"မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ" အပိုင်း ၁၇
February 14, 2014 at 7:47am
၂၀၁၄
ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ကြာသာပတေးနေ့ထုတ်မှာပါတဲ့ ကျွန်တော့်ရဲ့
ကိုယ်တွေ့မှတ်တမ်း အခန်းဆက်ဆောင်းပါးရှည် "မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ" အပိုင်း ၁၇
အေဘီအက်စ်ဒီအက်ဖ် (ကျောင်းသားတပ်မတော်) ဖွဲ့စည်းခဲ့သည်မှာ နှစ်ပေါင်း ၂၅ နှစ် ရှိနေပြီဖြစ်သည့်အတွက် ကျောင်းသားလက်နက်ကိုင်တော်လှန်ရေး ဘာကြောင့် ကျုးဘားတော်လှန်ရေးကဲ့သို့ အောင်မြင်မှု မရသေးသနည်း ဆိုသည့် အချက်အပြင် ၂၅ နှစ် အကြာတွင် ဘာတွေဖြစ်ခဲ့သည်ဆိုသည်ကို ပြည်သူများကို တင်ပြချိန်ရောက်ပြီဟု ယူဆသည့်အတွက် ရေးရန်ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။ ကျောင်းသားတပ်မတော်မှ တချို့ရဲဘော်များ ကျွန်တော့်အား မကြာခဏ မေးမြန်းကြ၊ စကားနာထိုးကြ၊ သူတို့ကိုထားခဲ့ပြီး ထွက်သွားသည်ဟု အပြစ်တင်ကြနှင့် ကျွန်တော် ဘာကြောင့် ကျောင်းသားတပ်မတော်ကို စွန့်ခွာထွက်သွားရသည်ကို မေးမြန်းကြသူများကိုလည်း ဤကျွန်တော်၏ကိုယ်ရေးအတွေ့အကြုံမှ အဖြေထုတ်ပေးပါလိမ့်မည်။
တော်လှန်ရေးမပြီးသေးဘူး၊ ဒါကြောင့်မရေးပါနဲ့ဦး၊ အပုပ်ချသလို ဖြစ်နေမယ် တော်လှန်ရေးပြီးမှ ရေးပါဆိုသူများလည်း ရှိပါသည်။ အချို့က သူတို့ထောက်ခံထားသော၊ သူတို့အပေါ်ကောင်းခဲ့သော ခေါင်းဆောင်များကို ထိခိုက်မည်ကို စိုးရိမ်ပူပန်ကြပါသည်။ အချို့ကလည်း လက်ရှိတာဝန်ယူနေသောခေါင်းဆောင်များနှင့် ရဲဘော်များကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် တားကြပါသည်။ သို့ရာတွင် ၂၅ နှစ်တာကာလသည် အဖြစ်မှန်များကို ပြည်သူများနှင့် ကျဆုံးသွားသော ရဲဘော်များ၏မိဘများကို သူတို့ခေါင်းမချခင် သိခွင့်ပေးရန် လုံလောက်သည့် အချိန်ဟု ယူဆပါသည်။
ဤကိုယ်တွေ့မှတ်တမ်းကို ရေးသားရာ၌ အမှန်အတိုင်း ရေးသားရသဖြင့် အချို့ရဲဘော်များ၏ ကောင်းဆိုး မှန်သမျှလည်း ပါဝင်မည်မှာ အမှန်ဖြစ်ပါသည်။ထို့ကြောင့် မိမိအမှားလုပ်ခဲ့သူများ၊ ကိုယ်ကျိုးရှာခဲ့သူများ၊ ဖေါက်ပြန်ခဲ့သူများ ငြင်းချက် ထုတ်ကောင်း ထုတ်ကြမည်ကိုလည်း ရင်ဆိုင်ဖြေရှင်းဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်းလည်း ကြေညာအပ်ပါသည်။
တော်လှန်ရေးသစ္စာဖြင့်
ထွန်းအောင်ကျော် (၇၄)
ယခင်အပတ်မှအဆက်
သံလွင်ဦးသုထစခန်း၌ အရေးပေါ်ညီလာခံ ကျင်းပခြင်း
အရေးပေါ်ညီလာခံမကျင်းပမီ မဲဆောက်တွင်နေသော ကိုဝင်းမိုး၊ ကိုအောင်နိုင်၊ ကိုကိုဦးတို့ကိုလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့အမီ ညီလာခံတက်ရောက်ရန် အကြောင်းကြားခဲ့သည်။ ကိုဝင်းမိုးက “ဒီဘဲတွေလည်းပြုတ်မှာပဲ၊ သွားမနေပါဘူး” ဟု သရော်သည်ဟု ကြားသိရသည်။ သူတို့သုံးယောက်က မဲဆောက်တွင် အိမ်ငှားနေပြီး ဆေးကျောင်းသား ကိုအောင်နိုင်နှင့် သူ့ချစ်သူမြိုင်တို့က ဆေးခန်းဖွင့်ထားသည်။ ကိုအောင်နိုင်တို့ ဆေးခန်းသည် ယနေ့နာမည်ကျော် ဒေါက်တာစင်သီယာမောင်၏ဆေးခန်းထက် စောစီးစွာ ဖွင့်ခဲ့သည့်ဆေးခန်းဆိုက မမှားချေ။ သူတို့နှင့်အတူ သူတို့နောက်လိုက်များ၊ သူငယ်ချင်းများ၊ သေ့ဘောဘိုး စခန်းတွင် မနေနိုင်၍ မြို့တက်လာသောကျောင်းသားများ လာနေကြသည့်အတွက် လူအင်အား ၅၀ ကျော်ခန့် ရှိသည်။ ထို့ပြင် ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦးနာမည်ဖြင့် ကေအင်န်ယူကို ပုတ်ခတ်တိုက်ခိုက်ထားသည့်စာကို ထုတ်ပြန်ပြီး မဲဆောက်မြို့တွင် ဖြန့်ဝေခဲ့သဖြင့် ကေအင်န်ယူမှ သူတို့သုံးဦးကို နယ်မြေဖြတ်သန်းခွင့် ပိတ်ခဲ့သည့်စာကို ကရင်နယ်မြေတွင် စာထုတ်ပြီး ထားခဲ့သည်အထိ တင်းမာနေခဲ့သည်။
ကေအင်ယူကို ဗြောင်တိုက်ခိုက်ထားသည့်အတွက် ကရင်နယ်မြေတွင် ကျင်းပသည့် ညီလာခံသို့ သူတို့မလာရဲကြဟု ထင်သည်။ ကေအင်န်ယူကို စာထုတ်၍ တိုက်ခိုက်သည်ဆိုကတည်းက သူတို့သည် ကေအင်န်ယူနယ်မြေကို မသွားတော့ရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ဟန်ရှိသည်။ နောက်ပိုင်း ယင်းကိစ္စကို ကိုကိုဦးအား မေးကြည့်ရာ စာထုတ်ခြင်းကို သူ့အားမတိုင်ပင်ဘဲ ကိုအောင်နိုင်က သူ့သဘောနှင့် သူရေးသားပြီး ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအတွက် ကိုအောင်နိုင်နှင့်စကားများခဲ့ကြသည်ဟု သူကဆိုသည်။ သို့ရာတွင် ထိုစဉ်က သူမပါဝင်ကြောင်း ကိုမူ ရှင်းလင်းခဲ့ခြင်း မရှိသည့်အတွက် သူလည်း သဘောတူခဲ့ပြီး ထုတ်ခဲ့ကြသည်ဟု အများက ထင်ခဲ့ကြသည်။
သံလွင်ဦးသုထစခန်းတွင် ကေအင်န်ယူအကူအညီဖြင့် အရေးပေါ်ညီလာခံကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ကတည်းက ညီလာခံအတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ၊ အခြေခံဥပဒေတွင် ဖြည့်စွက်ရမည့် အချက်များစသည်တို့ကို လက်ကျန်ဗဟိုကော်မတီ ကျွန်တော်တို့လေးဦးနှင့် ရောက်ရှိလာသော စခန်း ကိုယ်စားလှယ်များက အဝေးမှတက်ရောက်လာမည့် ကျန်ကိုယ်စားလှယ်များကို စောင့်ရင်း လိုအပ်သည်များကို အကြိုညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
မဟာမိတ်ကေအင်န်ယူအဖွဲ့အစည်းက စားဖိုဆောင်ကို တာဝန်ယူ၍ အစားအသောက်များကို ပင်တိုင်ချက်ပြုတ်ကျွေးမွေးပြီး စခန်းအသီးသီးမှ ကျောင်းသားကိုယ်စားလှယ်များ တက်ရောက်လာကြသည်။ ထို့နောက် အရေးပေါ်ညီလာခံကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တရားဝင် စတင်ကျင်းပခဲ့သည်။ ဝမ်ခစခန်းမှ ကျောင်းဆရာကြီးဦးယုနွယ်နှင့် တစ်မြို့တည်းသား ဒေါက်တာမြင့်ချိုတို့လည်း စခန်းကိုယ်စားလှယ်များအဖြစ် တက်ရောက်သလို ကျွန်တော်နှင့်ရင်းနှီးခဲ့သော ဒေါက်တာသောင်းထွန်းလည်း ဝမ်ခကိုယ်စားလှယ်အဖြစ် ပါဝင်လာခဲ့သည်။
ဘုရားသုံးဆူကိုယ်စားလှယ်အဖြစ် ကိုတင်စိုးနောင်၊ သန်းလှိုင်ဦး (ယခုပအို့အဖွဲ့) နှင့် ဒေါက်တာနိုင်အောင်၊ ကိုစိုးလေးတို့လည်း ပါလာခဲ့သည်။ ကျွန်တော်တို့အား အမြဲကန့်လန့်တိုက်နေသော ခရက်ဒေးစခန်းမှ တပ်ရင်းမှူးအောင်ဟိန်း၊ ဒေါက်တာ ကျော်သက်ဦး၊ ကိုထွန်းသိန်းတို့အုပ်စု၊ စောထစခန်းမှ အမြဲဂျစ်တိုက်ပြီးလုပ်သမျှ အကောင်းမမြင်သော ကိုမောင်မောင်စိုး (ကွယ်လွန်)၊ ကိုတင်စိုး၊ ကိုသိန်းထိုက်နှင့် မောင်ဆန်းလင်း (မဆလ-ကျဆုံး) တို့လည်း တက်လာသည်။ ကေအင်န်ယူဗဟိုကော်မီတီ ဆယ်ပြားကျော်ကျော်တို့အုပ်စုမှ ကိုစံရွှေမောင်၊ ဦးအောင်ခင်၊ မင်းသမီးစခန်း ကိုယ်စားလှယ် ကိုအောင်သန်းဝင်း၊ ကိုခင်မောင်ဝင်း (ဒီဗီဘီ) မိုးထောင်စခန်းမှ ကိုကျော်ဇေယျ (ကွယ်လွန်)၊ သံလွင်စခန်းမှ ကိုမောင်မောင်တိတ်၊ စိုင်းမြင့်သူ၊ ကိုဒီ၊ ကိုအောင်သူ၊ ကရင်နီစခန်းမှ ဂရီဂိုရီမန်းထွန်း၊ ကိုမောင်မောင်လွင်၊ ဆန်နီမရင်ဒါ၊ စိုင်းစံခေး (ကွယ်လွန်)၊ သေ့ဘောဘိုးစခန်းမှ ဌေးနိုင် (ကျဆုံး)၊ နှုတ်ခမ်းမွှေး အောင်သန်း (ကွယ်လွန်) တို့နှင့် ကျွန်တော်တို့ကျန်ရှိနေသောဗဟိုကော်မီတီဝင်၎ ဦး၊ လုပ်သားကောလိပ်ဥက္ကဋ္ဌ ကိုအောင်ကြည်ဦး၊ ကျွန်တော်တို့ဗဟိုရုံးမှ ကိုရွှေထီးနှင့် သံလွင်စခန်းမှရဲဘော်များ တက်ရောက်ကြသည်။
အခြားသူများကို အကုန်မမှတ်မိတော့။ ညီလာခံကျင်းပရေး ကော်မတီတွင် ချာလီအေးကျော်၊ မှတ်တမ်းတင်သူများအဖြစ် ကိုအောင်ကျော်လှိုင် (ယခုဥပဇင်းအောင်ကျော်လှိုင်၊ ဖို့ဝိန်း)၊ ကိုကျော်ကျော်ဝင်း (LA အမေရိက) တို့က ဆောင်ရွက်သည်။ လုပ်သားတက္ကသိုလ်ဥက္ကဋ္ဌ ကိုအောင်ကြည်ဦးသည် ညီလာခံ ကျင်းပရေးကော်မတီတွင် ပါဝင်ပြီး အင်တိုက်အားတိုက် ညီလာခံ ဖြစ်မြောက်ရေး၊ ကျောင်းသား ညီညွတ်ရေးတို့တွင် စေတနာဖြင့် ကြိုးစားလုပ်ဆောင်သော်လည်း ဘူရားသုံးဆူတွင် သူ့ရဲဘော်များနှင့် ရန်ကုန်ကျောင်းသားများသည် ၁၀၁ မှ ထွက်ပြီး ထိုင်းနိုင်ငံတွင်း ဟွေးကော့စခန်းသို့ ပြောင်းရွှေ့၍ စခန်းသစ်ထောင်မှုအပေါ် ဒေါက်တာနိုင်အောင်တို့မှ အစာမကြေဖြစ်ပြီး ဘုရားသုံးဆူစခန်း ကိုယ်စားလှယ် အဖြစ် မပေးနိုင်ကြောင်းပြောသည့်အတွက် ညီလာခံတွင် ကိုယ်စားလှယ်မဖြစ်ဘဲ နှုတ်ထွက်လိုက်ရသည်။ ကိုထွန်းဦးသည် မိုးထောင်စခန်းကို စည်းရုံးပြီး မိုးထောင်စခန်းကိုယ်စားလှယ် အဖြစ်တက်သည်။
ကျွန်တော်၊ ကိုသန်းဝင်းနှင့် ကိုကိုလေးသည် ဗဟိုတွင်လုပ်နေရင်း စခန်းပျောက်သွားသည့် သူများဖြစ်သည်။ မူလစခန်းတွင် ကျွန်တော်တို့လူများ မရှိတော့ချေ။ သို့ရာတွင် လက်ရှိဗဟိုတွင် တာဝန်ယူနေသူများ ဖြစ်သဖြင့် ကျွန်တော်တို့အား ဒေါက်တာနိုင်အောင်တို့က မလိုလားသော်လည်း ဆန့်ကျင်ပြောဆိုကန့်ကွက်မှု မပြုလုပ်ရဲ ကြပေ။ အဘယ့်ကြောင့်ဆိုသော် ကျန်စခန်းများမှ ကိုယ်စားလှယ်များက ကျွန်တော်တို့အား သူတို့စခန်းများသို့ ပြောင်းရွေ့ရန် ခေါ်ကြသည်အထိ လေးစားခံရမှုက ရှိနေခဲ့သည့် အတွက်ကြောင့် ဖြစ်သည်။
ညီလာခံကျင်းပစဉ် ဝမ်ခစခန်းမှ ကျောင်းဆရာ ဦးယုနွယ်က ကိုသန်းဝင်းအားလာပြီး ညှိသည်၊ ကျွန်တော်ကိုဖြုတ်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဖြစ်သည့် ကိုသန်းဝင်းကို တင်မည်အားလုံးကို ညှိထားပြီးဖြစ်သည်ဟု လာပြောသည်။ ထိုအချက်ကို ကိုသန်းဝင်းက ငြင်းလိုက်သည်၊ သူ့အနေနှင့် ကျွန်တော့်ကို ဖြုတ်ချပြီး နေရာမယူလိုကြောင်း၊ ကိုထွန်းမှားတာ မရှိဘဲ သူနေရာမယူလိုကြောင်း ကိုထွန်းကိုသာ ပြန်ရွေးရန် ပြောသဖြင့် ဦးယုနွယ် နောက်ဆုတ်သွားသည်။
ထိုအချက်ကို နောင်အမေရိကန် နိုင်ငံရောက်ပြီးမှ ကိုသန်းဝင်းပြောပြ၍ သိရသည်။ ဖြစ်နိုင်သည်မှာ ဝမ်ခစခန်းသင်တန်းဆင်းပွဲတွင် ကရင်အလံကိုင်၍ သစ္စာပြုရန် ဦးယုနွယ်က သဘောတူထားသည်ကို ကျွန်တော်က ပယ်ဖျက်ခဲ့သဖြင့် အမျက်ထားခြင်းဖြစ်နိုင်သည်။ ထိုစဉ်က မည်သူတွေ ဘာတွေလုပ်နေသည် အုပ်စုဖွဲ့နေသည် ဂရုစိုက်ကြည့်မနေခဲ့မိ။ ကိုကိုလေးကလည်း ဒေါက်တာ နိုင်အောင်တို့အုပ်စုက ကျွန်တော့်ကို ဖြုတ်မည်ကြားသဖြင့် လက်မခံနိုင်ကြောင်း ပြန်လည်တုံ့ပြန်ရလိမ့်မည် ဖြစ်ကြောင်း ကျွန်တော့်ကို ဖြုတ်ချဖို့ မကြိုးစားရန် ဆွေးနွေးခဲ့သည်ဟု အမေရိကန်ရောက်ပြီး မကြာသေးခင်က ပြောပြ၍ သိရသည်။ အရေးပေါ်ညီလာခံတွင် မဲဆွယ်စည်းရုံးမှုကို ကျွန်တော် စိုးစိမျှမလုပ်ခဲ့။ ထိုသို့ လုပ်ရန်လည်း စိတ်မဝင်စားခဲ့ပေ။
ထို့နောက် ညီလာခံတက်ရောက်လာကြသော ကိုယ်စားလှယ်များကို ကျွန်တော်က ABSDF တွင် ဗဟိုနှစ်ခု ဖြစ်ပေါ်နေကြောင်း ဗဟိုကော်မီတီနှင့်စင်ပြိုင် ကေအင်န်ယူနယ်မြေဗဟိုကော်မီတီဟူ၍ ရှိနေကြောင်း ထိုကိစ္စကို ရဲဘော်တို့ မည်ကဲ့သို့ စဉ်းစားဆုံးဖြတ်မည်နည်းဟု အားလုံးကို ရှင်းပြလိုက်သည့်အခါ၊ ညီလာခံတစ်ခုလုံး ဒေါသဖြင့် ဆူညံသံများဖုံးလွှမ်းပြီး အော်ဟစ်မေးမြန်းခဲ့ကြသည်။
မင်းသမီးစခန်းဥက္ကဋ္ဌအဖြစ် တက်ရောက်လာသူ ကိုအောင်သန်းဝင်းက “ဘယ်ကောင်တွေလဲကွ၊ မလိုဘူး ဗဟိုဆိုတာ တစ်ခုပဲရှိရမယ် အပြိုင်ထားတာကိုဖျက်ပစ်” ဟု အော်သည်။ တချို့ကလည်း “ဗဟိုစင်ပြိုင်လုပ်တာ ရန်သူအားပေးတာနဲ့အတူတူဘဲ ညီညွတ်ရေးကို ပျက်ပြားစေတဲ့အတွက် လက်မခံနိုင်ဘူး” ဟု သဘောထား ပေးကြသည်။ စင်ပြိုင်ဖွဲ့စည်းထားခြင်းကို ထောက်ခံသူ မည်သူမျှ မရှိချေ။ ထိုအခါ ဗဟိုကော်မတီကို လေးစားသမှုမပြုခဲ့သည့် ကေအင်န်ယူနယ်မြေဗဟိုဥက္ကဋ္ဌဖြစ်သူ ကိုကျော်ကျော်က မျက်နှာငယ်လေးနှင့် “ကျွန်တော်တို့ကလည်း လုပ်ချင်လို့ လုပ်နေတာမဟုတ်ပါဘူး၊ ဗဟိုနှစ်ခုဖြစ်နေတာ ကျွန်တော်တို့လဲ သဘောမကျပါဘူး” ဟု လေပြေထိုးလာခဲ့သည်။ ထို့ကြောင့် ညီလာခံမှ ကရင်နယ်မြေဗဟိုကော်မီတီကို အများသဘောတူ ဖျက်သိမ်းလိုက်သည်။
ထိုနေ့ညပိုင်းတွင် ကေအင်န်ယူအထွေထွေအတွင်းရေးမှူး ဖဒိုဘသင်စိန်ရောက်လာပြီး ညီလာခံအဆောက်အဦ နောက်ရှိအပြင်ဘက်တွင် စကားပြောရန်ခေါ်သဖြင့် သွားတွေ့ရာ ဖဒိုဘသင်စိန်က “ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ကေအင်န်ယူဗဟိုကော်မတီကို ဆက်ထားပေးပါ ခင်ဗျားတို့ဗဟိုကိုလည်း ကျွန်တော်တို့ ကူညီပါ့မယ်” လို့ပြောလာခဲ့ပါသည်။ ထိုအခါ နဂိုစိတ်တွင်း မခံချင်စိတ်ကြောင့် စိတ်မထိန်းနိုင်ဘဲ “ဖထီး၊ ကျွန်တော်တို့ အဖွဲ့အစည်းကြားမှာ ဝင်မပါပါနဲ့၊ ကျောင်းသားကေအင်န်ယူနယ်မြေဗဟိုကိုထားခွင့် ခွင့်မပြုနိုင်ဘူး” ဟု ခါးခါးသည်းသည်း ငြင်းဆိုလိုက်သည့်အခါ ဖဒိုဘသင်သည် “ဟင်း” ဟု တစ်ချက် မာန်ဖြင့်အသံပြုပြီး ဘာမှမပြောတော့ဘဲ ချာကနဲလှည့်ထွက်သွားခဲ့သည်။
နောက်တနေ့ညီလာခံစသည့်အခါ ထမင်းဟင်းချက်ကျွေးသည့် ကရင်စားဖိုမှူးများတယောက်မှ မရှိတော့ဘဲ ပျောက်ကုန်ကြသည်။ စားစရာ ဆန်၊ ပဲ၊ ဆီ ကအစ ဘာတခုမျှ ဖိုရုံထဲတွင် မကျန်တော့။ ညတွင်းချင်း သိမ်းသွားပုံရသည်။
သူတို့သဘောကိုမလိုက်၍ ကေအင်န်ယူက ပညာပေးခြင်းဖြစ်ကြောင်းရိပ်မိလိုက်သည်။ ညီလာခံကို မည်ကဲ့သို့ဆက်လုပ်ရမလဲ၊ ဘယ်လိုစားကြမလဲ ပြဿနာစတက်တော့သည်။ ကံကောင်းချင်တော့ ကျွန်တော့်အိပ်ကပ်ထဲတွင် ဦးတင်မြင့်ဦးပေးလိုက်သည့် သွားစိုက်ရန်ငွေ ဘတ်သုံးထောင် ရှိနေသည့်အတွက် ကိုသန်းဝင်းအားခေါ်ပြီး “သန်းဝင်းရေ တော်လဲထသွားပြီး ဆန်နှစ်အိတ်၊ ပဲနဲ့ ဆီဆား အမြန်ဝယ်ခဲ့ကွာ” ဟု ပါသမျှငွေပေး၍ လွှတ်လိုက်ရသည်။ သွားပြန်စိုက်ဖို့မစဉ်းစားနိုင် ကိုသန်းဝင်းပြန်ရောက်လာမှ ညီလာခံကို ပြန်စရသည်။ ညီလာခံပြန်စသည့်အခါ ကေအင်ယူနှင့် ပြဿနာမတက်စေရန် ဗဟိုဟူသော အသုံးအနှုန်း မပါဘဲ ကေအင်ယူနယ်မြေကော်မတီအဖြစ်ထားခြင်းကို ခွင့်ပြုခဲ့ရသည်။
ညီလာခံတွင် ယခင်က ဗဟိုကော်မီတီဝင်ဟောင်းများကို မူလသူတို့ရာထူးများကိုဆက်ထားပြီး ကျန်နေရာများကို ဖြည့်သွားရန် သဘောတူကြသည်။ ထို့နောက် အပြောအဆိုကောင်းသော သေ့ဘောဘိုး စခန်းမှ ကိုအောင်သန်းကို တွဲဘက်အတွင်းရေးမှူးနေရာကို အများသဘောတူညီလာခံမှ ရွေးချယ်လိုက်သည်။ ကျန်နေရာများအတွက် သင့်တော်သူများကိုရွေးချယ်ရန်နှင့် အဆိုပြုခံရသူများကလည်း တကယ်တာဝန်ယူနိုင်မှ လက်ခံကြရန် တိုက်တွန်းရသည်။ ထိုသို့ရှိနေစဉ် တင်မောင်ဆန်းတစ်ယောက် ညီလာခံခန်းမထဲသို့ ဒေါကြီးမောကြီးနှင့်ဝင်လာပြီး “ထွန်းအောင်ကျော် ဥက္ကဋ္ဌဖြစ်ရင် ကျုပ်တို့စခန်းက လုံးဝလက်မခံဘူး၊ ABSDF က ထွက်မယ်” ဟု ပြောဆိုခဲ့သည်။ ထို့နောက် တွဲဘက် အထွေထွေအတွင်းရေးမှူး ၁ အဖြစ် အရွေးခံထားရသော ကိုအောင်သန်း(ကွယ်လွန်) သည် သေ့ဘောဘိုးစခန်း ကိုယ်စားလှယ်မဟုတ်ကြောင်း သူသာလျှင် တရားဝင် ခန့်အပ်လိုက်သည့် ကိုယ်စားလှယ်ဖြစ်ကြောင်း ပြောဆိုပြီး ကိုအောင်သန်းကို ဆက်လက်တိုက်ခိုက် ပြန်လေသည်။ ကိုအောင်သန်းသည် အသားညိုညို ခပ်ဖိုင့်ဖိုင့် အရပ် ၅ ပေ ၄ လက်မ ခန့်ရှိပြီး နှုတ်ခမ်းမွှေး စစနှင့်ဖြစ်သဖြင့် သူ့ကို နှုတ်ခမ်းမွှေးအောင်သန်းဟု သိကြသည်။ အရက်ကြိုက်သဖြင့် မင်းကြီးအောင်သန်းဟု လည်းခေါ်ကြသည်။
ခင်မင်နှစ်လိုဘွယ်ရာ အပြုံးကို ဆောင်ထားတတ်ပြီး လူကြီးဆန်သည်။ စကားပြော ဆိုရာတွင်လည်းကောင်း ဆွေးနွေးတင်ပြရာတွင်လည်းကောင်း၊ ချက်ကျကျပြောတတ်သဖြင့် ကိုယ်စားလှယ် များက သူ့ကို တွဲဘက်အတွင်းရေးမှူးနေရာပေးရန် သဘောတူထားခြင်းဖြစ်သည်။ ကိုအောင်သန်းက သေ့ဘောဘိုးကိုယ်စားလှယ်အဖြစ်မှ သူထွက်ပေးမည်ဖြစ်ကြောင်း၊ သူ့အစား စခန်းကိုယ်စားလှယ်အဖြစ် တင်မောင်ဆန်းအားပေးကြောင်းတို့ကို ငြင်းခုန်ခြင်းမပြုဘဲ နေရာမှဆင်းပေးလိုက်သည်။ ထိုအခါ ကိုယ်စားလှယ် များထဲမှ ကိုကိုလေး၊ ကိုထွန်းဦး၊ ကိုသန်းဝင်း၊ ကိုစိုးလေးတို့က ညီလာခံခေတ္တနားပြီး တင်မောင်ဆန်းနှင့် ညှိကြသည်။ ကိုအောင်သန်းက ထွက်ပေးသဖြင့် ကိုအောင်သန်းကို ပေးထားသော တွဲဘက်အထွေထွေ အတွင်းရေးမှူးနေရာကို တင်မောင်ဆန်းအားပေးလျှင် ကျေနပ်မည်လားဟု ဖြစ်သည်။ ကိုကိုလေးက သူတို့အနေနှင့် စခန်းတစ်ခု ပဲ့မထွက်သွားစေရန် တင်မောင်ဆန်းကို ကိုအောင်သန်းနေရာပေးဖို့ ကမ်းလှမ်းမည်ဟု ကျွန်တော့်ကို လာပြောခဲ့သည်။ ကျွန်တော်က “ငါ့အနေနဲ့ ပုဂ္ဂိုလ်ရေးဘာပြဿနာမှမရှိဘူး၊ သူ့ကိုလည်း ငါဘယ်တုံးကမှ မတိုက်ခိုက်ခဲ့ဘူးဘူး၊ ဒါပေမယ့်၊ မင်းတို့ဟာက အဓိပ္ပါယ်ရှိပါ့မလား။ ဘာဖြစ်လို့လဲဆိုတော့ အောင်သန်းကိုရွေးတာ သူ့အရည်အချင်းကို ကြိုက်လို့ရွေးကြတာ၊ အောင်သန်းက သေ့ဘောဘိုးကိုယ်စားလှယ်ဖြစ်လို့ သူထွက်သွားတဲ့အတွက် သူ့စခန်းကလူပဲ သူ့နေရာယူရမယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး၊ ဒီနေရာဟာ သေ့ဘောဘိုးစခန်းတစ်ခုထဲအတွက် ရာထားတဲ့ နေရာမဟုတ်ဘူး၊ ဘယ်စခန်းကိုယ်စားလှယ်ကဖြစ်ဖြစ် အရွေးခံပိုင်ခွင့်ရှိတယ်။ တော်ကြာညီလာခံမှာချပြပြီးမှ လက်မခံရင် မကောင်းဘူး” ဟု ပြန်ပြောခဲ့သည်။ ကိုကိုလေးက သူတို့ကြည့်လုပ်မည်ဟုပြောပြီး ပြန်ထွက်သွားသည်။ နောက်ညှိကြသည့်အခါ ကိုကိုလေးက တင်မောင်ဆန်းကို “ခင်ဗျားကို ကိုအောင်သန်းနေရာ တွဲဘက် အထွေထွေအတွင်းရေးမှူးပေးမယ်၊ ကျေနပ်လား” ဟု ပြောသည့်အခါ တင်မောင်ဆန်းက “ဒါဆိုကျေနပ်တယ်” ဟု ပြောသည်ကို ကြားသိရသည်။ နောက် “ခင်ဗျား၊ ကိုထွန်းအောင်ကျော်အပေါ် ပြဿနာရှိသေးလား၊ ကျေလည်သလား” ဟု ထပ်မေးရာတွင် “မရှိတော့ပါဘူး၊ ကျွန်တော် ဘာပြဿနာမှ မရှိတော့ပါဘူး။ ကျေလည်ပါတယ်” ဟုဆိုပြီး သဘောတူသည့်အတွက် ညီလာခံကိုပြန်စခဲ့သည်။
ညီလာခံပြန်စသည့်အခါ သဘာပတိလုပ်သည့် ကျွန်တော်၊ ဦးယုနွယ်တို့ကို အမှူးထားပြီး အခန်းနားမှူး ကိုသန်းဝင်းက ကိုအောင်သန်း ညီလာခံကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်သွားသည့်အတွက် သူ့နေရာတွင် တင်မောင်ဆန်းကို တွဲဘက်အထွေထွေအတွင်းရေးမှူးပေးဖို့ ညှိုနှိုင်းခဲ့ကြောင်းကို ညီလာခံ၌ သဘောတူညီချက် ရယူရန် တင်ပြသည့်အခါ ညီလာခံကိုယ်စားလှယ်များက ကိုအောင်သန်းကဲ့သို့ အရည်အချင်းရှိသည့်သူက ထွက်ပေးရပြီး ညီလာခံထဲကို လူမိုက်ပုံစံဖြင့် ဗြုံးစားကြီးဝင်လာပြီး သူတို့စခန်းခွဲထွက်မယ်ဟု ချိမ်းခြောက်သည့် တင်မောင်ဆန်းကို နေရာပေးမယ်ဆိုသည့်အခါ လက်မခံနိုင်တော့ဘဲ ဝိုင်းပြီးကန့်ကွက်ကြပြီး မဲနှင့်သာ မည်သူဖြစ်သင့်သည်ကို ရွေးချယ်မည်ဟု ကန့်ကွက်ပြောဆိုကြသည်။
ထိုအခါ တင်မောင်ဆန်းက နေရာမှထပြီး “ကျုပ်တို့စခန်းက ထွန်းအောင်ကျော် ဥက္ကဋ္ဌဖြစ်ရင် လက်မခံဘူး၊ သူက ဦးတင်မြင့်ဦးဆီမှာ သွားစိုက်ဖို့ ဘတ်ငွေ သုံးထောင် တောင်းယူသွားတယ်၊ ခင်ဗျားလို သွားကျိုးနေတဲ့သူတွေ ကျုပ်တို့စခန်းမှာ အများကြီးရှိတယ်” ဟု ဆိုပြီး ဆူပူသောင်းကျန်းပြန်သည်။ ထိုအခါ ကျွန်တော် တော်တော်အံ့သြသွားမိသည်။ ဦးတင်မြင့်ဦးက သွားစိုက်ရန် ဘတ်ငွေ သုံးထောင်ကို ကျွန်တော်က မတောင်းဘဲ သူသဘောနှင့်သူ ပေးခဲ့သည်ကို သူနှင့် ကျွန်တော်သာ သိသည်။ အခြားမည်သူမျှမသိ။ ထိုအကြောင်းကို တင်မောင်ဆန်းကသိနေခဲ့သည်။ ဦးတင်မြင့်ဦး မပြောဘဲ မသိနိုင်သည့်ကိစ္စ ဖြစ်သည်။ ဘာကြောင့် ဦးတင်မြင့်ဦးက တင်မောင်ဆန်းကို ပြောခဲ့သနည်း။ ကျွန်တော့်ကို တိုက်ခိုက်ရန် လမ်းကြောင်းပေးလိုက်သည်လား။ ဖြစ်နိုင်ချေ များစွာရှိနေသည်။
တင်မောင်ဆန်းက ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်ပြီး တိုက်ခိုက်လာသော်လည်း ညီညွတ်ရေးကို ရှေးရှူပြီး စခန်းခေါင်းဆောင်တစ်ဦးတင်ပြလာသည်ကို ညီလာခံကိုယ်စားလှယ် အများစုက မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ရန် ညီလာခံကြီးကို ခေတ္တရပ်နားလိုက်ပြီး ဒေါက်တာသောင်းထွန်းက မေးမြန်းသူ နေရာတွင်နေ၍ ကျွန်တော်နှင့် တင်မောင်ဆန်းကို မေးခွန်းများထုတ်၍ တစ်ဦးချင်းစီ၏ လုပ်ဆောင်ချက်များကို ညီလာခံကိုယ်စားလှယ်များကို နားထောင်စေခဲ့သည်။
ပထမဦးစွာ တင်မောင်ဆန်းအား ကိုသောင်းထွန်းက အေဘီအက်စ်ဒီအက်ဖ်ပို့စကတ်များကို မဲဆောက်မြို့တွင် ကုန်သည်များကို တင်မောင်ဆန်းက ရောင်းချခဲ့သည်ဟု ကြားရကြောင်း ထို့ကြောင့် ပို့စကတ် မည်မျှရောင်းချ၍ မည်မျှရရှိခဲ့သနည်းဟု မေးမြန်းခဲ့ရာ တင်မောင်ဆန်းက ပို့စကတ် ၅၀ ခန့်ကို အောင်နိုင်က ပေးသဖြင့် ရရှိခဲ့ပြီး ကုန်သည်များကို တစ်ခုလျှင် ဘတ် ၅၀၀ မှ ဘတ် ၁၅၀၀-၂၀၀၀ အထိ သူတို့ပေးလျှင် ပေးသလောက်နှင့် ရောင်းချခဲ့ရာ စုစုပေါင်း ရောင်းရငွေ ဘတ် ၇၅၀၀ ခန့်ရပြီး ပို့စကတ်တစ်ခုကို ၁၀ ဘတ်နှုန်းဖြင့် ဈေးဖြတ်၍ အခု ၅၀ အတွက် ဘတ်ငွေ ၅၀၀ ကို အောင်နိုင်တို့ကို ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ငွေများကိုမူ တပ်ရင်းမှူး သုံးပိုင်ခွင့်နှင့် သုံးပစ်လိုက်ကြောင်း ဖြေကြားခဲ့သည်။
ထို့နောက် ကိုသောင်းထွန်းက ကျွန်တော့်ကို ပို့စကတ်များကို ဘန်ကောက်တက်စဉ် ရောင်းချခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မည်ကဲ့သို့ ရောင်းချခဲ့ပြီး မည်မျှရရှိခဲ့သနည်းဟု မေးမြန်းခဲ့သည်။ ကျွန်တော်က ဘန်ကောက်တွင် အသိမိတ်ဆွေများ၊ နိုင်ငံခြားသားများကို ရောင်းချရာတွင် ပို့စကတ် ၄၀ - ၅၀ ခန့်ရောင်းရပြီး အချို့က ဘတ် ၂၀၀၊ အချို့က ဘတ် ၁၀၀၀ အစားစား ပေးကြကြောင်း၊ စုစုပေါင်း ဘတ်ငွေ ၈၀၀၀ ခန့်ရရှိခဲ့ပြီး ထိုငွေအားလုံးကို ဘဏ္ဍာရေးသို့ အပ်လိုက်ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဘဏ္ဍာရေးကော်မတီမှလည်း လက်ခံရရှိကြောင်း အတည်ပြုခဲ့သည်။
ထိုအခါတင်မောင်ဆန်းကထပြီး “ခင်ဗျာအရှက်မရှိ ဘတ်ငွေသုံးထောင်ယူထားတယ် အဲဒါကိုရှင်းပါ” ဟုဆိုသည်။ ကျွန်တော်က “အဲဒီဘတ်ငွေသုံးထောင်နဲ့ အခုညီလာခံကို ကျင်းပနေတာ၊ ညီလာခံ ကိုယ်စားလှယ်တွေ စားဖို့ဆန်နဲ့ပဲကို ဒီငွေနဲ့ဝယ်ပြီး လုပ်နေတာငါကိုယ်ကျိုး လုံးဝသုံးမထားဘူး၊ သန်းဝင်းကို မေးကြည့်ဟုတ်မဟုတ်ဆိုတာ၊ အခု မင်းတို့အားလုံးစားနေတာ အဲဒီငွေနဲ့ စားနေတာ” ဟု ပြန်ပြောခဲ့သည်။ ကိုသန်းဝင်းကထပြီး “ဟုတ်တယ်၊ ကိုထွန်းက ဘတ်ငွေသုံးထောင်ထုတ်ပေးလို့ တော်လဲထမှာ ဆန်နဲ့ ပဲသွားဝယ်ပြီး ညီလာခံ လုပ်နေတာဖြစ်တယ်” ဟု ထောက်ခံပြောခဲ့သည်။ ထို့နောက် အပြန်အလှန် စွပ်စွဲချက်များကို ရှင်းပြီးဖြစ်သည့်အတွက် ညီလာခံကြီးကို ပြန်စတော့မည်ဖြစ်ကြောင်း ကြေညာပြီး ညီလာခံ၌ ရွေးချယ်ပွဲကို ပြန်စကြသည်။
အားလုံးက ကျွန်တော့်ကို ဥက္ကဋ္ဌအဖြစ် ပြန်ရွေးချယ်ခဲ့ကြပြီး တင်မောင်ဆန်းကို မည်သည့်နေရာမှ မပေးခဲ့ကြပေ။ ထိုအခါ တင်မောင်ဆန်းက ထပြီး “ကျုပ်တို့စခန်းက ထွန်းအောင်ကျော်ကို လုံးဝမထောက်ခံဘူး။ ABSDF ကနေ ခွဲထွက်တယ်။ ထွန်းအောင်ကျော် မဲဆောက်မြို့ကို လာရဲရင် လာကြည့်” ဟု ကြိမ်းဝါးပြီး လှေနှင့်ပြန်ရန် လုပ်သည့်အခါ ကိုဌေးနိုင်က “အကိုကြီး ကျွန်တော်လိုက်ပို့မယ်” ဟု ဆိုပြီး တင်မောင်ဆန်းနှင့်အတူ လှေဆိပ်သို့ ဆင်းသွားသည်။ ကိုဌေးနိုင်သည် တင်မောင်ဆန်းစခန်းမှဖြစ်သည်။ တင်မောင်ဆန်းကိုလည်း အလွန်ကြည်ညိုသူ ဖြစ်သည်။ တစ်လမပြည့်ခင် တင်မောင်ဆန်းက သူ့စခန်းမှရဲဘော်များကို ဆက်နေလျှင် ကရင်လက်အောက်ခံဖြစ်သွားလိမ့်မည်ဟု ပြောပြီး ထိုင်းဖက်သို့ထွက်ရန် ခေါ်သဖြင့် စခန်းရှိရဲဘော်များ ထွက်လိုက်လာကြရာ မဲဆောက်တွင် သောင်တင်ကာ ဘုန်းကြီးကျောင်းတွင် ကပ်နေကြရရာ အများစု စိတ်ဓါတ်ကျလာသည့်အတွက် မြဝတီမှတစ်ဆင့် မြန်မာပြည်သို့ ပြန်သည်ဟု ကြားသည်ရ၍ စိတ်မကောင်း ဖြစ်ခဲ့ရသည်။ တင်မောင်ဆန်း၏စခန်းလည်း ညီလာခံတွင် သူနေရာ မရခဲ့ခြင်းကို အကြောင်းပြု၍ သူဖျက်စီး လိုက်သဖြင့် ပျက်သွားခဲ့သည်။
နောက်အပတ်ဆက်ရန်။
No comments:
Post a Comment