Monday, February 17, 2014

မြို့မဈေးကြီးမီးလောင်မှုကြောင့် ခရိုနီကြီးအပေါ် မြို့ခံများသံသယဖြစ်


*******************************************

၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်မှာ တောင်ငူမြို့ မြို့မဈေးကြီးမီးလောင်မှုဖြစ်ပေါ်ခဲ့ရာမှာ ဈေးရဲ့ ၈၅ ရာခိုင်နှုန်းကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ် သိန်းပေါင်း တစ်သောင်းကျော်ခဲ့တယ်လို့ သတင်းမီဒီယာများမှာ ဖော်ပြခဲ့ကြပါတယ်။

မြို့ခံ ဈေးသူဈေးသားများရဲ့အဆိုအရတော့ ကျပ်သိန်းပေါင်း ရှစ်သောင်းကျော် ဆုံးရှုံးမှုရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး ဈေးတာဝန်ခံနှစ်ဦးနဲ့ မီးပြင်သူတို့ကို နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီးဖြစ်ပါတယ်။

မီးလောင်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့ နယ်မြေခံမီးသတ်တပ်ဖွဲ့ရဲ့အပြောအရ ၀ါယာရှော့ခ်ဖြစ်ရာကနေ စတင်လောင်ကျွမ်းတယ်လို့ သုံးသပ်ပါတယ်။ နယ်ခံလူထုကတော့ မီးလောင်မှုအပေါ် သံသယရှိနေကြပြီး အမျိုးမျိုးပြောဆိုဝေဖန်နေကြပါတယ်။

နယ်ခံဈေးသည်တစ်ဦးကတော့ “၀ါယာရှော့ခ်ဖြစ်ပြီးလောင်တယ်ဆိုတာ မီးသတ်ရဲ့ လက်သုံးစကားဖြစ်နေပြီ။ ကျနော်တို့ဆိုင်မှာတော့ အဲဒီလိုမဖြစ်အောင် ဘရိတ်ကာတွေဘာတွေ တပ်ထားပြီးသားပဲ။ ဆိုင်တိုင်းလိုလိုမှာလည်း ဒါတပ်ထားတယ်။ ၈၁ တုန်းက အောင်နိုင်မီးရှို့လို့ကုန်ပြီးကတည်းက မီးလောင်မှာကို အမြဲသတိထားတယ်။ ကျနော်ကတော့ ဒီမီးကို လုံးဝသံသယရှိတယ်နော်။ အခုဟာက ဒုတိယအကြိမ် ဘ၀ပျက်တာဗျာ။” လို့ ပြောဆိုပါတယ်။

နောက်မြို့ခံတစ်ဦးကတော့ “လုံးဝ သံသယရှိစရာကြီးပါဗျာ။ မီးက ဟိုနားကထလောင်လိုက်။ ဒီနားက ထလောင်လိုက်နဲ့။ မီးလောင်လို့ ၀င်ညှိမ်းဖို့လုပ်တော့လည်း ဈေးဝင်ပေါက်တွေမှာ မီးအားက ပိုကြီးနေတယ်။ ဘယ်လိုမှ ၀င်မရတဲ့အဆုံး ထိုင်ကြည့်နေလိုက်ရတာပဲ။ ဈေးအပြင်တန်းက ဆိုင်ကလေးတွေကတော့ သူတို့ပစ္စည်း နည်းနည်းပါးပါး ပြန်ရလိုက်တာပေါ့။” လို့ ဆိုပါတယ်။

သြစတြေးလျှနိုင်ငံမှာ ခေတ္တရောက်နေတဲ့ တောင်ငူမြို့သားတစ်ဦးကတော့ “ဒါ ခရိုနီတွေနဲ့ အစိုးရအဖွဲ့ထဲက လူတချို့လက်ချက်ပါဗျာ။ အထူးသဖြင့် တောင်ငူသား CB Bank ဥက္ကဋ္ဌ သစ္စာဖောက် ခင်မောင်အေးရဲ့လက်ချက်လို့ သုံးသပ်လို့ရတယ်။ ဒီကောင်က ကျနော်တို့ ၈၈ အရေးတော်ပုံကာလမှာ ကျောင်းသားခေါင်းဆောင်ပေါ့။ နောက်တော့ စစ်အုပ်စုနဲ့ပေါင်းပြီး အရမ်းချမ်းသာသွားတာ။ အခုနောက်ပိုင်း တောင်ငူမှာ သူလိုက်သိမ်းထားတဲ့နေရာတွေ ခင်ဗျားတို့စုံးစမ်းကြည့်ရင် သိနိုင်ပါတယ်။ ကန်တော်ကြီးတစ်ခုလုံးတောင် သူသိမ်းထားတာ။ ဟို အမြန်လမ်းတလျှောက်မြေယာတွေအကုန်လုံး သူသိမ်းပြီးပြီ။ ဒီဈေးကြီးနေရာကို သူတစ်ခုခုလုပ်ချင်နေတယ်ဆိုတာ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်ကတည်းက ကျနော်တို့ တောင်ငူသားတွေရိပ်မိပါတယ်။ လိုက်မေးကြည့်ပါ။” လို့ဆိုပါတယ်။

ဦးခင်မောင်အေးအပေါ် သံသယ၀င်နေတာနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံမှာခေတ္တရောက်နေတဲ့ တောင်ငူမြို့သားတစ်ဦးကို တီးခေါက်ကြည့်တဲ့အခါမှာတော့ “ဒါကတော့ဗျာ စိတ်ခံစားချက်အမျိုးမျိုးနဲ့ ပြောတာမျိုးလည်းဖြစ်နိုင်ပါတယ်။ တကယ်သိလို့လည်း ပြောတာလည်းဖြစ်နိုင်ပါတယ်။ ကျနော်ကတော့ အဲဒီအပေါ် သိပ်ဝေဖန်ချက်မပေးချင်ဘူး။ အခုလတ်တလော ဈေးမီးလောင်လို့ ဒုက္ခရောက်သွားတဲ့ ဈေးကိုမှီခိုစားသောက်နေရတဲ့ အလုပ်သမားလေးတွေကို သနားတယ်ဗျာ။ သူတို့အတွက် တစ်ခုခုလုပ်ပေးသင့်တယ်လို့ထင်ပါတယ်။ ဈေးဆိုင်ပိုင်ရှင်ဆိုတာက ဆင်ပိန်ရင်ကျွဲပေါ့ဗျာ သူတို့က ဆုံးရှုံးပေမယ့် ဆင်းရဲသားတွေလောက် ဒုက္ခမရောက်ပါဘူး။ ကိုခင်မောင်အေးအနေနဲ့ ချမ်းသာတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်လို့ ဒုက္ခရောက်နေတဲ့လူတွေအတွက်တော့ လှူဒါန်းပေးကမ်းသင့်တယ်လို့ပဲ ပြောချင်ပါတယ်ဗျာ။” လို့ဆိုပါတယ်။

နောက်ထပ်တောင်ငူမြို့နယ်ခံတစ်ဦးကတော့ “အေးလေ။ အခုပဲ အဲဒါပြောနေတာနော်။ တစ်မြို့လုံး သို့လောသို့လော ပြောနေကြတာ။ ကျနော်တို့တောင်ငူမှာ စာဆိုရှိတယ်လေ ရေမှာ စံဖဲ၊ ဓါးမှာ အုန်းမောင်၊ မီးမှာ အောင်နိုင်၊ ကာဘိုင်တင်ထွန်း ဆိုပြီးတော့ပေါ့။ အခုကတော့ မီးမှာခင်မောင်အေးလို့ ကလေးတွေတောင်ပြောနေကြပြီ။ ကြားပါတယ် လွန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်ကတည်းက ခင်မောင်အေးက ဒီဈေးကြီးကိုဖျက်ပြီး နှစ်ထပ်သုံးထပ် အဆင့်မြင့်ဈေးသစ်ဆောက်ချင်နေတယ်ဆိုတာ။ အခုတော့ သူအစွပ်စွဲခံရပြီပေါ့ဗျာ။” လို့ဆိုပါတယ်။

ဒါကတော့ တောင်ငူမြို့ခံ ခရိုနီကြီး ဦးခင်မောင်အေးအပေါ် သံသယ၀င်နေတဲ့အချက်တွေကို Myanmar Anti-China က စုစည်းတင်ပြပေးလိုက်တာဖြစ်ပါတယ်။
=============================
Myanmar Internet News မီဒီယာ

No comments: