Wednesday, February 12, 2014

ထိုင်းအစိုးရ အလိုရှိနေတဲ့ ကျနော့်ဆရာ၊ ပညာတတ် တစ္ဆေ၊ ဒီမိုကရေစီ ဆန့်ကျင်ရေး ပညာတတ်

ထိုင်းအစိုးရ အလိုရှိနေတဲ့ ကျနော့်ဆရာ၊
ပညာတတ် တစ္ဆေ၊ ဒီမိုကရေစီ ဆန့်ကျင်ရေး ပညာတတ်
အောင်သူငြိမ်း (၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်)

ဒီနေ့ပဲ သတင်းစာထဲ တွေ့လိုက်ရတယ်။ ထိုင်းအစိုးရက ဆန္ဒပြ သပိတ်ခေါင်းဆောင် ၁၃-ဦးကို ဖမ်းဆီးခွင့်အတွက် တရားရုံးကို လျှောက်ထားလိုက်တယ်။ အဲဒီထဲမှာ ကျနော် တက်နေတဲ့ ထိုင်းနိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးရေး စီမံခန့်ခွဲမှု တက္ကသိုလ် (National Institute of Development Administration-- NIDA) ကျောင်းက ပါမောက္ခချုပ်ဟောင်း ဒေါက်တာ ဆုမ်ဘတ် ထမ်ရောင်ထန်ယာဝုန် (Sombat Thamrongthanyawong) လည်း ပါနေတာ တွေ့ရတယ်။

ဒီကိစ္စက လနဲ့ချီကြာနေပြီ ဖြစ်တဲ့၊ ဖုဝါ့ထိုင်းပါတီ ဦးဆောင်တဲ့ ထိုင်းအစိုးရ ဖြုတ်ချရေးဆန္ဒပြပွဲတွေ အပြီးမှာ ဖြစ်လာခဲ့ တာပဲ။ ထိုင်းနိုင်ငံမှာ ယခုဝန်ကြီးချုပ် ယင်လတ် ရှီနာဝတ် ဦးဆောင်တဲ့ အစိုးရကို အဂတိလိုက်စားမှု၊ ယခင်ဝန်ကြီးချုပ် ဟောင်း တက်ဆင်ရဲ့ မိသားစု ချယ်လှယ်လွှမ်းမိုးမှု ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လူတွေ
ဆန္ဒပြနေကြတာ လအတော်ကြာ ရှိခဲ့ပြီ။ ဆန္ဒပြခေါင်းဆောင်တွေက ဘန်ကောက်မြို့ကို ပိတ်ဆို့ အစိုးရကို ပြုတ်ကျအောင် ဖိအားပေးမယ် ဆိုပေမယ့် အစိုးရက မပြုတ်ကျနိုင်သေးသလို၊ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကတောင် လွှတ်တော်ဖျက် သိမ်းလို့၊ ရွေးကောက်ပွဲသစ် ကျင်းပခဲ့ကြတယ်။ ဒီရွေးကောက်ပွဲကိုတော့ အတိုက်အခံ ဒီမိုကရက်ပါတီတခုလုံးက ရွေးကောက်ပွဲမဝင် သပိတ်မှောက်ခဲ့ကြတယ်။

ဒီနောက်ခံတွေကို ပြောနေရတာကတော့ ကျနော့်ဆရာ ဆုမ်ဘတ် အကြောင်း ပြောချင်လို့ပါ။ သူက NIDA တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် တာဝန်ယူခဲ့ဖူးပြီး၊ တလောက ဆန္ဒပြသူတွေရဲ့ ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကော်မီတီ (PDRP) မှာ အမာခံအဖြစ် ပါဝင်နေခဲ့တယ်။ ခုတော့ အလိုရှိသူ ခေါင်းဆောင် ၁၃-ဦးထဲ ပါနေခဲ့ပြီ။

သူနဲ့ ကျနော်က အတန်း ၂-ခု ယူတော့ တွေ့ခဲ့ဖူးတယ်။ သူက ပြည်သူ့ရေးရာ မူဝါဒ သင်ခန်းစာမှာတကြိမ်၊ သုတေသနပြု နည်း ဆယ်မီနာမှာ တကြိမ် စာပို့ချခဲ့ဖူးတယ်။ အဲဒီမကြုံဖူးခင်ကလည်း သူဟာ တချိန်တုန်းက ထိုင်းနိုင်ငံမှာ ကျောင်းသား တက်ကြွလှုပ်ရှားသူ၊ တချိန်က သူပုန်တောင် ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အပြောမျိုးလည်း ပြင်ပက ကြားခဲ့ရဖူးတယ်။ စာသင်ချိန် မှာတော့ သူက အတော်တည်ကြည်တယ်။ ကျောင်းသားတွေအပေါ် လွှမ်းမိုးနိုင်တဲ့ ကြန်အင်ရှိတယ်။ အမြဲတမ်းလိုလို အနောက်တိုင်းဝတ်စုံကိုလည်း အပြည့်ဝတ်ဆင်ထားတတ်တယ်။ ပါမောက္ခချုပ် (Dean) မိုလို့လည်း ဒီလိုနေထိုင်တတ် တယ်လို့ ထင်မိတယ်။ ကျနော်လည်း တချိန်က သူပုန်ဖြစ်ခဲ့ကြောင်း သူ့ကိုတော့ မပြောပြဖြစ်ခဲ့ဘူး။ မြန်မာပြည် ဖွံ့ဖြိုး တိုးတက်မှုအခြေအနေကိုတော့ တခါတလေမှာ စူးစမ်း မေးမြန်းတတ်တယ်။ စာသင်ချိန်မှာတော့ ဆွေးနွေးဖလှယ်မှုတွေမှာ နည်းနည်း ရှေးကျတယ် (conservative) လို့ ထင်မိတယ်။

သူ့အကြောင်းက လူတယောက်အနေနဲ့တော့ စိတ်ဝင်စားဖွယ် ဖြစ်မယ် ထင်မိတယ်။ ပြီးခဲ့တဲ့ ၂-နှစ်လောက်က သူက ထိုင်း နိုင်ငံမှာ လယ်သမားတွေကို ဆန်ဈေးပိုပေးပြီး အစိုးရက ဝယ်သိမ်းထားပေးတဲ့စနစ်ကို ဝေဖန်တဲ့ စာတန်းတစောင် ရေးခဲ့ တယ်။ အဲဒီတော့ အဲသလိုဈေးကောင်းပေးတာကို နှစ်သက်နေတဲ့ မြောက်ပိုင်းလယ်သမားတွေနဲ့၊ အစိုးရထဲက ပုဂ္ဂိုလ်တွေ က မကြိုက်ကြဘူး။ တခါမှာတော့ လယ်သမားတွေက NIDA တက္ကသိုလ်ရှေ့ ဆန္ဒပြမယ်တောင် လုပ်ခဲ့ကြတယ်။ လယ် သမားဆန္ဒပြသူတွေက ထိုင်းလို သူရဲတစ္ဆေပညာတတ်တွေ ဆိုပြီး၊ ကျနော့်ဆရာတို့ကို ပြစ်တင်ရှုံ့ချခဲ့ကြတယ်။ သူကတော့ စီးပွားရေးအရလည်း အမြတ်မရှိ၊ အစိုးရက ငွေကုန်ကြေးကျခံ လူပြိန်းကြိုက်မူဝါဒနဲ့ ဆွဲဆောင်နေတဲ့ကိစ္စကို ဝေဖန်တာပါ။

မကြာသေးခင်က ယင်လတ် အစိုးရက ဖေဖေါ်ဝါရီလမှာ ရွေးကောက်ပွဲသစ်ခေါ်ပေးမယ်ဆိုတော့ သူ့မှတ်ချက်ကို ကြားရ ပြန်တယ်။ "ပြုပြင်ပြောင်းလဲရေး အရင်လုပ်၊ ကြားကာလမှာ လူထုဦးဆောင်တဲ့ ပြည်သူ့ကောင်စီ People’s Council နဲ့ အုပ်ချုပ်၊ ဖွဲ့စည်းပုံ ပြင်ဆင်ပြီးခါမှ ရွေးကောက်ပွဲလုပ်" ဆိုပြီးတော့ အကြံပြုထားတာ။ အမှန်ပြောရရင်တော့ ရွေးကောက်ပွဲ လုပ်ရင် ထိုင်းမြောက်ပိုင်းကို အမာခံပြုထားတဲ့ အာဏာရပါတီက ပြန်နိုင်မှာပဲ။ မြို့ပြကို အခြေပြုထားတဲ့ ဒီမိုကရက်ပါတီက ရှုံးဖို့များတယ်။ ဒီတော့ သူတို့က ဘုရင်က ခန့်သူလည်းပါ၊ ကျန်တဲ့ကိုယ်စားလှယ်လည်းပါ ဆိုတဲ့ ပြည်သူ့ကောင်စီအုပ်ချုပ် ရေးကို အဆိုပြုလာကြတယ်။ တကယ်ကတော့ ဒီမိုကရေစီနည်း မကျလှပါဘူး။ ဒီလိုနဲ့ ဒီ အိုင်ဒီယာ ထောက်ခံကြသူတွေ ကို ဒီမိုကရေစီဆန့်ကျင်ရေး ပညာရှင်များဆိုပြီး ခေါ်ဝေါ်သမုတ်ခဲ့ကြတယ်။

ဒီလိုအဖြစ်အပျက်တွေကို ကြည့်ရင် ကျနော့်ဆရာက ဘယ်လိုပညာတတ်ပါလိမ့်လို့ ထင်စရာရှိတယ်။ အမှန်က သူဟာ ထိုင်းနိုင်ငံ ကျောင်းသားလှုပ်ရှားမှုတွေ ပြင်းထန်နေခဲ့တဲ့ ၁၉၇၀ ခုနှစ်များမှာ နာမည်ကြီး တက်ကြွလှုပ်ရှားသူ ကျောင်းသား၊ သူပုန်ထခဲ့တဲ့ ကျောင်းသားပဲ။ တပြိုင်နက်တည်းမှာ ရှားရှားပါးပါး စာလည်းတော်တဲ့သူ။ စာတော်ဆို ကဆက်ဆတ် တက္ကသိုလ်မှာ တက်တုန်းက ထိုင်းဘုရင်ပေးတဲ့ ပညာထူးချွန်ဆုလည်း ရခဲ့ဖူးတဲ့သူ။

သူ့အကြောင်းကို ပြန်ပြောပြတော့ သူက ပက်ချဘွန်းလို့ခေါ်တဲ့ အရှေ့မြောက်ပြည်နယ်တခုက ကျောင်းသား၊ မိသားစု မွေးချင်း ၁၁ ယောက်မှာ နံပါတ် ၄ ယောက်မြောက်၊ ငယ်ငယ်က ချို့တဲ့လို့ ကျောင်းမသွားခင် ခြံကိုရေလောင်း၊ ရေသယ် လုပ်ပြီးမှ ကျောင်းတက်ခဲ့ရတဲ့သူ။ သူတက္ကသိုလ်ကို ရောက်လို့ စတုတ္ထနှစ်မှာ ထိုင်းနိုင်ငံ အမျိုးသားကျောင်းသားသမဂ္ဂ (NSCT) မှာ အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ် တင်မြှောက်ခံရတယ်။ အဲသည်အချိန်က ထိုင်းနိုင်ငံအစိုးရတွေ က အာဏာရှင်တွေချည်း။ သူတို့ ကျောင်းသားသမဂ္ဂက ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို တောင်းဆိုဖို့ အမြဲကြံဆောင်နေခဲ့ ကြတယ်။ တက္ကသိုလ် ၁၁ ခု က ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံကြတယ်။ စကားပြောကြတယ်။ အာဏာရှင်စနစ် ကနေ ဒီမိုကရေစီ ဘယ်လိုပြောင်းနိုင်မလဲလို့ ကြံဆခဲ့ကြတယ်။ အဲဒီအချိန်က ထိုင်းနဲ့ ဂျပန်ကုန်သွယ်ရေးမှာ ထိုင်းက အမြဲ တမ်းလိုငွေပြပြီး၊ ထိုင်းပိုင်ဆိုင်မှုတွေကို ဂျပန်ကုမ္ပဏီတွေက လွှမ်းလာလို့ ဂျပန်ပစ္စည်း ဆန့်ကျင်ရေးဆန္ဒပြပွဲတွေလည်း နွှဲခဲ့ ကြတယ်။ ကျောင်းသားလှုပ်ရှားမှုတွေကြောင့် ၁၉၇၃ ခုနှစ်မှာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြောင်းလဲရေးလုပ်ဖို့ အစိုးရက လိုက် လျောခဲ့ကြရတယ်။ ကျောင်းသား ခေါင်းဆောင်တချို့ ဖမ်းဆီးခံရတာကို အကြောင်းပြုလို့ ကျောင်းသား ၄ သိန်းလောက် အုံကြွဆန္ဒပြပွဲကြီး ဖြစ်ခဲ့တယ်။ တက္ကသိုလ်ကျောင်းသား လှုပ်ရှားသူ ဆုမ်ဘတ်က ၁၉၇၄ ခုနှစ်မှာ၊ တိုင်းမ်စ် မဂ္ဂဇင်းက ထိုင်းနိုင်ငံရဲ့ အမျိုးသားသူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်တာတောင် ခံခဲ့ရသူ။ ဒါပေမယ့် တဖက်ကလည်း ပညာ ထူးချွန်သူ။ တက်ကြွလှုပ်ရှားသူ ကျောင်းသားအများက ပညာချွန်ကြတာမျိုး မဟုတ်ဘူး။ သူကတော့ ပညာလည်း ချွန် အောင် ကြိုးစားခဲ့တယ်လို့ ပြန်ပြောပြတယ်။

ကျောင်းက ဘွဲ့ရတော့ The Thai Party ဆိုပြီး နိုင်ငံရေးပါတီငယ်တခု ထောင်ခဲ့သေးတယ်။ ရွေးကောက်ပွဲမှာ အမတ် ၄ နေရာ အနိုင်ရလို့၊ ဝန်ကြီးတနေရာ ကမ်းလှမ်းခံရသေးတယ်။ ဒါပေမယ့် သူက အသက် ၂၃ နှစ်ပဲရှိသေးတော့၊ အသက် မမှီလို့ဆိုပြီး ဝန်ကြီး မဖြစ်ခဲ့ရဘူး။ ထိုင်းနိုင်ငံရေး အပြောင်းအလဲမှာ အိမ်ကိုမပြန်နိုင်ဘဲ တနှစ်လောက် နေခဲ့ရတာလည်း ရှိသေးတယ်။ နောက်တော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့မှ အိမ်ပြန်နိုင်တယ်။ နောက်တော့ NIDA တက္ကသိုလ်ကပဲ ပထမဦးဆုံး Ph.D ဘွဲ့ရကျောင်းသား၊ နောက်တော့ ကျောင်းမှာ ပါမောက္ခ၊ နောက်ဆုံး အုပ်ချုပ်ရေးဖက် ပါမောက္ခချုပ် လုပ်ခဲ့တဲ့သူ။ ဘုတ်အဖွဲ့အတော်များများ နဲ့ လွှတ်တော်အမတ်အဖြစ်ပါ ဆောင်ရွက်ခဲ့ဖူးတဲ့သူပါ။

သူက ပြောဖူးတယ်။ "သူပုန်ဆန်တဲ့ ကျောင်းသားတွေကို ကျနော်က ကျောင်းမထုတ်ပစ်ဘူး။ သူတို့မှာ လွတ်လပ်စွာ ဖော်ပြ ပြောဆိုခွင့်ရှိပါတယ်။ ထိုင်းနိုင်ငံက ဒီမိုကရေစီနိုင်ငံပါ၊ ကျောင်းသားတွေက သူတို့ရဲ့ လွတ်လပ်ခွင့်ကို အသုံးချနိုင်တယ်" လို့ ပြောခဲ့ဖူးပါတယ်။ အခုတော့ သူပုန်ဆရာအဖြစ် သူ့ရဲ့ လွတ်လပ်ခွင့်ကို အသုံးချနေပုံပါ။ သူရဲ့ ဘဝခရီးကလည်း ထိုင်းနိုင်ငံ နိုင်ငံရေး အရှုပ်အထွေး လှိုင်းဂယက်တွေထဲ စုံဆန်ကူးခတ်နေဆဲ ထင်ပါရဲ့။

မှတ်ချက်....ကိုအောင်သူငြိမ်းဆောင်းပါးကိုရှယ်လိုက်တာပါ..

No comments: