Tuesday, April 1, 2014

ထားဝယ်ချောင် အမှိုက်ပုံမှ လျှပ်စစ်ထုတ်လုပ်ရန် ကန်ဒေါ်လာသန်း ၁၃၀ နီးပါး သုံးစွဲမည်


ရန်ကုန်၊ ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ထားဝယ်ချောင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၁၂၈ သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းကို လုပ်ကိုင်ခွင့် ရရှိသည် Zeya & Associates မှ ဒါရိုက်တာ ဦးဇေယျသူရမွန်က ပြောကြားသည်။
တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (Build -Operate-Transfer/ BOT) စနစ်ဖြင့် အဆိုပါ လုပ်ငန်းကို ကနဦး ၂၅ နှစ် လုပ်ကိုင်ခွင့်ရရှိပြီး အဆိုပါကာလ လွန်မြောက်မှသာ ဆက်လက် သက်တမ်းတိုးရန် ရှိ မရှိကို ဝန်ကြီးဌာနများနှင့် ဆွေးနွေးမည် ဖြစ်သည်ဟု ၎င်းကဆိုသည်။
“အကျိုးအမြတ် ခွဲဝေပုံကတော့ Public Interest (ပြည်သူ့အကျိုးစီးပွား) မဟုတ်တဲ့အတွက် ပြောဖို့ မရှိပါဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ၎င်းတို့ ကုမ္ပဏီအကြား အကျိုးအမြတ် ခွဲဝေပုံနှင့် ပတ်သက်၍ ၎င်းက ပြောကြားသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုအရ ထားဝယ်ချောင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ၁၅ မဂ္ဂါဝပ်ကျော်ကို ထုတ်လုပ်နိုင်မည် ဖြစ်ပြီး ရရှိလာသည့် လျှပ်စစ်ဓာတ်အားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဥပဒေနှင့်အညီ ရောင်းချမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် Zeya & Associates ကုမ္ပဏီတို့အကြား BOT သဘောတူညီချက် စာချုပ်ကို မတ်လ ၃၁ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် Zeya & Associates ကုမ္ပဏီအကြား လျှပ်စစ် ဝယ်ယူရေး သဘောတူညီချက် (Power Purchasing Agreement_PPA) စာချုပ်များ ချုပ်ဆိုအပြီး ၂ နှစ်အကြာတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည်ဟု အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
Zeya & Associates ကုမ္ပဏီနည်းတူ ထိန်ပင်အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်ယူရန်အတွက် တင်ဒါအောင် ကုမ္ပဏီဖြစ်သည့် Chasson International ကုမ္ပဏီသည် အကျိုးအမြတ် ၈၅ ရာခိုင်နှုန်းဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် BOT သဘောတူစာချုပ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့သည်။
သာကေတမြို့နယ်တွင် မတ်လ ၇ ရက်နေ့က ပြုလုပ်သော ၁၃ မဂ္ဂါဝပ် ဒီဇယ် ဓာတ်အားပေး စက်ရုံကိုလည်း Zeya & Associates ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားထားသည်။

No comments: