Monday, February 10, 2014

"သူတောင်းစားတို့ ရပ်ကွက် အကြောင်း"


ဦးဦး ပုံပြင် ပြောပြမယ်။ အစီအစဉ်။

"သူတောင်းစားတို့ ရပ်ကွက် အကြောင်း"

ဟိုး ရှေးရှေးတုန်းက ဗာရာဏသီပြည်ထဲက .... ရွှေတိုင်းပြည် ဆိုတဲ့ ရပ်ကွက်ကြီး တစ်ခု ရှိသတဲ့ ... ရပ်ကွက်ကြီးက ချမ်းသာကြွယ်ဝပြီး စည်ပင်ထွန်းကားနေတဲ့ ရပ်ကွက်ကြီး တစ်ခုပေါ့ကွယ်။

ဒီလိုနဲ့ တနေ့မှာ .... ရပ်ကွက်ထဲက ဆယ်အိမ်ခေါင်းတွေ သူ့အပိုင် ကိုယ့်အပိုင်ကိစ္စ နယ်မြေကိစ္စ ဆွေးနွေးဖို့ လုပ်ကြတော့ .... ကျားချောင်း ချောင်းနေတဲ့ ဒမြဂိုဏ်းက ရပ်ကွက်ပြိုကွဲဖို့ လက်နှစ်လုံး အလိုဖြစ်လာနေလို့ သူကြီးရာထူးကို ယူပြီး ကယ်တင်လိုက်ရပါတယ် ..... တဲ။

အဲဒီ လက်နက်အားကိုး ဂိုဏ်းကလူတွေကို ... ရွာဦးကျောင်းက ကိုယ်တော်တွေက မမိုက်ကြဖို့ ဆုံးမတော့ ဒီသင်္ကန်းဝတ်တွေ လျှာအဲဒီလောက် ရှည်ရသလားဆိုပြီး နားရင်းပိတ်တီးလိုက်၊ စစ်ဖိနပ်နဲ့ ဆောင့်ကုန်လိုက် လုပ်တယ်။ ရွာထဲမှာလည်း အပျိုအို မရွေး စိတ်မထင်ရင် မထင်သလို ခြေတော်တင်သေးတယ်။ ရွာသားတွေကိုလည်း သေနတ်ထောက်ပြီး လယ်စိုက်၊ မြောင်းတူးခိုင်းပြီး ... "ငါမရှိ မင်းတို့တော့ အခက်ပဲ" ....လို့ အော်ဟစ်ပြီး အရက်ကလေး တမြမြနဲ့ပေါ့။

ဒါကို မခံနိုင်တဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေက ကူပါဦး ဆိုပြီး ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းတော့ .. ကြည့်မကောင်းတဲ့ လူတွေက ဝိုင်းကူပြီး နည်းနည်းပါးပါး ဟိုဒီလုပ်ပေးကြတယ်။ ဘေးရပ်ကွက်က ဦးမာမွတ် နဲ့ ဦးအတီး တို့ကတော့ ဒမြဂိုဏ်းနဲ့ တည့်အောင် ပေါင်းပြီး ရသမျှ ပျော်ပျော်ကြီး တွယ်နေတော့တာပေါ့။ ဒါကို အရှေ့မျှော်ဝါဒလို့ အမည်တွင်စေခဲ့တယ်။

ရပ်ကွက်ထဲက အိမ်တိုင်တွေ ချွတ်ရောင်း၊ ရွာဦးကျောင်းက ရှေးဟောင်း ရုပ်ပွားတော်လည်း ရောင်းစား၊ စပါးတွေ၊ ငါးတွေလည်း ရသမျှ အကုန်ရောင်း၊ ရွာနားက သစ်တွေ၊ ဝါးတွေလည်း အကုန်ခုတ်ရောင်းပြီး ရသမျှ အိတ်ထဲ အကုန်ထည့်တယ်။ ရပ်ကွက်ကတော့ မွဲသထက် မွဲလာတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ရပ်ကွက်က မွဲတေပြီး စီးပွားရေး မကောင်းဖြစ်လာတော့ ... ဒမြဗိုလ်တွေ စဉ်းစားတယ်။ ဒီအတိုင်း မဖြစ်သင့်ဘူး။

နည်းနည်းလေး မျက်လှည့်ပြပြီး ခေါင်းပေါင်းလေး ပါလေး ပေါင်းပြီး ဘုရားတရားလေး လုပ်ချင်ယောင်ဆောင်၊ ရပ်ကွက် သူကြီးရွေးပွဲမှာ သေချာ နိုင်အောင် စီစဉ်ပြီး "အပ်ချလောင်း" လုပ်လိုက်ဦးမှ ဆိုပြီး မျက်လှည့်ပွဲ ကျင်းပလိုက်တာ "အများကရွေးတဲ့ သူကြီး" ဖြစ်လာတယ်။ သူကြီး အသစ်လို့လည်း အမည်တွင်စေခဲ့တယ်။

ဒီအခါ သူကြီး အသစ်က ရပ်ကွက်ထဲက လူတွေ စားစရာ မရှိလို့ ရပ်ကွက်ကလည်း ဆင်းရဲနေလို့ ပိုက်ဆံလေး ချေးပါဦး၊ ကူပါဦး ဆိုပြီး မျောက်ပြဆန်တောင်းသလို မြို့တကာ လှည့်ပတ်တောင်းရမ်းရတယ်။

ဒီလိုနဲ့ သူတောင်းစားတို့ ရွာ .... ဆိုတာကြီး ပေါ်လာတော့တာပဲကွယ်။ အခုတော့လည်း ရပ်ကွင်ထဲ ရှိသမျှ ရောင်းစား၊ ဖျက်ဆီးပြီး ဒုက္ခပေးခဲ့တဲ့ ဒမြဗိုလ်တွေက ... ရွာကို တောင်းရမ်းကျွေးနေတဲ့ ကျေးဇူးရှင်ကြီးတွေပေါ့ကွယ်။

အဲ .. သူတောင်းစားတို့ ရွာပေမယ့် အထင်တော့ မသေးလိုက်နဲ့ ... တောင်းစားနေတဲ့ သူတောင်းစာတွေပေမယ့် တချို့ ဒမြဗိုလ်တွေက လေဘေးထည်ထဲက ကောင်းပေ့တွေဝတ်၊ လေဘေးက ပါလာတဲ့ မျက်မှန်တပ်၊ လေဘေးထည်တွေကို ရောင်းစားလို့ရတဲ့ ပိုက်ဆံနဲ့ ကားဝယ်စီးနေတဲ့ ... နာမည်ကျော် သူဌေးတွေ တောင်ပါသေးရဲ့။

မောင်ညီမလေးတို့ရေ ပုံပြင်လေးကတော့ ဒီမျှပါပဲ ကွယ်။

(ကိုထိုက်)

No comments: