Sunday, February 9, 2014

"မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ" အပိုင်း ၁၅ - ၁၆

 

"မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ" အပိုင်း ၁၅

February 1, 2014 at 6:36am
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက် ကြာသာပတေးနေ့ထုတ်မှာပါတဲ့ ကျွန်တော့်ရဲ့ ကိုယ်တွေ့မှတ်တမ်း အခန်းဆက်ဆောင်းပါးရှည် "မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ" အပိုင်း ၁၅

ယခင်အပတ်မှအဆက်

ထိုကဲ့သို့ စခန်းများမှ ပြန်လိုသူများ ထိုင်းဖက်ကူးပြီး သတင်းမီဒီယာများရှေ့တွင် ကျောင်းသားများ အစုလိုက်အပြုံလိုက်ပြန်သည်ကို တွေ့ပါက ပြည်တွင်းမှ ရဲဘော်ရဲဘက်များ စိတ်ဓါတ်ကျမည့်အပြင် စခန်းတွင်းရှိ ရဲဘော်များလည်း စိတ်ဓါတ်များစွာ ကျဆင်းနိုင်သည့် အတွက် မာနယ်ပလောတွင် စည်းဝေးကြပြီး ပြန်လိုသူများကို ပြန်ခွင့်ပြုမည်။ သို့ရာတွင် ထိုင်းအစိုးရ၏ တပ်ခ်စခန်းမှဖြတ်ပြီး ပြန်ခြင်းထက် စခန်းအသီးသီးမှ ပြန်လိုသူများအားလုံးကိုစုပြီး မဟာမိတ်က လမ်းပြပေးသည့် အတွင်းလမ်းမှ ပြန်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြသည်။ အဓိကအချက်မှာ ကျောင်းသားများ စိတ်ဓါတ်မခိုင်မာ၊ အကြမ်းမခံနိင်ဆိုသည့် အမြင်မျိုး မမြင်စေရန်နှင့် ရန်သူ၏သဘောထားကြီးမှုကြောင့် ထောင်နှင့်ချီပြီး ပြန်လာသည်ဟု နိုင်ငံရေးအမြတ်ထုတ်ခွင့် မပေးလို၍ ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကို စခန်းအသီးသီး နယ်မြေအသီးသီးသို့ အကြောင်းကြားခဲ့ပြီးနောက် ပြန်လိုသော ကျောင်းသားများကို သံလွင် ဦးသုထစခန်းတွင် အနီးအနား၌ရှိသည့် စခန်းများမှ တပ်ရင်းများကိုခေါ်ပြီး ရဲဘော်များထဲမှ ပြန်လိုသူများ ဘယ်ဖက်ကိုသွား တော်လှန်ရေးဆက်လုပ်ချင်သူများ ညာဖက်ကိုထွက်ဟု ဘောလုံးကွင်းထဲတွင် ပြန်လိုသူနှင့် မပြန်လိုသူများကို ခွဲထုတ်သည့်အခါ ပြန်လိုသူနှင့် မပြန်လိုသူ တစ်ဝက် တစ်ဝက်စီ ဖြစ်နေခဲ့သည်ဟု ထိုစဉ်က ကိုယ်တိုင်ကိုယ်ကျ လူစစ်ခွဲပေးခဲ့သည့် ကိုသန်းဝင်းက ပြန်ပြောပြသဖြင့် မှတ်တမ်းတင်ထားခဲ့သည်။ ပြန်မည့်သူများကို ကေအင်န်ယူက လမ်းကြောင်းပေး၍ ပြန်ခွင့်ပြုသည် တစ်ဖက်နှင့် တစ်ဖက်ခွဲခြားပြီးနောက် ပြန်မည့်သူများက မပြန်ဘဲနေရစ်သည့် သူတို့သူငယ်ချင်းများကို “ယောက်ဖရေ သွားပြီဟေ့၊ နောက်များမှ ပြန်တွေ့ကြမယ်” “သွားတော့၊ သူငယ်ချင်းရေ ရန်ကုန်မှာ ပြန်ဆုံကြမယ်” စသည်ဖြင့် နှုတ်ဆက်ပြီး လူတန်းကြီးဖြင့်ပြန်သွားကြသည်မှာ အလွန်ဝမ်းနည်းစရာပင် ဖြစ်သည်။ ထိုတစ်နေရာတည်း၌ စုစုပေါင်း ပြန်သွားသူ ၅၀၀ နှင့် ၇၀၀ ကြားရှိပြီး ကျန်ရစ်သူ ၁၀၀၀ ခန့် ရှိခဲ့သည်။ ထိုကဲ့သို့ စစ်အစိုးရ၏နိုင်ငံရေး ကစားမှုကြောင့်လည်းကောင်း၊ တောတွင်းဒုက္ခများကြောင့်လည်းကောင်း ကျောင်းသားတပ်မတော်သည် လူအင်အား တစ်သောင်းကျော်မှနေ၍ ၃ လ အကြာတွင် အင်အား ၅၀၀၀ လောက်အထိ ထက်ဝက်ခန့် ကျဆင်းသွားခဲ့သည်။ ကျောင်းသားများပြန်သွားသည့် အခြားအကြောင်းတစ်ရပ်မှာ လူငယ်များပီပီ စိတ်မြန်လက်မြန် စစ်သင်တန်းတက် လက်နက်ယူပြီး ပြည်တွင်းအမြန်ပြန်ဝင်၍ ပြန်တိုက်ချင်သော်လည်း တောတွင်းရောက်ပြီး သေနတ်အစား ဝါးတုတ်များဖြင့် သင်တန်းတက်ရခြင်း တကယ့်သေနတ်ကို မကိုင်ဆောင်ရခြင်း၊ အဓိကလက်နက်များ ထင်သလို မရရှိခဲ့ခြင်းသည်လည်း ပါဝင်သည်။

ရေကျော်စခန်းတွင် အာဏာသိမ်းခြင်း 
ကျွန်တော်တို့ဗဟိုကော်မီတီသည် ကိုကြည်မိုးနှင့် ကိုစိုင်းမျိုးဝင်းထွန်းတို့ ပြန်သွားပြီးနောက် ကျွန်တော်၊ ကိုသန်းဝင်း၊ ကိုကိုလေး၊ ကိုထွန်းဦးတို့လောက်သာကျန်တော့သည်အတွက် ကိုထွန်းဦးမှ ခရက်ဒေးစခန်းတွင် အစည်းအဝေးခေါ်၍ မည်ကဲ့သို့ ရှေ့ဆက်လုပ်ကြမည်ကို တိုင်ပင်ကြရန် ချိန်းဆိုခဲ့ကြပါသည်။ ကိုသန်းဝင်းမှာ ဘန်ကောက်သို့ တက်နေသဖြင့် အစည်းအဝေးတက်ရန်အတွက် ဆင်းလာခဲ့ရန် အကြောင်းကြားရာ ကိုသန်းဝင်းက မနက်အရောက် ဆင်းလာမည်ဆိုသဖြင့် စောင့်ဆိုင်းနေရာ မနက်ရောက်သည့်အခါ တပ်ခ်တောင်ကြားဂိတ်တွင် ကိုသန်းဝင်းကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းထားကြောင်း သတင်းပို့လာခဲ့သည်။ ခရက်ဒေးစခန်းတွင် အစည်းအဝေးလုပ်ရန် ချိန်းထားသည်ကလည်းရှိသဖြင့် ကိုကိုလေးကို အရင်သွားနှင့် ရန်ပြောပြီး လိုင်းကားနှင့် တင်လွှတ်လိုက်သည်။ ကိုသန်းဝင်းကို ဖမ်းထားသည့်အတွက် စိတ်ပူပြီး ထိုင်းထောက်လှန်းရေးထုံလေးထံ ဖုန်းဆက်အကြောင်းကြားခြင်း၊ ဗိုလ်မှူးစိုးစိုးထံ အကူအညီလှမ်းတောင်းခြင်း တို့ကိုပြုလုပ်ပြီး အခြေအနေကို စောင့်နေခဲ့သည်။ နေ့လည်လောက်တွင် ကိုကိုလေး မျက်စိပျက် မျက်နှာပျက်နှင့် ပြန်ရောက်လာပြီး ဗဟိုကော်မီတီကို ထွန်းဦးမှ ဦးဆောင်ပြီး ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ပြောကြားလာခဲ့ရာ အံ့သြသွားမိပါတော့သည်။ ထိုအချိန်တွင် ကိုသန်းဝင်းထံမှ သူ့အားလွှတ်လိုက်ပြီဖြစ်ကြောင်း ဗိုလ်မှူးစိုးစိုး ကိုယ်တိုင်လာရောက်ပြီး ထုတ်ပေးသည့်အတွက် ပြန်လာနေပြီဆိုသဖြင့် ရေကျော်စခန်းသို့ လိုက်ခဲ့ရန် မှာကြားပြီး ကိုကိုလေးကိုခေါ်ကာ အားချင်းထွက်ခဲ့ရသည်။

စခန်းသို့ နေ့လည် ၂ နာရီခန့်တွင် ရောက်သည့်အခါ ကိုထွန်းဦး၊ ကိုအောင်ကြည်ဦး၊ ကေအင်ယူနယ်မြေ ဗဟိုကော်မီတီဥက္ကဋ္ဌ ကိုကျော်ကျော် (ဆယ်ပြား)၊ ကရင်နီနယ်မြေကော်မီတီ ကျောင်းသားစခန်း ဥက္ကဋ္ဌ ရစ်ချက်ဌေးရယ်၊ မောင်ဝင်း၊ ဆန်နီမရင်ဒါတို့ကို တွေ့ရသည်။ အစည်းအဝေးခေါ်ထားရာ အချိန်မီ ရောက်မလာ သည့်အတွက် ဗဟိုကော်မီတီကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဆယ်ပြားကျော်ကျော်နှင့် ထွန်းဦးတို့က ရှင်းပြသည်။  သူတို့ဘေးတွင်လည်း ဗဟိုကိုဖျက်သိမ်းလိုက်ကြောင်း ကြေညာချက် ရိုက်နှိပ်ထားသည့် စာရွက်တစ်ထပ်ကြီးကို တွေ့ရသည်။
ကျွန်တော်က ထွန်းဦးကို အတော်စိတ်ဆိုးသွားသည်၊ အများရှေ့တွင် သူ့ကို တည့်တည့်ကြည့်ပြီး “မင်းဒီလိုမလုပ်သင့်ဘူး” ဟု ပြောလိုက်သည်။ ထို့နောက် ကျွန်တော်က သူတို့အားလုံးကို “မင်းတို့မှာ ဒီလိုလုပ်ပိုင်ခွင့်မရှိဘူး၊ ဗဟိုကော်မီတီဆိုတာ ညီလာခံကနေ ဖွဲ့ပေးလိုက်တာ။ ဒါကြောင့် လူမရှိတော့ရင်လည်း ညီလာခံကသာ ဖျက်သိမ်းပိုင်ခွင့်ရှိတယ်။ မင်းတို့လုပ်ရမှာ တစ်နည်းဘဲရှိတယ် အရေးပေါ်ညီလာခံခေါ်ပြီး အဲဒီညီလာခံကနေ ဗဟိုကော်မတီအသစ်ကို ဖွဲ့ပေးလိုက်ရင် ပြီးတာဘဲ။ မင်းတို့က အရေးပေါ်ညီလာခံ ကျင်းပရေး ကော်မတီလုပ်ပြီး ညီလာခံကြီး ဖြစ်အောင်လုပ်ကြ၊ ဒီတာဝန်ကို မင်းတို့ယူ၊ နောက်ပြီး ABSDF စဖွဲ့တာ နိုဝင်ဘာလ ၅ ရက်နေ့ကမှဖွဲ့ခဲ့တာ၊ ဖွဲ့ပြီး အခု ၃ လပဲရှိသေးတယ်။ ငါတို့ဗဟိုပျက်သွားပြီလို့ ကြေညာချက်ထုတ်လို့ ဘာနိုင်ငံရေးအကျိုးအမြတ်မှ မရဘဲ ငါတို့ကို အားကိုးစောင့်မျှော်နေတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးလိုက်သလို ဖြစ်သွားနိုင်တယ်။ ရန်သူ့ကိုလည်း ငါတို့ကို ထိုးနှက်နိုင်တဲ့ အချက်တွေ အများကြီးပေးလိုက်သလိုဖြစ်တဲ့အတွက် မလုပ်သင့်ဘူး” ဟု ပြောသည့်အခါ အားလုံးက သဘောတူပြီး ကျွန်တော်ပြောသည့်အတိုင်း အရေးပေါ်ညီလာခံကြီး ခေါ်ယူမည်ဖြစ်ကြောင်း သဘောတူညီခဲ့ ကြသည်။ ရစ်ချက်ဌေးရယ်က “အကိုကြီးကို ကျွန်တော်တို့ တိုက်တာမဟုတ်ပါဘူး ဟိုကောင်တွေ ဝင်းမိုး၊ အောင်နိုင်တို့ကို ထုတ်ပြစ်ချင်တာပါ။ အကိုကြီးကို ကျွန်တော်တို့လေးစားပါတယ်” ဟု ဆိုသည်။ အားလုံးက ကျွန်တော်ပြောသည်ကို သဘောတူပြီးနောက် ကျွန်တော်က “မင်းတို့ အခုရိုက်ထားတဲ့ ကြေညာစာရွက်တွေကို အပြင်မရောက်စေနဲ့ အားလုံးကို မီးရှို့ဖျက်စီးလိုက်။ ဒီအကြောင်းကို ဘယ်သူမှမသိစေနဲ့” ဟု အမိန့်ပေးခဲ့သည်၊ အားလုံးကလည်း ဖျက်စီးပစ်မည်ဟု ကတိပေးသဖြင့် စိတ်အေးသွားသည်။ သို့မဟုတ်ပါက ရန်သူထံ ရောက်သွားပြီး ABSDF အဖွဲ့ကြီး ပျက်နေပါပြီဆိုသည့် စိတ်ဓါတ်စစ်ဆင်ရေး ဝင်လာနိုင်၍ ဖြစ်သည်။ ထိုအချိန်တွင် ပြည်သူတို့က ကျောင်းသားတပ်ကြီး ချီလာပြီ၊ ကျောင်းသားတွေ စစ်သင်တန်းတက်နေတာ ပြီးတော့မယ်၊ မကြာခင် ပြည်တွင်းကို ဝင်လာတော့မယ်ဆိုသည့် သတင်းများပြည်တွင်းတွင် ပျံနှံနေချိန်၌ ကျွန်တော်တို့ ဗဟိုကော်မီတီသည် အစိတ်စိတ်အမွှာမွှာကွဲနေပြီး ပြည်တွင်းပြန်ဝင်သူကပြန်ဝင် အစိုးရ သတင်းပေးလုပ်သူကလုပ်နှင့် ဖြစ်ပျက်နေခြင်းကို ပြည်သူများနှင့်စခန်းရှိ ရဲဘော်များသိက မည်ကဲ့သို့မျှ ထိန်းနိုင်လိမ့်မည် မဟုတ်ပေ။ ထိုနေ့က ကျွန်တော် အချိန်မီ ရောက်မသွားခဲ့ပါက ABSDF သမိုင်းသည် တစ်မျိုးဖြစ်ကောင်း ဖြစ်သွားပေလိမ့်မည်။

အရေးပေါ်ညီလာခံခေါ်ရန် အခြေအနေ ဖန်တီးလာခြင်း
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကို ဖွဲ့စည်းပြီး ၃ လ အကြာတွင် ပထမအကြိမ် ညီလာခံကြီးတွင် ရွေးချယ်ခံခဲ့ရသည့် ဗဟိုကော်မီတီဝင်များ အချင်းချင်းနေရာကိစ္စအတွက် ညီညွတ်မှုမရှိခြင်း၊ အဖွဲ့အစည်း အတွေ့အကြုံ မရှိခြင်း၊ တစ်ဦးနှင့် တစ်ဦး ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း၊ မဟာမိတ်ကေအင်ယူ အဖွဲ့အစည်းနှင့် မပြေလည်သဖြင့် စခန်းများတွင်မနေဘဲ ထိုင်းမြို့တွင် နေထိုင်ခြင်း၊ စခန်းများမှလည်း ဗဟိုကို လေးစားမှုမရှိဘဲ ခေါင်းဆောင်လုပ်သူများကို အမြဲပြဿနာရှာပြီး ကိုယ်စခန်းနှင့်ကိုယ် ဗိုလ်လုပ်နေလိုသော သူများက ဦးဆောင်နေခြင်း၊ တို့ကြောင့် အရေးပေါ်ညီလာခံကိုခေါ်ခဲ့ရသည်။ စခန်းကိုယ်စားလှယ်များ မိမိဖါသာ မိမိစခန်းလိုအပ်ချက်များကို ဗဟိုနှင့်ညှိနှိုင်းတိုင်ပင်မှုမပြုလုပ်ဘဲ ထောက်ပံ့ငွေများကို စခန်းအလိုက် မိမိလမ်းကြောင်းနှင့် မိမိတက်၍ရှာသည်ကို မပြောလိုသော်လည်း ဘန်ကောက်တက်သည့်အခါ ကျောင်းသားတော်လှန်ရေးကို အားပေးကူညီနေသော မြန်မာမျိုးချစ်များကို ဗဟိုကော်မီတီသည် အရည်အချင်း မရှိသည့်သူများမှ ဦးဆောင်နေကြောင်း ထွန်းအောင်ကျော်ဆိုသူမှာလည်း ဘယ်ကရောက်လာမှန်း မသိသည့်သူ ဖြစ်ကြောင်း ကေအင်ယူ လက်ကိုင်ဒုတ်ဖြစ်ကြောင်းပြောပြီ်း သိက္ခာချ၍ သူတို့စခန်းကိုသာ တိုက်ရိုက်ကူညီရန် ပြောကြားကြခြင်းဖြစ်သည်။ ထိုအခါ အကူအညီပေးနေသော အလှူရှင်များက တစ်ဖက်စကားကြားပြီး မည်သူမှန်း မသိခင်ကတည်းက ဗဟိုကော်မီတီကို အလိုလိုရွံ့မုန်းနေကြသည်။ ကျောင်းသားများကို ကူညီပေးနေသည်ဟု ကြားသိရသည့်အတွက် မိုးကုတ်မြို့မှ ဒေါ်မင်းမင်း (ယခုထိ မမြင်ဘူးပါ) နှင့် ဒေါ်ခင်ပြုံးတို့ကို ဖုံန်းဆက်ပြီး တွေ့ချင်ကြောင်းပြောသည့်အခါ မအားကြောင်းပြော၍ ငြင်းဆိုခြင်း ခံခဲ့ရသည်။ နောက်ပိုင်း ကျောင်းနေဖက်သူငယ်ချင်းဖြစ်ပြီး ဒေါ်ခင်ပြုံးနှင့် မောင်နှမတစ်ဝမ်းကွဲတော်သူ သောင်းထွန်းမြင့် ဘန်ကောက်ရောက်၍ သူ့အမနှင့်တွေ့သည့်အခါ ကျွန်တော်သည် သူ့သူငယ်ချင်းဖြစ်ကြောင်း လူဖြောင့် တစ်ယောက် ဖြစ်ကြောင်း၊ မိဘများကလည်း လူဂုဏ်တန်များဖြစ်ကြောင်း ပြောကြားမှ ဒေါ်ခင်ပြုံးနှင့်တွေ့ပြီး ခင်မင်ရင်းနှီးသူများ ဖြစ်လာခဲ့သည်။ သူတို့ကူညီခဲ့သူများ မြန်မာပြည် သတင်းစာများတွင် မူးရူးပြီး နိုက်ကလပ်များတွင် အိပ်နေသည့်ပုံများပါလာမှ တော်လှန်ရေးကို တကယ်စိတ်ဓါတ်နှင့် လုပ်နေသူများနှင့် မလုပ်သူများကို ခွဲခြားသိလာခဲ့ကြသည်။ ထိုအချိန်သည် ကျွန်တော် ဥက္ကဋ္ဌရာထူးမှ အနားယူပြီးမှ ဖြစ်သည်။ မဟာမိတ်ကေအင်န်ယူမှလည်း ဗဟိုနှင့်အပြိုင် ကေအင်န်ယူနယ်မြေ ဗဟိုကော်မီတီကို ဖွဲ့စည်းပေးပြီး စင်ပြိုင် အားပေးသဖြင့် ဗဟိုကော်မီတီသည် အင်အားချိနဲ့လာပြီး နောက်ဆုံး ကိုကြည်မိုးနှင့် စိုင်းမျိုးဝင်းထွန်းတို့ ပြန်ပို့ခံရပြီးနောက်တွင် ဆက်လက်လုပ်ရန် နှစ်ယောက်တစ်ပိုင်းသာကျန်သည့်ဘဝသို့ ကျရောက်သွားခဲ့ရသည့် အတွက် အရေးပေါ်ညီလာခံခေါ်သည့် အခြေသို့ဆိုက်ရောက်လာခဲ့ပေသည်။

ဘန်ကောက်တွင် ဦးသန့်သားမက်ဒေါက်တာတင်မြင့်ဦးနှင့်တွေ့ခြင်း။
ဘန်ကောက်သို့တက်ပြီး သတင်းထောက်များနှင့်တွေ့ခြင်း၊ သံရုံးအဆက်အသွယ်များကို ရှာခြင်းတို့ကို ပြုလုပ်ရန် ကိုကိုလေးနှင့် သိကျွမ်းခင်မင်လာသောဦးစိုးညွန့်မိသားစုအိမ်တွင် တည်းခိုပြီး အလုပ်လုပ်စဉ်။ ဦးသန့်သားမက် ဒေါက်တာတင်မြင့်ဦးတို့နေသည့်နေရာသို့ အေးချမ်းနိုင်တို့က လိုက်ပို့သဖြင့် သွားဖူးသည်။ ဒေါက်တာတင်မြင့်ဦးက ဦးသန့်သမီး ဒေါ်အေးအေးသန့်ကိုယူထားပြီး ထိုင်းရှိကုလသမဂ္ဂရုံးတွင် အရာရှိအဖြစ် အလုပ်လုပ်နေသူ ဖြစ်သည်။ ရှစ်လေးလုံးအရေးအခင်းဖြစ်ပြီးနောက် ပြည်ပသို့ထွက်ခွါလာသော ကျောင်းသားများကို မြန်မာအဖွဲ့၏ ခေါင်းဆောင်အနေနှင့် ကူညီနေသူဖြစ်ကြောင်းကြားသိရသဖြင့် သွားရောက် ဆွေးနွေးခြင်း ဖြစ်သည်။ ဦးတင်မြင့်ဦးက အသားဖြူဖြူ မွန်ရည်သော အသွင်အပြင်ရှိပြီး မျက်မှန်အမြဲ တပ်ထားသူ ဖြစ်သည်။ အသက်က ထိုစဉ်က ၅၀ ခန့် ရှိပြီဟု ထင်သည်။ ကျွန်တော်တို့ကို ကောင်းကောင်းမွန်မွန် ဧည့်ခံကျွေးမွေးသည်။ သူတို့နှင့် ဒေါက်တာသာသာဦးကလည်း အတူနေသည်။ စကားစပြောသည့်အခါ ဦးတင်မြင့်ဦးက ကျွန်တော်တို့ကို ဘာမှမပူရန်နှင့် သူ့အနေနှင့် အမေရိကမှ အက်ဖ် ၁၆ ဂျက်ဖိုက်တာနှစ်စင်းကို မှာထားပြီး ဖြစ်ကြောင်း၊ မြန်မာစစ်ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်လိုက်မည်ဖြစ်ကြောင်း ပြောပြသဖြင့် ကျွန်တော့်အတွေ့အကြုံအရ မဖြစ်နိုင်ကြောင်းသိသော်လည်း လူမှုရေးအရ ပြုံးပြီးနေလိုက်သည်။ ကောင်းသည် ဆိုးသည်ဘာမျှ ပြန်မပြောခဲ့။ အမေရိကန်နိုင်ငံသည် နိုင်ငံတစ်ခုကို ဝင်ရောက်ဗုံးကြဲတိုက်ခိုက်ရန် ကြက်ကလေး ငှက်ကလေးဖမ်းသလို အလွယ်တကူလုပ်၍ မရနိုင်။ ကုလသမဂ္ဂအဖွဲ့အစည်းတွင် လုံခြုံရေး ကောင်စီအစည်းအဝေးခေါ်ပြီး သဘောတူညီချက် ရယူရမည်ဖြစ်သည်။ မြန်မာစစ်အစိုးရအား အပစ်ပေး အရေးယူရန် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် တင်ပြတိုင်း ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ဗီတိုအာဏာ သုံး၍ အမြဲတမ်း ပယ်ချနေခြင်းကြောင့် ထိုထက်ပို၍ ပြင်းထန်သည့် ဝင်ရောက်တိုက်ခိုက်မှုကို ပြုလုပ်ခြင်းသည် တိုင်းပြည်တစ်ခု၏ အချုပ်အချာအာဏာကို ကျူးကျော်ခြင်းဖြစ်သည့်အပြင် အိမ်နီးချင်းတရုတ်နိုင်ငံ၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်မှုအဖြစ် တရုတ်နိုင်ငံမှယူဆပြီး တရုတ်တပ်များ မြန်မာပြည်တွင်းသို့ မြောက်ကိုရီးယားနိုင်ငံတွင်း ဝင်ရောက်ကူညီသကဲ့သို့ ဝင်ရောက်လာနိုင်သည်အထိ ဆိုးဝါးသွားနိုင်သဖြင့် အမေရိကန်နိုင်ငံမှလည်း ပြုလုပ်လိမ့်မည် မဟုတ်ချေ။ ဦးတင်မြင့်ဦး၏စဉ်းစားတွေးခေါ်မှုသည် လက်တွေ့နှင့် လုံးဝမအပ်စပ်ဘဲ စိတ်ကူးယဉ်ဆန်လွန်းသည်။
တောတွင်းစခန်းတွင်ရှိစဉ် တစ်ည ခရက်ဒေးညဈေးတွင် ထမင်းဝင်စားရာ ဝက်နံရိုးဟင်းကို မှာစားပြီး အရိုးကိုက်လိုက်ရာ ဘယ်ဖက် ရှေ့သွားဆွေးနေသည့်အတွက် စွပ်ထားသော အစွပ်ကျွတ်၍ သွားကျိုးသွားသည်။ ထို့ကြောင့် ကျောင်းသားများက ကျွန်တော့်ကွယ်ရာတွင် ငှက်ကဋ္ဌဟု ခေါ်ရာမှ ငှက်ကျိုးကြီးဟု ခေါ်ကြသည်။
ဦးတင်မြင့်ဦးနှင့် အရေးပေါ်ညီလာခံမကျင်းပမီ နောက်တစ်ခေါက် တွေ့ကြသည့်အခါ သူကကျွန်တော်တို့ ကျောင်းသားအဖွဲ့ဝင် မည်မျှရှိသနည်းဟု မေးမြန်းလာသဖြင့် ၆၀၀၀ နှင့် ၇၀၀၀ ကြားရှိသေးကြောင်း ပြောသည့်အခါ သူက အားလုံးအတွက် လက်နက်အပြည့်အစုံ တပ်ဆင်ပေးမည်ဖြစ်ကြောင်း မည်မျှ ကုန်ကျနိုင် သလဲဟု ထပ်မေးလာသဖြင့် ကျွန်တော်က အားလုံးလက်နက်တပ်ဆင်ပေးလျှင် ငွေကြေးကုန်ကျမှု အရမ်းများနေမည် ဖြစ်ကြောင်း၊ ထိုကြောင့် လုပ်နိုင်သောအလုပ်ကိုသာ သူ့အနေနှင့် စဉ်းစားစေလိုကြောင်း၊ သူပြောနေသည်မှာ လက်တွေ့တွင် မဖြစ်နိုင်ကြောင်းပြောပြီး၊ သူအမှန်တကယ်တတ်နိုင်လျှင် ပထမဦးဆုံး ကျောင်းသားရဲဘော်များကို အမေရိကန်ယူနီဖေါင်း အပြည့်အစုံ တပ်ဆင်ပေးရန် ဖြစ်သည်။ လက်တွေ့ကျကျ ယူနီဖေါင်းများကို ယခုဝယ်ပေးလျှင် ယခုပင် ထိုင်းတွင်ဝယ်ပြီး စခန်းများကို ပေးမည်ဟု ပြောလိုက်သည့်အခါ ဦးတင်မြင့်ဦး အတော်မျက်နှာပျက်သွားခဲ့သည်။ လက်တွေ့မဆန်ဘဲ သူစိတ်ကူးယဉ်ပြောနေသည်ကို လိုက်၍ ခေါင်းငြိမ့်လိုသောဆန္ဒ ကျွန်တော့်တွင် မရှိတော့ချေ။ ကျွန်တော်သည် လက်တွေ့သမားတစ်ယောက်ဖြစ်သည် ပြောသလိုလုပ်ပြီး လုပ်သမျှကိုလည်း ပြန်ပြောရဲသူ ဖြစ်သည်။ ကျွန်တော်က ပြန်တော့မည်ဟုဆိုသည့်အခါ ဦးတင်မြင့်ဦးက “ကိုထွန်းအောင်ကျော် ခင်ဗျားလူကြီးလုပ်ပြီး ရှေ့သွားကျိုးနေတာ ကြည့်မကောင်းပါဘူးဗျာ သွားပြန်စိုက်ပါ” ဟုပြောပြီး ဘတ်ငွေသုံးထောင် အတင်းပေး၍ ယူလိုက်သည်။ ထိုဘတ်ငွေသုံးထောင်သည် တစ်ချိန်တွင် တော်လှန်ရေးတွင် သမိုင်းတစ်ခုကို ဖန်တီးပေးခဲ့သည်ဆိုက မမှားချေ။

ဗဟိုကော်မီတီနှင့် စခန်းကိုယ်စားလှယ်များအစည်းအဝေး ပြုလုပ်ခြင်း
အရေးပေါ်ညီလာခံမတိုင်မီ ဗဟိုကော်မီတီနှင့် စခန်းကိုယ်စားလှယ်များအားလုံး ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် တွေ့ကြသည့်အခါ အစည်းအဝေး ပြုလုပ်ကြပြီး ထိုအရေးပေါ်အစည်းအဝေးတွင် ကိုထွန်းဦးက ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦးတို့ကို စွဲချက်တင်သည်။ သူတို့သုံးယောက်သည် ဗဟိုအလုပ်အမှုဆောင်အဖြစ် ထိပ်ပိုင်းမှ အရွေးခံရသော်လည်း ဗဟိုရုံးတွင် လာရောက်နေထိုင်ခြင်းမရှိဘဲ ဘန်ကောက်မှ ထောက်ပံ့ကြေးငွေများ တောင်းယူပြီး မဲဆောက်မြို့တွင် အသိုင်းအဝိုင်းနှင့် နေနေကြသည်။ ABSDF ကို ဆန့်ကျင်နေသည်၊ မဟာမိတ်ကေအင်ယူကို စာထုတ်တိုက်ခိုက်သဖြင့် ဗဟိုကော်မီတီတခုလုံးနှင့် မဟာမိတ်ဆက်ဆံရေးကို များစွာ ထိခိုက်လာခဲ့ပြီး အခက်အခဲများ ရင်ဆိုင်လာရသည်။ ဗဟိုကော်မီတီ တာဝန်မယူသော်လည်း တာဝန်မှလည်း မနှုတ်ထွက်ဘဲ သူတို့လုပ်ချင်ရာကိုလုပ်နေပြီး ရာထူးအရှိန်ကို အသုံးပြုပြီး သတင်းစာများတွင် ပြောဆိုနေခဲ့သည်။ တာဝန်ယူမှုမရှိ တာဝန်ခံမှုမရှိသော်လည်း တာဝန်မှနှုတ်ထွက်ခြင်းလည်း မလုပ်ဘဲ နေခဲ့သည်။


ရဲမေစန်းစန်းချိုပို့စကတ်ပုံ

ရန်ပုံငွေရှာရန်အတွက် ရေကျော်စခန်းမှ ရဲမေ စန်းစန်းချိုက သရုပ်ဆောင်၍ အမ် ၁၆ သေနတ်ကို ကိုင်ပြီး ချိန်နေသည့် ပို့စကတ် (Post Card) ကိုထုတ်ဝေရန် ကိုထွန်းဦးက ကေအိုင်အေကို အကူအညီတောင်းခဲ့သည်။ ကေအိုင်အေက ဆိုင်သို့ပို့၍ ပုံနှိပ်စေပြီး ရရှိလာသည့်အခါ အားလုံးကို ထွန်းဦးအား မပေးဘဲ အခု ၁၀၀ ခန့်ကို ကိုဝင်းမိုးတို့အား ပေးလိုက်သည်။ ကိုဝင်းမိုးတို့က ယင်းပို့စကတ်များထဲမှ ၅၀ခန့်ကို တင်မောင်ဆန်းအား ပေးလိုက်ပြီး မဲဆောက်တွင် တင်မောင်ဆန်းက ပို့စကတ်တစ်ခုကို ဘတ် ၅၀၀ - ၁၀၀၀ စသည်ဖြင့် ကုန်သည်များကို လိုက်လံရောင်းချနေကြောင်း ကြားသိရသောအခါ ကိုထွန်းဦးကို ပို၍ ဒေါသထွက်စေခဲ့သည်။ ထို့ကြောင့် သူတို့သုံးဦးကို ထုတ်ပစ်ရန်တင်ပြသည်။ ထို့ပြင် သူတို့အုပ်စုမှ ရခိုင်ကျော်ထင်သည် ဘဏ္ဍာရေးကော်မီတီ အတွင်းရေးမှူးအဖြစ် အရွေးခံရသော်လည်း အပ်ထားသည့်ရှိစုမဲ့စု ရန်ပုံငွေကိုယူ၍ အလင်းဝင်သွားခဲ့သည်။ အာကာစိုးနောင်သည် မြဝတီရှိ ထောက်လှန်းရေးကို သတင်းပေးနေသည်ကို မိသွားသဖြင့် ပြန်ဝင်သွားခဲ့သည်။ ဝမ်ဟုတ်သည် အလင်းဝင်သွားပြီး အေဘီအက်စ်ဒီအက်ဖ်အား သိက္ခာချခဲ့သည်ဟု စွဲချက်တင်ပြီး သူတို့အားလုံးကို အဖွဲ့အစည်းမှ ရာသက်ပန် ထုတ်ပယ်ရန် အဆိုတင်သွင်း သည့်အခါ ညီလာခံကိုယ်စားလှယ်များက ဒေါသတကြီး အော်ဟစ်ပြောဆိုကြပြီး စာထုတ်၍ ထုတ်ပယ်ရန် သဘောထားပေးခဲ့ကြသည်။ တချို့က သေဒဏ်ပေးသင့်ကြောင်း တင်ပြမှုများ လည်းရှိခဲ့သည်။ သို့ရာတွင် သေဒဏ်ပေးလောက်သည့် အမှုမဟုတ်သဖြင့် အများထောက်ခံမှု မရခဲ့ချေ။

ကြေညာချက်ကို အောက်ပါအချက်များဖြင့် ထုတ်ပြန်ခဲ့သည်။

၁။ တာဝန်များကို လုံးဝလျစ်လျူရှုခဲ့ခြင်း။ (ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး အမှုတွဲ)
၂။ အဖွဲ့အစည်းအတွင်း ညီညွတ်ရေးကို ထိခိုက်စေခဲ့ခြင်း။ (ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး အမှုတွဲ)
၃။ အေဘီအက်စ်ဒီအက်ဖ်အဖွဲ့အစည်းနှင့်မဟာမိတ်တို့ကြားနားလည်မှုလွဲမှားရန်ပြုလုပ်ခြင်း။(ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး အမှုတွဲ)
၎။ ဘန်ကောက်နှင့်မဲဆောက်တို့တွင် လှည့်လည်သွားလာ၍ ကျောင်းသားများအား ထောက်ပံ့မှုများနှင့် အလှူငွေများကို အလွဲသုံးစားပြုလုပ်ခြင်း။ (ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး အမှုတွဲ)
၅။ အဖွဲ့အစည်းဂုဏ်သိက္ခာကျစေသော လွဲမှားသည့်သတင်းအချက်အလက်များကို သတင်းထောက်များကို ပြောကြားခြင်း။ (အာကာစိုးနောင်အမှုတွဲ)
၆။ တာဝန်မှရှောင်ခွာပြီး ကျောင်းသားရန်ပုံငွေများကို ခိုးယူသွားခြင်း။(ရခိုင်ကျော်ထင်အမှုတွဲ)
၇။ ဒီမိုကရေစီတော်လှန်ရေးကို သစ္စာဖေါက်ဖျက်၍ စစ်အာဏာရှင်အစိုးရကို ဆက်သွယ်ပြီး အေဘီအက်စ်ဒီအက်ဖ်အကြောင်း လိမ်ညာပြောဆိုခြင်း။ (အာကာစိုးနောင် အမှုတွဲ)
ထို့ကြောင့် အထက်ပါအချက်များကြောင့် ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး၊ ကျော်ထင်၊ ဝမ်ဟုတ်၊ အာကာစိုးနောင်တို့ကို အေဘီအက်စ်ဒီအက်ဖ်အဖွဲ့အစည်းမှ ရာသက်ပန် ထုတ်ပယ်လိုက်ကြောင်း ကြေညာချက်ရေးသားပြီး ဗဟိုကော်မီတီနှင့် တက်ရောက်လာသော စခန်းကိုယ်စားလှယ်များက လက်မှတ် ရေးထိုးထုတ်ပြန်ခဲ့သည်။

နောက်အပတ်ဆက်လက်ဖော်ပြပါမည်။

 

"မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ" အပိုင်း ၁၆

February 9, 2014 at 8:30am
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် ကြာသာပတေးနေ့ထုတ်မှာပါတဲ့ ကျွန်တော့်ရဲ့ ကိုယ်တွေ့မှတ်တမ်း အခန်းဆက်ဆောင်းပါးရှည် "မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ" အပိုင်း ၁၆

ယခင်အပတ်မှအဆက်

ကြေညာချက်ကို အောက်ပါအချက်များဖြင့် ထုတ်ပြန်ခဲ့သည်။

၁။ တာဝန်များကို လုံးဝလျစ်လျူရှုခဲ့ခြင်း။ (ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး အမှုတွဲ)
၂။ အဖွဲ့အစည်းအတွင်း ညီညွတ်ရေးကို ထိခိုက်စေခဲ့ခြင်း။ (ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး အမှုတွဲ)
၃။ အေဘီအက်စ်ဒီအက်ဖ်အဖွဲ့အစည်းနှင့်မဟာမိတ်တို့ကြားနားလည်မှုလွဲမှားရန်ပြုလုပ်ခြင်း။(ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး အမှုတွဲ)
၎။ ဘန်ကောက်နှင့်မဲဆောက်တို့တွင် လှည့်လည်သွားလာ၍ ကျောင်းသားများအား ထောက်ပံ့မှုများနှင့် အလှူငွေများကို အလွဲသုံးစားပြုလုပ်ခြင်း။ (ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး အမှုတွဲ)
၅။ အဖွဲ့အစည်းဂုဏ်သိက္ခာကျစေသော လွဲမှားသည့်သတင်းအချက်အလက်များကို သတင်းထောက်များကို ပြောကြားခြင်း။ (အာကာစိုးနောင်အမှုတွဲ)
၆။ တာဝန်မှရှောင်ခွာပြီး ကျောင်းသားရန်ပုံငွေများကို ခိုးယူသွားခြင်း။(ရခိုင်ကျော်ထင်အမှုတွဲ)
၇။ ဒီမိုကရေစီတော်လှန်ရေးကို သစ္စာဖေါက်ဖျက်၍ စစ်အာဏာရှင်အစိုးရကို ဆက်သွယ်ပြီး အေဘီအက်စ်ဒီအက်ဖ်အကြောင်း လိမ်ညာပြောဆိုခြင်း။ (အာကာစိုးနောင် အမှုတွဲ)
ထို့ကြောင့် အထက်ပါအချက်များကြောင့် ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး၊ ကျော်ထင်၊ ဝမ်ဟုတ်၊ အာကာစိုးနောင်တို့ကို အေဘီအက်စ်ဒီအက်ဖ်အဖွဲ့အစည်းမှ ရာသက်ပန် ထုတ်ပယ်လိုက်ကြောင်း ကြေညာချက်ရေးသားပြီး ဗဟိုကော်မီတီနှင့် တက်ရောက်လာသော စခန်းကိုယ်စားလှယ်များက လက်မှတ် ရေးထိုးထုတ်ပြန်ခဲ့သည်။




ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦး၊ ကျော်ထင်၊ ဝမ်ဟုတ်၊ အာကာစိုးနောင်တို့ကို အေဘီအက်စ်ဒီအက်ဖ်အဖွဲ့အစည်းမှ ရာသက်ပန် ထုတ်ပယ်လိုက်ကြောင်း ကြေညာချက်




ဗဟိုကော်မီတီနှင့် တက်ရောက်လာသော စခန်းကိုယ်စားလှယ်များ၏ လက်မှတ်များ




ဗဟိုကော်မီတီနှင့် တက်ရောက်လာသော စခန်းကိုယ်စားလှယ်များ၏ လက်မှတ်များ


သံလွင်ဦးသုထစခန်းအရေးပေါ်ညီလာခံ ကျင်းပခြင်း
အရေးပေါ်ညီလာခံမကျင်းပမီ မဲဆောက်တွင်နေသော ကိုဝင်းမိုး၊ ကိုအောင်နိုင်၊ ကိုကိုဦးတို့ကိုလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့အမီ ညီလာခံတက်ရောက်ရန် အကြောင်းကြားခဲ့သည်။ ကိုဝင်းမိုးက “ဒီဘဲတွေလည်းပြုတ်မှာပဲ၊ သွားမနေပါဘူး” ဟု သရော်သည်ဟု ကြားသိရသည်။ သူတို့သုံးယောက်က မဲဆောက်တွင် အိမ်ငှားနေပြီး ဆေးကျောင်းသား ကိုအောင်နိုင်နှင့် သူ့ချစ်သူမြိုင်တို့က ဆေးခန်းဖွင့်ထားသည်။ ကိုအောင်နိုင်တို့ ဆေးခန်းသည် ယနေ့နာမည်ကျော် ဒေါက်တာစင်သီယာမောင်၏ဆေးခန်းထက် စောစီးစွာ ဖွင့်ခဲ့သည့်ဆေးခန်းဆိုက မမှားချေ။ သူတို့နှင့်အတူ သူတို့နောက်လိုက်များ၊ သူငယ်ချင်းများ၊ သေ့ဘောဘိုး စခန်းတွင် မနေနိုင်၍ မြို့တက်လာသောကျောင်းသားများ လာနေကြသည့်အတွက် လူအင်အား ၅၀ ကျော်ခန့် ရှိသည်။ ထို့ပြင် ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုဦးနာမည်ဖြင့် ကေအင်န်ယူကို ပုတ်ခတ်တိုက်ခိုက်ထားသည့်စာကို ထုတ်ပြန်ပြီး မဲဆောက်မြို့တွင် ဖြန့်ဝေခဲ့သဖြင့် ကေအင်န်ယူမှ သူတို့သုံးဦးကို နယ်မြေဖြတ်သန်းခွင့် ပိတ်ခဲ့သည့်စာကို ကရင်နယ်မြေတွင် စာထုတ်ပြီး ထားခဲ့သည်အထိ တင်းမာနေခဲ့သည်။ ကေအင်ယူကို ဗြောင်တိုက်ခိုက်ထားသည့်အတွက် ကရင်နယ်မြေတွင် ကျင်းပသည့် ညီလာခံသို့ သူတို့မလာရဲကြဟု ထင်သည်။ ကေအင်န်ယူကို စာထုတ်၍ တိုက်ခိုက်သည်ဆိုကတည်းက သူတို့သည် ကေအင်န်ယူနယ်မြေကို မသွားတော့ရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ဟန်ရှိသည်။ နောက်ပိုင်း ယင်းကိစ္စကို ကိုကိုဦးအား မေးကြည့်ရာ စာထုတ်ခြင်းကို သူ့အားမတိုင်ပင်ဘဲ ကိုအောင်နိုင်က သူ့သဘောနှင့် သူရေးသားပြီး ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအတွက် ကိုအောင်နိုင်နှင့်စကားများခဲ့ကြသည်ဟု သူကဆိုသည်။ သို့ရာတွင် ထိုစဉ်က သူမပါဝင်ကြောင်း ကိုမူ ရှင်းလင်းခဲ့ခြင်း မရှိသည့်အတွက် သူလည်း သဘောတူခဲ့ပြီး ထုတ်ခဲ့ကြသည်ဟု အများက ထင်ခဲ့ကြသည်။
သံလွင်ဦးသုထစခန်းတွင် ကေအင်န်ယူအကူအညီဖြင့် အရေးပေါ်ညီလာခံကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ကတည်းက ညီလာခံအတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ၊ အခြေခံဥပဒေတွင် ဖြည့်စွက်ရမည့် အချက်များစသည်တို့ကို လက်ကျန်ဗဟိုကော်မတီ ကျွန်တော်တို့လေးဦးနှင့် ရောက်ရှိလာသော စခန်း ကိုယ်စားလှယ်များက အဝေးမှတက်ရောက်လာမည့် ကျန်ကိုယ်စားလှယ်များကို စောင့်ရင်း လိုအပ်သည်များကို အကြိုညှိနှိုင်းဆွေးနွေးခဲ့ကြသည်။  မဟာမိတ်ကေအင်န်ယူအဖွဲ့အစည်းက စားဖိုဆောင်ကို တာဝန်ယူ၍ အစားအသောက်များကို ပင်တိုင်ချက်ပြုတ်ကျွေးမွေးပြီး စခန်းအသီးသီးမှ ကျောင်းသားကိုယ်စားလှယ်များ တက်ရောက်လာကြသည်။ ထို့နောက် အရေးပေါ်ညီလာခံကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တရားဝင် စတင်ကျင်းပခဲ့သည်။ ဝမ်ခစခန်းမှ ကျောင်းဆရာကြီးဦးယုနွယ်နှင့် တစ်မြို့တည်းသား ဒေါက်တာမြင့်ချိုတို့လည်း စခန်းကိုယ်စားလှယ်များအဖြစ် တက်ရောက်သလို ကျွန်တော်နှင့်ရင်းနှီးခဲ့သော ဒေါက်တာသောင်းထွန်းလည်း ဝမ်ခကိုယ်စားလှယ်အဖြစ် ပါဝင်လာခဲ့သည်။ ဘုရားသုံးဆူကိုယ်စားလှယ်အဖြစ် ကိုတင်စိုးနောင်၊ သန်းလှိုင်ဦး (ယခုပအို့အဖွဲ့) နှင့် ဒေါက်တာနိုင်အောင်၊ ကိုစိုးလေးတို့လည်း ပါလာခဲ့သည်။ ကျွန်တော်တို့အား အမြဲကန့်လန့်တိုက်နေသော ခရက်ဒေးစခန်းမှ တပ်ရင်းမှူးအောင်ဟိန်း၊ ဒေါက်တာ ကျော်သက်ဦး၊ ကိုထွန်းသိန်းတို့အုပ်စု၊ စောထစခန်းမှ အမြဲဂျစ်တိုက်ပြီးလုပ်သမျှ အကောင်းမမြင်သော ကိုမောင်မောင်စိုး (ကွယ်လွန်)၊ ကိုတင်စိုး၊ ကိုသိန်းထိုက်နှင့် မောင်ဆန်းလင်း (မဆလ-ကျဆုံး) တို့လည်း တက်လာသည်။ ကေအင်န်ယူဗဟိုကော်မီတီ ဆယ်ပြားကျော်ကျော်တို့အုပ်စုမှ ကိုစံရွှေမောင်၊ ဦးအောင်ခင်၊ မင်းသမီးစခန်း ကိုယ်စားလှယ် ကိုအောင်သန်းဝင်း၊ ကိုခင်မောင်ဝင်း (ဒီဗီဘီ) မိုးထောင်စခန်းမှ ကိုကျော်ဇေယျ (ကွယ်လွန်)၊ သံလွင်စခန်းမှ ကိုမောင်မောင်တိတ်၊ စိုင်းမြင့်သူ၊ ကိုဒီ၊ ကိုအောင်သူ၊ ကရင်နီစခန်းမှ ဂရီဂိုရီမန်းထွန်း၊ ကိုမောင်မောင်လွင်၊ ဆန်နီမရင်ဒါ၊ စိုင်းစံခေး (ကွယ်လွန်)၊ သေ့ဘောဘိုးစခန်းမှ ဌေးနိုင် (ကျဆုံး)၊ နှုတ်ခမ်းမွှေး အောင်သန်း (ကွယ်လွန်) တို့နှင့် ကျွန်တော်တို့ကျန်ရှိနေသောဗဟိုကော်မီတီဝင်၎ ဦး၊ လုပ်သားကောလိပ်ဥက္ကဋ္ဌ ကိုအောင်ကြည်ဦး၊ ကျွန်တော်တို့ဗဟိုရုံးမှ ကိုရွှေထီးနှင့် သံလွင်စခန်းမှရဲဘော်များ တက်ရောက်ကြသည်။ အခြားသူများကို အကုန်မမှတ်မိတော့။ ညီလာခံကျင်းပရေး ကော်မတီတွင် ချာလီအေးကျော်၊ မှတ်တမ်းတင်သူများအဖြစ် ကိုအောင်ကျော်လှိုင် (ယခုဥပဇင်းအောင်ကျော်လှိုင်၊ ဖို့ဝိန်း)၊ ကိုကျော်ကျော်ဝင်း (LA အမေရိက) တို့က ဆောင်ရွက်သည်။ လုပ်သားတက္ကသိုလ်ဥက္ကဋ္ဌ ကိုအောင်ကြည်ဦးသည် ညီလာခံ ကျင်းပရေးကော်မတီတွင် ပါဝင်ပြီး အင်တိုက်အားတိုက် ညီလာခံ ဖြစ်မြောက်ရေး၊ ကျောင်းသား ညီညွတ်ရေးတို့တွင် စေတနာဖြင့် ကြိုးစားလုပ်ဆောင်သော်လည်း ဘူရားသုံးဆူတွင် သူ့ရဲဘော်များနှင့် ရန်ကုန်ကျောင်းသားများသည် ၁၀၁ မှ ထွက်ပြီး ထိုင်းနိုင်ငံတွင်း ဟွေးကော့စခန်းသို့ ပြောင်းရွှေ့၍ စခန်းသစ်ထောင်မှုအပေါ် ဒေါက်တာနိုင်အောင်တို့မှ အစာမကြေဖြစ်ပြီး ဘုရားသုံးဆူစခန်း ကိုယ်စားလှယ် အဖြစ် မပေးနိုင်ကြောင်းပြောသည့်အတွက် ညီလာခံတွင် ကိုယ်စားလှယ်မဖြစ်ဘဲ နှုတ်ထွက်လိုက်ရသည်။ ကိုထွန်းဦးသည် မိုးထောင်စခန်းကို စည်းရုံးပြီး မိုးထောင်စခန်းကိုယ်စားလှယ် အဖြစ်တက်သည်။ ကျွန်တော်၊ ကိုသန်းဝင်းနှင့် ကိုကိုလေးသည် ဗဟိုတွင်လုပ်နေရင်း စခန်းပျောက်သွားသည့် သူများဖြစ်သည်။ မူလစခန်းတွင် ကျွန်တော်တို့လူများ မရှိတော့ချေ။ သို့ရာတွင် လက်ရှိဗဟိုတွင် တာဝန်ယူနေသူများ ဖြစ်သဖြင့် ကျွန်တော်တို့အား ဒေါက်တာနိုင်အောင်တို့က မလိုလားသော်လည်း ဆန့်ကျင်ပြောဆိုကန့်ကွက်မှု မပြုလုပ်ရဲ ကြပေ။ အဘယ့်ကြောင့်ဆိုသော် ကျန်စခန်းများမှ ကိုယ်စားလှယ်များက ကျွန်တော်တို့အား သူတို့စခန်းများသို့ ပြောင်းရွေ့ရန် ခေါ်ကြသည်အထိ လေးစားခံရမှုက ရှိနေခဲ့သည့် အတွက်ကြောင့် ဖြစ်သည်။
ညီလာခံကျင်းပစဉ် ဝမ်ခစခန်းမှ ကျောင်းဆရာ ဦးယုနွယ်က ကိုသန်းဝင်းအားလာပြီး ညှိသည်၊ ကျွန်တော်ကိုဖြုတ်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဖြစ်သည့် ကိုသန်းဝင်းကို တင်မည်အားလုံးကို ညှိထားပြီးဖြစ်သည်ဟု လာပြောသည်။ ထိုအချက်ကို ကိုသန်းဝင်းက ငြင်းလိုက်သည်၊ သူ့အနေနှင့် ကျွန်တော့်ကို ဖြုတ်ချပြီး နေရာမယူလိုကြောင်း၊ ကိုထွန်းမှားတာ မရှိဘဲ သူနေရာမယူလိုကြောင်း ကိုထွန်းကိုသာ ပြန်ရွေးရန် ပြောသဖြင့် ဦးယုနွယ် နောက်ဆုတ်သွားသည်။ ထိုအချက်ကို နောင်အမေရိကန် နိုင်ငံရောက်ပြီးမှ ကိုသန်းဝင်းပြောပြ၍ သိရသည်။ ဖြစ်နိုင်သည်မှာ ဝမ်ခစခန်းသင်တန်းဆင်းပွဲတွင် ကရင်အလံကိုင်၍ သစ္စာပြုရန် ဦးယုနွယ်က သဘောတူထားသည်ကို ကျွန်တော်က ပယ်ဖျက်ခဲ့သဖြင့် အမျက်ထားခြင်းဖြစ်နိုင်သည်။ ထိုစဉ်က မည်သူတွေ ဘာတွေလုပ်နေသည် အုပ်စုဖွဲ့နေသည် ဂရုစိုက်ကြည့်မနေခဲ့မိ။ ကိုကိုလေးကလည်း ဒေါက်တာ နိုင်အောင်တို့အုပ်စုက ကျွန်တော့်ကို ဖြုတ်မည်ကြားသဖြင့် လက်မခံနိုင်ကြောင်း ပြန်လည်တုံ့ပြန်ရလိမ့်မည် ဖြစ်ကြောင်း ကျွန်တော့်ကို ဖြုတ်ချဖို့ မကြိုးစားရန် ဆွေးနွေးခဲ့သည်ဟု အမေရိကန်ရောက်ပြီး မကြာသေးခင်က ပြောပြ၍ သိရသည်။ အရေးပေါ်ညီလာခံတွင် မဲဆွယ်စည်းရုံးမှုကို ကျွန်တော် စိုးစိမျှမလုပ်ခဲ့။ ထိုသို့ လုပ်ရန်လည်း စိတ်မဝင်စားခဲ့ပေ။
ထို့နောက် ညီလာခံတက်ရောက်လာကြသော ကိုယ်စားလှယ်များကို ကျွန်တော်က ABSDF တွင် ဗဟိုနှစ်ခု ဖြစ်ပေါ်နေကြောင်း ဗဟိုကော်မီတီနှင့်စင်ပြိုင် ကေအင်န်ယူနယ်မြေဗဟိုကော်မီတီဟူ၍ ရှိနေကြောင်း ထိုကိစ္စကို ရဲဘော်တို့ မည်ကဲ့သို့ စဉ်းစားဆုံးဖြတ်မည်နည်းဟု အားလုံးကို ရှင်းပြလိုက်သည့်အခါ၊ ညီလာခံတစ်ခုလုံး ဒေါသဖြင့် ဆူညံသံများဖုံးလွှမ်းပြီး အော်ဟစ်မေးမြန်းခဲ့ကြသည်။
မင်းသမီးစခန်းဥက္ကဋ္ဌအဖြစ် တက်ရောက်လာသူ ကိုအောင်သန်းဝင်းက “ဘယ်ကောင်တွေလဲကွ၊ မလိုဘူး ဗဟိုဆိုတာ တစ်ခုပဲရှိရမယ် အပြိုင်ထားတာကိုဖျက်ပစ်” ဟု အော်သည်။ တချို့ကလည်း  “ဗဟိုစင်ပြိုင်လုပ်တာ ရန်သူအားပေးတာနဲ့အတူတူဘဲ ညီညွတ်ရေးကို ပျက်ပြားစေတဲ့အတွက် လက်မခံနိုင်ဘူး” ဟု သဘောထား ပေးကြသည်။ စင်ပြိုင်ဖွဲ့စည်းထားခြင်းကို ထောက်ခံသူ မည်သူမျှ မရှိချေ။ ထိုအခါ ဗဟိုကော်မတီကို လေးစားသမှုမပြုခဲ့သည့် ကေအင်န်ယူနယ်မြေဗဟိုဥက္ကဋ္ဌဖြစ်သူ ကိုကျော်ကျော်က မျက်နှာငယ်လေးနှင့် “ကျွန်တော်တို့ကလည်း လုပ်ချင်လို့ လုပ်နေတာမဟုတ်ပါဘူး၊ ဗဟိုနှစ်ခုဖြစ်နေတာ ကျွန်တော်တို့လဲ သဘောမကျပါဘူး” ဟု လေပြေထိုးလာခဲ့သည်။ ထို့ကြောင့် ညီလာခံမှ ကရင်နယ်မြေဗဟိုကော်မီတီကို အများသဘောတူ ဖျက်သိမ်းလိုက်သည်။
ထိုနေ့ညပိုင်းတွင် ကေအင်န်ယူအထွေထွေအတွင်းရေးမှူး ဖဒိုဘသင်စိန်ရောက်လာပြီး ညီလာခံအဆောက်အဦ နောက်ရှိအပြင်ဘက်တွင် စကားပြောရန်ခေါ်သဖြင့် သွားတွေ့ရာ ဖဒိုဘသင်စိန်က “ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ကေအင်န်ယူဗဟိုကော်မတီကို ဆက်ထားပေးပါ ခင်ဗျားတို့ဗဟိုကိုလည်း ကျွန်တော်တို့ ကူညီပါ့မယ်” လို့ပြောလာခဲ့ပါသည်။ ထိုအခါ နဂိုစိတ်တွင်း မခံချင်စိတ်ကြောင့် စိတ်မထိန်းနိုင်ဘဲ “ဖထီး၊ ကျွန်တော်တို့ အဖွဲ့အစည်းကြားမှာ ဝင်မပါပါနဲ့၊ ကျောင်းသားကေအင်န်ယူနယ်မြေဗဟိုကိုထားခွင့် ခွင့်မပြုနိုင်ဘူး” ဟု ခါးခါးသည်းသည်း ငြင်းဆိုလိုက်သည့်အခါ ဖဒိုဘသင်သည် “ဟင်း” ဟု တစ်ချက် မာန်ဖြင့်အသံပြုပြီး ဘာမှမပြောတော့ဘဲ ချာကနဲလှည့်ထွက်သွားခဲ့သည်။
နောက်တနေ့ညီလာခံစသည့်အခါ ထမင်းဟင်းချက်ကျွေးသည့် ကရင်စားဖိုမှူးများတယောက်မှ မရှိတော့ဘဲ ပျောက်ကုန်ကြသည်။ စားစရာ ဆန်၊ ပဲ၊ ဆီ ကအစ ဘာတခုမျှ ဖိုရုံထဲတွင် မကျန်တော့။ ညတွင်းချင်း သိမ်းသွားပုံရသည်။ သူတို့သဘောကိုမလိုက်၍ ကေအင်န်ယူက ပညာပေးခြင်းဖြစ်ကြောင်းရိပ်မိလိုက်သည်။ ညီလာခံကို မည်ကဲ့သို့ဆက်လုပ်ရမလဲ၊ ဘယ်လိုစားကြမလဲ ပြဿနာစတက်တော့သည်။ ကံကောင်းချင်တော့ ကျွန်တော့်အိပ်ကပ်ထဲတွင် ဦးတင်မြင့်ဦးပေးလိုက်သည့် သွားစိုက်ရန်ငွေ ဘတ်သုံးထောင် ရှိနေသည့်အတွက် ကိုသန်းဝင်းအားခေါ်ပြီး “သန်းဝင်းရေ တော်လဲထသွားပြီး ဆန်နှစ်အိတ်၊ ပဲနဲ့ ဆီဆား အမြန်ဝယ်ခဲ့ကွာ” ဟု ပါသမျှငွေပေး၍ လွှတ်လိုက်ရသည်။ သွားပြန်စိုက်ဖို့မစဉ်းစားနိုင် ကိုသန်းဝင်းပြန်ရောက်လာမှ ညီလာခံကို ပြန်စရသည်။ ညီလာခံပြန်စသည့်အခါ ကေအင်ယူနှင့် ပြဿနာမတက်စေရန် ဗဟိုဟူသော အသုံးအနှုန်း မပါဘဲ ကေအင်ယူနယ်မြေကော်မတီအဖြစ်ထားခြင်းကို ခွင့်ပြုခဲ့ရသည်။
ညီလာခံတွင် ယခင်က ဗဟိုကော်မီတီဝင်ဟောင်းများကို မူလသူတို့ရာထူးများကိုဆက်ထားပြီး ကျန်နေရာများကို ဖြည့်သွားရန် သဘောတူကြသည်။ ထို့နောက် အပြောအဆိုကောင်းသော သေ့ဘောဘိုး စခန်းမှ ကိုအောင်သန်းကို တွဲဘက်အတွင်းရေးမှူးနေရာကို အများသဘောတူညီလာခံမှ ရွေးချယ်လိုက်သည်။ ကျန်နေရာများအတွက် သင့်တော်သူများကိုရွေးချယ်ရန်နှင့် အဆိုပြုခံရသူများကလည်း တကယ်တာဝန်ယူနိုင်မှ လက်ခံကြရန် တိုက်တွန်းရသည်။ ထိုသို့ရှိနေစဉ် တင်မောင်ဆန်းတစ်ယောက် ညီလာခံခန်းမထဲသို့ ဒေါကြီးမောကြီးနှင့်ဝင်လာပြီး “ထွန်းအောင်ကျော် ဥက္ကဋ္ဌဖြစ်ရင် ကျုပ်တို့စခန်းက လုံးဝလက်မခံဘူး၊ ABSDF က ထွက်မယ်” ဟု ပြောဆိုခဲ့သည်။ ထို့နောက် တွဲဘက် အထွေထွေအတွင်းရေးမှူး ၁ အဖြစ် အရွေးခံထားရသော ကိုအောင်သန်း(ကွယ်လွန်) သည် သေ့ဘောဘိုးစခန်း ကိုယ်စားလှယ်မဟုတ်ကြောင်း သူသာလျှင် တရားဝင် ခန့်အပ်လိုက်သည့် ကိုယ်စားလှယ်ဖြစ်ကြောင်း ပြောဆိုပြီး ကိုအောင်သန်းကို ဆက်လက်တိုက်ခိုက် ပြန်လေသည်။ ကိုအောင်သန်းသည် အသားညိုညို ခပ်ဖိုင့်ဖိုင့် အရပ် ၅ ပေ ၄ လက်မ ခန့်ရှိပြီး နှုတ်ခမ်းမွှေး စစနှင့်ဖြစ်သဖြင့် သူ့ကို နှုတ်ခမ်းမွှေးအောင်သန်းဟု သိကြသည်။ အရက်ကြိုက်သဖြင့် မင်းကြီးအောင်သန်းဟု လည်းခေါ်ကြသည်။  ခင်မင်နှစ်လိုဘွယ်ရာ အပြုံးကို ဆောင်ထားတတ်ပြီး လူကြီးဆန်သည်။ စကားပြော ဆိုရာတွင်လည်းကောင်း ဆွေးနွေးတင်ပြရာတွင်လည်းကောင်း၊ ချက်ကျကျပြောတတ်သဖြင့် ကိုယ်စားလှယ် များက သူ့ကို တွဲဘက်အတွင်းရေးမှူးနေရာပေးရန် သဘောတူထားခြင်းဖြစ်သည်။ ကိုအောင်သန်းက သေ့ဘောဘိုးကိုယ်စားလှယ်အဖြစ်မှ သူထွက်ပေးမည်ဖြစ်ကြောင်း၊ သူ့အစား စခန်းကိုယ်စားလှယ်အဖြစ် တင်မောင်ဆန်းအားပေးကြောင်းတို့ကို ငြင်းခုန်ခြင်းမပြုဘဲ နေရာမှဆင်းပေးလိုက်သည်။ ထိုအခါ ကိုယ်စားလှယ် များထဲမှ ကိုကိုလေး၊ ကိုထွန်းဦး၊ ကိုသန်းဝင်း၊ ကိုစိုးလေးတို့က ညီလာခံခေတ္တနားပြီး တင်မောင်ဆန်းနှင့် ညှိကြသည်။ ကိုအောင်သန်းက ထွက်ပေးသဖြင့် ကိုအောင်သန်းကို ပေးထားသော တွဲဘက်အထွေထွေ အတွင်းရေးမှူးနေရာကို တင်မောင်ဆန်းအားပေးလျှင် ကျေနပ်မည်လားဟု ဖြစ်သည်။ ကိုကိုလေးက သူတို့အနေနှင့် စခန်းတစ်ခု ပဲ့မထွက်သွားစေရန် တင်မောင်ဆန်းကို ကိုအောင်သန်းနေရာပေးဖို့ ကမ်းလှမ်းမည်ဟု ကျွန်တော့်ကို လာပြောခဲ့သည်။ ကျွန်တော်က “ငါ့အနေနဲ့ ပုဂ္ဂိုလ်ရေးဘာပြဿနာမှမရှိဘူး၊ သူ့ကိုလည်း ငါဘယ်တုံးကမှ မတိုက်ခိုက်ခဲ့ဘူးဘူး၊ ဒါပေမယ့်၊ မင်းတို့ဟာက အဓိပ္ပါယ်ရှိပါ့မလား။ ဘာဖြစ်လို့လဲဆိုတော့ အောင်သန်းကိုရွေးတာ သူ့အရည်အချင်းကို ကြိုက်လို့ရွေးကြတာ၊ အောင်သန်းက သေ့ဘောဘိုးကိုယ်စားလှယ်ဖြစ်လို့ သူထွက်သွားတဲ့အတွက် သူ့စခန်းကလူပဲ သူ့နေရာယူရမယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး၊ ဒီနေရာဟာ သေ့ဘောဘိုးစခန်းတစ်ခုထဲအတွက် ရာထားတဲ့ နေရာမဟုတ်ဘူး၊ ဘယ်စခန်းကိုယ်စားလှယ်ကဖြစ်ဖြစ် အရွေးခံပိုင်ခွင့်ရှိတယ်။ တော်ကြာညီလာခံမှာချပြပြီးမှ လက်မခံရင် မကောင်းဘူး” ဟု ပြန်ပြောခဲ့သည်။ ကိုကိုလေးက သူတို့ကြည့်လုပ်မည်ဟုပြောပြီး ပြန်ထွက်သွားသည်။ နောက်ညှိကြသည့်အခါ ကိုကိုလေးက တင်မောင်ဆန်းကို “ခင်ဗျားကို ကိုအောင်သန်းနေရာ တွဲဘက် အထွေထွေအတွင်းရေးမှူးပေးမယ်၊ ကျေနပ်လား” ဟု ပြောသည့်အခါ တင်မောင်ဆန်းက “ဒါဆိုကျေနပ်တယ်” ဟု ပြောသည်ကို ကြားသိရသည်။ နောက် “ခင်ဗျား၊ ကိုထွန်းအောင်ကျော်အပေါ် ပြဿနာရှိသေးလား၊ ကျေလည်သလား” ဟု ထပ်မေးရာတွင် “မရှိတော့ပါဘူး၊ ကျွန်တော် ဘာပြဿနာမှ မရှိတော့ပါဘူး။ ကျေလည်ပါတယ်” ဟုဆိုပြီး သဘောတူသည့်အတွက် ညီလာခံကိုပြန်စခဲ့သည်။
ညီလာခံပြန်စသည့်အခါ သဘာပတိလုပ်သည့် ကျွန်တော်၊ ဦးယုနွယ်တို့ကို အမှူးထားပြီး အခန်းနားမှူး ကိုသန်းဝင်းက ကိုအောင်သန်း ညီလာခံကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်သွားသည့်အတွက် သူ့နေရာတွင် တင်မောင်ဆန်းကို တွဲဘက်အထွေထွေအတွင်းရေးမှူးပေးဖို့ ညှိုနှိုင်းခဲ့ကြောင်းကို ညီလာခံ၌ သဘောတူညီချက် ရယူရန် တင်ပြသည့်အခါ ညီလာခံကိုယ်စားလှယ်များက ကိုအောင်သန်းကဲ့သို့ အရည်အချင်းရှိသည့်သူက ထွက်ပေးရပြီး ညီလာခံထဲကို လူမိုက်ပုံစံဖြင့် ဗြုံးစားကြီးဝင်လာပြီး သူတို့စခန်းခွဲထွက်မယ်ဟု ချိမ်းခြောက်သည့် တင်မောင်ဆန်းကို နေရာပေးမယ်ဆိုသည့်အခါ လက်မခံနိုင်တော့ဘဲ ဝိုင်းပြီးကန့်ကွက်ကြပြီး မဲနှင့်သာ မည်သူဖြစ်သင့်သည်ကို ရွေးချယ်မည်ဟု ကန့်ကွက်ပြောဆိုကြသည်။ ထိုအခါ တင်မောင်ဆန်းက နေရာမှထပြီး “ကျုပ်တို့စခန်းက ထွန်းအောင်ကျော် ဥက္ကဋ္ဌဖြစ်ရင် လက်မခံဘူး၊ သူက ဦးတင်မြင့်ဦးဆီမှာ သွားစိုက်ဖို့ ဘတ်ငွေ သုံးထောင် တောင်းယူသွားတယ်၊ ခင်ဗျားလို သွားကျိုးနေတဲ့သူတွေ ကျုပ်တို့စခန်းမှာ အများကြီးရှိတယ်” ဟု ဆိုပြီး ဆူပူသောင်းကျန်းပြန်သည်။ ထိုအခါ ကျွန်တော် တော်တော်အံ့သြသွားမိသည်။ ဦးတင်မြင့်ဦးက သွားစိုက်ရန် ဘတ်ငွေ သုံးထောင်ကို ကျွန်တော်က မတောင်းဘဲ သူသဘောနှင့်သူ ပေးခဲ့သည်ကို သူနှင့် ကျွန်တော်သာ သိသည်။ အခြားမည်သူမျှမသိ။ ထိုအကြောင်းကို တင်မောင်ဆန်းကသိနေခဲ့သည်။ ဦးတင်မြင့်ဦး မပြောဘဲ မသိနိုင်သည့်ကိစ္စ ဖြစ်သည်။ ဘာကြောင့် ဦးတင်မြင့်ဦးက တင်မောင်ဆန်းကို ပြောခဲ့သနည်း။ ကျွန်တော့်ကို တိုက်ခိုက်ရန် လမ်းကြောင်းပေးလိုက်သည်လား။ ဖြစ်နိုင်ချေ များစွာရှိနေသည်။
တင်မောင်ဆန်းက ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်ပြီး တိုက်ခိုက်လာသော်လည်း ညီညွတ်ရေးကို ရှေးရှူပြီး စခန်းခေါင်းဆောင်တစ်ဦးတင်ပြလာသည်ကို ညီလာခံကိုယ်စားလှယ် အများစုက မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ရန် ညီလာခံကြီးကို ခေတ္တရပ်နားလိုက်ပြီး ဒေါက်တာသောင်းထွန်းက မေးမြန်းသူ နေရာတွင်နေ၍ ကျွန်တော်နှင့် တင်မောင်ဆန်းကို မေးခွန်းများထုတ်၍ တစ်ဦးချင်းစီ၏ လုပ်ဆောင်ချက်များကို ညီလာခံကိုယ်စားလှယ်များကို နားထောင်စေခဲ့သည်။
ပထမဦးစွာ တင်မောင်ဆန်းအား ကိုသောင်းထွန်းက အေဘီအက်စ်ဒီအက်ဖ်ပို့စကတ်များကို မဲဆောက်မြို့တွင် ကုန်သည်များကို တင်မောင်ဆန်းက ရောင်းချခဲ့သည်ဟု ကြားရကြောင်း ထို့ကြောင့် ပို့စကတ် မည်မျှရောင်းချ၍ မည်မျှရရှိခဲ့သနည်းဟု မေးမြန်းခဲ့ရာ တင်မောင်ဆန်းက ပို့စကတ် ၅၀ ခန့်ကို အောင်နိုင်က ပေးသဖြင့် ရရှိခဲ့ပြီး ကုန်သည်များကို တစ်ခုလျှင် ဘတ် ၅၀၀ မှ ဘတ် ၁၅၀၀-၂၀၀၀ အထိ သူတို့ပေးလျှင် ပေးသလောက်နှင့် ရောင်းချခဲ့ရာ စုစုပေါင်း ရောင်းရငွေ ဘတ် ၇၅၀၀ ခန့်ရပြီး ပို့စကတ်တစ်ခုကို ၁၀ ဘတ်နှုန်းဖြင့် ဈေးဖြတ်၍ အခု ၅၀ အတွက် ဘတ်ငွေ ၅၀၀ ကို အောင်နိုင်တို့ကို ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ငွေများကိုမူ တပ်ရင်းမှူး သုံးပိုင်ခွင့်နှင့် သုံးပစ်လိုက်ကြောင်း ဖြေကြားခဲ့သည်။
ထို့နောက် ကိုသောင်းထွန်းက ကျွန်တော့်ကို ပို့စကတ်များကို ဘန်ကောက်တက်စဉ် ရောင်းချခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မည်ကဲ့သို့ ရောင်းချခဲ့ပြီး မည်မျှရရှိခဲ့သနည်းဟု မေးမြန်းခဲ့သည်။ ကျွန်တော်က ဘန်ကောက်တွင် အသိမိတ်ဆွေများ၊ နိုင်ငံခြားသားများကို ရောင်းချရာတွင် ပို့စကတ် ၄၀ - ၅၀ ခန့်ရောင်းရပြီး အချို့က ဘတ် ၂၀၀၊ အချို့က ဘတ် ၁၀၀၀ အစားစား ပေးကြကြောင်း၊ စုစုပေါင်း ဘတ်ငွေ ၈၀၀၀ ခန့်ရရှိခဲ့ပြီး ထိုငွေအားလုံးကို ဘဏ္ဍာရေးသို့ အပ်လိုက်ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဘဏ္ဍာရေးကော်မတီမှလည်း လက်ခံရရှိကြောင်း အတည်ပြုခဲ့သည်။
ထိုအခါတင်မောင်ဆန်းကထပြီး “ခင်ဗျာအရှက်မရှိ ဘတ်ငွေသုံးထောင်ယူထားတယ် အဲဒါကိုရှင်းပါ” ဟုဆိုသည်။ ကျွန်တော်က “အဲဒီဘတ်ငွေသုံးထောင်နဲ့ အခုညီလာခံကို ကျင်းပနေတာ၊ ညီလာခံ ကိုယ်စားလှယ်တွေ စားဖို့ဆန်နဲ့ပဲကို ဒီငွေနဲ့ဝယ်ပြီး လုပ်နေတာငါကိုယ်ကျိုး လုံးဝသုံးမထားဘူး၊ သန်းဝင်းကို မေးကြည့်ဟုတ်မဟုတ်ဆိုတာ၊ အခု မင်းတို့အားလုံးစားနေတာ အဲဒီငွေနဲ့ စားနေတာ” ဟု ပြန်ပြောခဲ့သည်။ ကိုသန်းဝင်းကထပြီး “ဟုတ်တယ်၊ ကိုထွန်းက ဘတ်ငွေသုံးထောင်ထုတ်ပေးလို့ တော်လဲထမှာ ဆန်နဲ့ ပဲသွားဝယ်ပြီး ညီလာခံ လုပ်နေတာဖြစ်တယ်” ဟု ထောက်ခံပြောခဲ့သည်။ ထို့နောက် အပြန်အလှန် စွပ်စွဲချက်များကို ရှင်းပြီးဖြစ်သည့်အတွက် ညီလာခံကြီးကို ပြန်စတော့မည်ဖြစ်ကြောင်း ကြေညာပြီး ညီလာခံ၌ ရွေးချယ်ပွဲကို ပြန်စကြသည်။ အားလုံးက ကျွန်တော့်ကို ဥက္ကဋ္ဌအဖြစ် ပြန်ရွေးချယ်ခဲ့ကြပြီး တင်မောင်ဆန်းကို မည်သည့်နေရာမှ မပေးခဲ့ကြပေ။ ထိုအခါ တင်မောင်ဆန်းက ထပြီး “ကျုပ်တို့စခန်းက ထွန်းအောင်ကျော်ကို လုံးဝမထောက်ခံဘူး။ ABSDF ကနေ ခွဲထွက်တယ်။ ထွန်းအောင်ကျော် မဲဆောက်မြို့ကို လာရဲရင် လာကြည့်” ဟု ကြိမ်းဝါးပြီး လှေနှင့်ပြန်ရန် လုပ်သည့်အခါ  ကိုဌေးနိုင်က “အကိုကြီး ကျွန်တော်လိုက်ပို့မယ်” ဟု ဆိုပြီး တင်မောင်ဆန်းနှင့်အတူ လှေဆိပ်သို့ ဆင်းသွားသည်။ ကိုဌေးနိုင်သည် တင်မောင်ဆန်းစခန်းမှဖြစ်သည်။ တင်မောင်ဆန်းကိုလည်း အလွန်ကြည်ညိုသူ ဖြစ်သည်။ တစ်လမပြည့်ခင် တင်မောင်ဆန်းက သူ့စခန်းမှရဲဘော်များကို ဆက်နေလျှင် ကရင်လက်အောက်ခံဖြစ်သွားလိမ့်မည်ဟု ပြောပြီး ထိုင်းဖက်သို့ထွက်ရန် ခေါ်သဖြင့် စခန်းရှိရဲဘော်များ ထွက်လိုက်လာကြရာ မဲဆောက်တွင် သောင်တင်ကာ ဘုန်းကြီးကျောင်းတွင် ကပ်နေကြရရာ အများစု စိတ်ဓါတ်ကျလာသည့်အတွက် မြဝတီမှတစ်ဆင့် မြန်မာပြည်သို့ ပြန်သည်ဟု ကြားသည်ရ၍ စိတ်မကောင်း ဖြစ်ခဲ့ရသည်။ တင်မောင်ဆန်း၏စခန်းလည်း ညီလာခံတွင် သူနေရာ မရခဲ့ခြင်းကို အကြောင်းပြု၍ သူဖျက်စီး လိုက်သဖြင့် ပျက်သွားခဲ့သည်။

No comments: