Thursday, April 3, 2014

လေပြင်းတိုက်ခိုက်မှုကြောင့် ဂျေယန့်ဒုက္ခသည်များ နေအိမ် ၆၁ အိမ် ပျက်စီး



လေပြင်းတိုက်ခိုက်မှုကြောင့် ဂျေယန့်ဒုက္ခသည်များ
============================
ေ နေအိမ် ၆၁ အိမ် ပျက်စီး
==============
02 April 2014 by KNG News

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်အနီးရှိ စစ်ပြေးဒုက္ခသည်အများဆုံးနေထိုင်သော ဂျေယန့်ဒုက္ခသည်စခန်းတွင် ယမန်နေ့ ဧပြီ ၁ ရက်နေ့ ညက လေပြင်းမုန်တိုင်းတိုက်ခိုက်ခြင်းကြောင့် ဒုက္ခသည်များနေအိမ် စုစုပေါင်း ၆၁ အိမ် ပျက်စီးသွားကြောင်း သိရှိရသည်။
ပျက်စီးသွားသောနေအိမ်များသည် ကလေးမူကြိုကျောင်း ၂ ကျောင်း၊ ဈေးတန်း ၁ခု၊ ဒုက္ခသည်ကော်မတီရုံး ၃ ရုံးနှင့် ဒုက္ခသည်နေအိမ် ၄၅ အိမ်ပျက်စီးခဲ့ပြီး ဒုက္ခသည်များခက်ခဲ ရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်းမှ သိရသည်။
ယမန်နေ့ည ၉ နာရီခွဲချိန်မှ စတင်တိုက်ခတ်သော လေသည် နာရီဝက်ကျော်တိုက်ခိုက်ခဲ့ရာ ထိုသို့ လူနေအိမ်များ ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း ဂျေယန့်ဒုက္ခသည်စခန်း အထွေထွေအတွင်းရေးမှူး ဦးလဘန်နော်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။
“အိမ်တွေတစ်ခါထဲ မြေကြီးလဲကျသွားတာ မိုးကာတွေပြဲ ခေါင်မိုးတွေလွှင့်စင်သွားတယ် လုံးဝပျက်စီးသွားတာက ၄ အိမ်ရှိတယ် ဒါတောင် အခုကအစမ်းပဲရှိသေးတယ်။ နေအိမ်တွေက အသစ်ဆောက်ရတော့မယ်လေ” ဟု ပြောသည်။
အဆိုပါ လေပြင်းကြောင့် နေအိမ်မှာပျက်စီးသော်လည်း ဒုက္ခသည်များထိခိုက်မှုမရှိကြောင်း ယနေ့တွင် ဂျေယန့်စခန်း ကော်မတီများမှ တတ်နိုင်သမျှ ပြန်လည်ပြုပြင်ပေးနေကြောင်းသိရှိရသည်။
ဂျေယန့်ဒုက္ခသည်စခန်းတွင် နေအိမ် ၆၀၀ ကျော်အတွက် အိမ်သစ်များပြန်လည်ဆောက်လုပ်ရန်လိုအပ်နေပြီး၊ ထပ်မံထွက်ပြေးလာသော ဒုက္ခသည်များအတွက်လည်း ကြာရှည်နေထိုင်မသင့်သော ပလတ်စတစ် ယာယီတဲအိမ်များကို အသစ်ဆောက်လုပ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများပြောသည်။
ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ အဆိုပါဒုက္ခသည်များအတွက် နေအိမ်သစ်များ ဆောက်လုပ်ပေးမည်ဟု ပြောဆိုထားသော်လည်း အကောင်ထည်ဖော်ခြင်းမရှိသေးချိန် ယခုကဲ့သို့ အခက်ခဲများရင်ဆိုင်ရသောကြောင့် ဒုက္ခသည်များ စိုးရိမ်ပူပန်နေရကြောင်း ပြောသည်။
၎င်းဂျေယန့်စခန်းအနီးရှိ ဂျေယန့်ချောင်းရေတွင် ၁၉၉၄ ခုနှစ်က ရေကြီးမှုဖြစ်ခဲ့ပြီး ဒေသခံများ သေဆုံးမှုရှိခဲ့သောနေရာဖြစ်ကာ တဖက်တွင်လည်း လေကြောတွင်ရှိခြင်းကြောင့် နှစ်စဉ်နှစ်တိုင်း လေပြင်းမုန်တိုင်းများ တိုက်ခတ်မှုဒဏ် ရင်ဆိုင်နေရကြောင်းသိရှိရသည်။
နွေရာသီအချိန်တွင် လေပြင်းမုန်တိုင်းများ အရှိန်ပြင်းပြင်း တိုက်ခိုက်လေ့ရှိသောကြောင့် ဒုက္ခသည်များအတွက် အရာရာစိုးရိမ်ပူပန်နေရကြောင်းလည်း စခန်းကြည့်ရှုသော အဖွဲ့များကပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့တွင်လည်း ဗန်းမော်မြို့နယ် ဘွမ်စစ်ပါ (Bum Tsit Pa) စခန်း ယာယီတဲတွင် မီးဖိုချောင်မီးဟု ယူဆရသော မီးသည် ည ၂ နာရီခန့်တွင် အရှိန်ပြင်းစွာလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မိခင်နှင့် ၃ နှစ်ရွယ် ကလေးငယ် ဒဏ်ရာပြင်းထန်စွာရရှိကာ ၁၃ နှစ်အရွယ် သမီးငယ် တဦး သေဆုံးသွားခဲ့သည်။

No comments: