Sunday, February 9, 2014

အ၀တ်တွေကာထားတဲ့ တဲကလေးထဲမှာ မျက်ရည်တွေရှိတယ်

ကဲ ဗိုလ်ချုပ်ကြီးတွေ ပြောင်းလည်းပါပြီဆို
တပ်ပိုင်မြေ တဲ့ ဘယ်လိုလုပ်ကြမလည်း
အရင်တုန်းက တရားမဝင်အနိုင်ကျင့်တဲ့အစိုးရ
အခု ပြည်သူတွေအကျိုးရှိဖို့ ဆို ဗိုလ်ချုပ် ကြီးတွေနဲ့ ပျော်ပျော် ပါးပါး ကကြ ခုန်ကြ သူများ ဘယ်လိုလဲ ပြည်သူတွေ ဒီလို နိုင့်ထက်စီးနင်းလုပ်ခံ ရတာ အကျိုးရှိတာ တဲ့လား ?ထွီ.....
အ၀တ်တွေကာထားတဲ့ တဲကလေးထဲမှာ မျက်ရည်တွေရှိတယ်
အ၀တ်တွေကာထားတဲ့ တဲကလေးထဲမှာ မျက်ရည်တွေရှိတယ်
------------------------------
--------------------

ဒါကို တဲလို့ ခေါ်မလား?
ခေါ်ချင်သလိုသာ ခေါ်လိုက်ကြပါတော့
အ၀တ်တွေပတ်ကာထားတဲ့ လမ်းဘေးလေးမှာပေါ့ ...

ဆောင်းကြမ်းကြမ်းရဲ့အအေးဓာတ်ပြင်းပြင်းမှာ
ကျမတို့ အသိုက်အမြုံလေးဖျက်ဆီးခံခဲ့ရ။

လူဆိုးတွေ ဖျက်တာလား
ဟင်အင်း မဟုတ်ပါဘူး။

ဒုစရိုက်သမားတွေလား။
ဟင်အင်း မဟုတ်ပါဘူး။

တာဝန်ရှိသူကြီးတွေ
ယူနီဖောင်းဝတ်ကြီးတွေ
ရဲကားကြီးတွေ အချုပ်ကားကြီးတွေ
ကျမတို့ အသိုက်အမြုံလေးတွေဆီကို
ဒရကြမ်းမောင်းဝင်လာ။

သွား ခုချက်ချင်းပြောင်း
ဖျက်မယ် နှင်မယ်
အဲဒါ ငါတို့နေရာတဲ့။
ဒါဆို ကျမတို့ကရော ???

ကျမတို့က ...
ကျူးကျော်တွေတဲ့လေ !!!

ကျမတို့မှာ ...
ကျောတစ်ခင်းစာလေး တမ်းတမိတာပါ။
အကိုတို့ အမတို့
လူကြီးမင်းတို့ရယ်
ကျမတို့ဟာ ထိန်ပြောင်ငြီးငြီးနန်းဆောင်ကြီးတွေမှာလဲ
မနေနိုင်ပါ။

မီးလဲမလင်း
ခြေခင်းလက်ခင်းလဲ မသာလှပါ။
ဒါပေမဲ့ အသိုက်အမြုံလေးတော့ ဖြစ်ခဲ့တယ်
အရင်က ဆိုရင်ပေါ့။

လူဆိုတာ ရပ်တည်စရာလိုတယ်။
အသက်ရှင်သန်ခြင်းအတွက်
လုံခြုံနွေးထွေးမှုဆိုတာ လိုတယ်။

ကျူးကျော်တွေပဲထားပါ။
ကျမတို့နေရာလေးတွေဟာ အလွန်ဆုံးရှိလှ
ဆယ်ပေ၊ ၁၅ ပေ။
အဲဒီလောက်အပြင် မပိုပါဘူး။

နိုင်ငံသားအစစ်ဖြစ်တဲ့
ဒီမြေမှာမွေး ဒီရေကိုသောက်
ဒီစကားပြော ကျမတို့အတွက်
ဒီနိုင်ငံကြီးက ကျောတခင်းစာလေးတောင်
မသဒ္ဓါကြတော့ဘူးလားရှင်။

ကျမတို့မှာ နေစရာ မရှိလို့ပါ။

ဟုတ်ပါတယ် ဥပဒေဘုတ်အုပ်ကြီးတွေလည်း
ကျမတို့ မကိုင်နိုင်ပါ။
လူကြီးမင်းတို့လို ကျမတို့မပြောဆိုတတ်ပါ။
ဒါပေမယ့်
ကျမတို့ကို ကျောတခင်းစာလေးတော့ ပေးပါ။

ကျမငိုတော့ သားလေးကလည်း ငိုတယ်။
ဘေးမှာ ပုဆိုးလေးထဲမှာ ပုံ့ပုံ့လေးအိပ်ပျော်နေတဲ့
မွေးကင်းစသမီးလေးကလည်း အားငယ်လို့
သူ ဘယ်မှာ ဆက်ရှင်သန်ရပါ့မလဲ။

အာဟာရချို့တဲ့
အနာဂတ်ချို့တဲ့
နောက်ဆုံး ကျောခင်းစရာတောင် မရှိတော့တဲ့
ကျမတို့သားသမီးတွေအတွက်
လူကြီးမင်းတို့ ဂရုဏာလေးများ မထားနိုင်ကြတော့ပြီလား။

ဒီနိုင်ငံကြီးမှာ လူဖြစ်လာမိတာကိုက
အပြစ်တစ်ခုများလားဟင်..

ဒေါ်လာဘီလျံပေါင်းများစွာ ချမ်းသာနေတဲ့
ဘဏ်တိုက်ကြီးတွေ ကုမ္ပဏီကြီးတွေနဲ့
စိန်စီသောညတွေကို ဖြတ်သန်းနေတဲ့
လူကြီးမင်းတို့ရှင့်...

ကျမတို့နေတာ လူကြီးမင်းတို့ပိုင် မြေတဲ့လား
ကျမတို့ဘ၀တွေရော လူကြီးမင်းတို့ ပိုင်သလား
ဒါဆိုလည်း ကျမတို့အားလုံးကို
မနာမကျင် မဆုတ်မဆိုင်းပဲ
အကုန် အသေသာ သတ်လိုက်ကြပါတော့လားရှင်။

Photo: ဇေယျ၊ မျိုးမင်းသွင်
(ဓါတ်ပုံကို Zin Thaw Naing ဖေ့ဘုတ်စာမျက်နှာမှ ရရှိပါသည်)
-----------------------------------------------------------

[လှည်းကူးမြို့နယ်၊ စာဗူးတောင်း ကျေးရွာအုပ်စုက
"သမီးကလေး" ရွာကို မနက် ဝေလီဝေလင်းကြီး
တပ်ပိုင်မြေ ဆိုပြီးတော့
လုံထိန်းနဲ့ စွမ်းအားရှင်တွေ ၀င်ရောက်ဖျက်ဆီးပြီးပုံ]

No comments: