Tuesday, February 4, 2014

ဥပဒေ ၅၉ (စ)ကို အမျိုးသားရေး ရှူထောင့်ကနေ မပြင်သင့်ကြောင်း အသိပညာပေး ဟောပြောပွဲ

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အဟန့်အတား ဖြစ်နေတဲ့ အခြေခံ ဥပဒေ ၅၉ (စ)ကို အမျိုးသားရေး ရှူထောင့်ကနေ ကာကွယ်စောင့်ရှောက်ပြီး မပြင်သင့်ကြောင်း အသိပညာပေး ဟောပြောပွဲ တစ်ရပ်ကို မနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။
လူ ၇၀၀ ကျော်လောက် တက်ရောက်တဲ့ အဲဒီပွဲကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၊ မတူ ကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီက ကိုနေမျိုးဝေ၊ အမျိုးသားရေးဝါဒီ ကိုရဲမင်းဦးတို့က တက်ရောက် ဟောပြောကြပါတယ်။

ဒီပွဲကို မြန်မာအမျိုးသား ကွန်ယက်က ဦးဆောင်ကျင်းပတာလို့ ပြောပေမယ့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တွေလည်း ပါဝင်တာ တွေ့ရပါတယ်။

ဒီနေ့ပွဲကို မြန်မာ အမျိုးသားရေး ကွန်ယက်အပြင် မန္တလေးမှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲတွေ အမျိုးသား ဒီမိုကရေစီ အင်အားစုက ပါတီဝင်တွေ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေပါ ပါဝင်ကြပါတယ်။

ဒါ့အပြင် ရဟန်းတော်တွေလည်း တက်ရောက် နားထောင်တာ တွေ့ရပါတယ်။

ကြံ့ခိုင်ရေးပါတီက နောက်ကွယ်က ပါတယ် ပြောပေမယ့် ဒီနေ့ပွဲမှာ အဲဒီပါတီက ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်း တက်ရောက် နားထောင်တာကိုသာ တွေ့ရပါတယ်။

အခမ်းအနားဟာ အခြေခံဥပဒေ ပညာပေး ဟောပြောပွဲ လို့ ပြောပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်လိုတဲ့ ၅၉ (စ)ကို အမျိုးသားရေးကြောင့် မပြင်သင့်တာကို အဓိက ပြောသွားတာ တွေ့ရပါတယ်။

ဒါ့အပြင် လွှတ်တော်က ပြင်နေတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အနာဂတ် အမျိုးသား အကျိုးစီးပွား ရှူထောင့်ကနေ စီစဉ်ကြဖို့ကိုလည်း ပြောသွားကြတာ တွေ့ရပါတယ်။

No comments: