပေး စကားဝိုင်း ထုတ်လွှင့်နေတာ ရှိပါတယ်။ တီဗီက လူတိုင်းရှိတာ မဟုတ်တော့ ဒီကိစ္စကို လူတိုင်း မသိနိုင်ဘူးလေ။ အခုလို ကိုဇာဂနာတို့ လှည့်လည်ပြီး ပညာပေးမယ် ဆိုရင်တော့ လူသိပိုများ နိုင်တာပေါ့” ဟု အောင်မြေသာစံ မြို့နယ်တွင် နေထိုင်သူ အသက် ၂၂ နှစ်အရွယ် ကျောင်းသူ တစ်ဦးက ဆိုသည်။

အဆိုပါ လှုံ့ဆော်ရေးအတွက် ကုန်ကျစရိတ်ကို ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ကျခံပေးမည် ဖြစ်ပြီး ဟောပြောပွဲများ ပြုလုပ်ရန်နှင့် လုံခြုံရေးကိစ္စ အဝဝကို ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းဌာနထံမှ ထပ်မံ သိရသည်။

No comments: