Thursday, February 13, 2014

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့၊ မြန်မာနိုင်ငံ ကလေးများနေ့ အတွက် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း


*******************************************************

ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့ အဖြစ်နဲ့ သတ်
မှတ်ထားတာ အင်မတန်မှ သင့်လျှော်တယ်လို့ ကျွန်မထင်ပါတယ်၊ ကျွန်မ အခုဆိုလို့ရှိ
ရင် ကိုယ်တိုင်က သားတွေတင်မက မြေးတွေတောင် ရနေပါပြီ၊ ဒါပေမယ့်လဲ ဖေဖေ ဆုံးသွားတဲ့ အချိန်မှာ နှစ်နှစ်ကျော်လေးပဲ ရှိသေးတယ်ဆိုတော့ ကျွန်မ ဖေဖေ ကိုမြင်တဲ့ အမြင်ဟာ ကလေးတစ်ယောက်အမြင်လို့ပဲ ပြောလို့ရှိရင်လဲ ရပါတယ်၊ ဒီတော့ ကလေးများကို ဘယ်လို ဖေဖေ ကို မြင်စေချင်လဲလို့ ကျွန်မ ရှင်းပြလို့ရှိရင် နားလည်ကြလိမ့်မယ်လို့ထင်ပါတယ်၊

ဖေဖေ ကို ကျွန်မ ပထမဦးဆုံး ဘယ်လိုထင်ခဲ့လဲဆိုတော့ အင်မတန်မှ ဖြောင့်
မတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ဒီလိုပဲ နားလည်ခဲ့ပါတယ်၊ ဒါက မေမေ ရဲ့ သင်ကြားမှု့အရ၊
မေမေ က ဖေဖေ အကြောင်းပြောပြလို့ရှိရင် နံပါတ်တစ် ဘာလဲဆိုရင် ဖေဖေကအင်မ
တန်မှ ဖြောင့်မတ်တယ်၊ ရိုးသားတယ်၊ ဘယ်သူ့ကိုမှ အကောက်မကြံဘူး၊ ဘယ်တော့မှ
မဟုတ်တာကို မလုပ်ဘူး၊ ဒါဘဲ၊

ဒုတိယက ဘာသင်ခဲ့လဲဆိုတော့ တိုင်းပြည်ကို သိပ်ပြီးတော့ ချစ်တယ်၊ တတိယ
ဘာသင်လဲဆိုတော့ ပညာတော်တယ်၊ စာတော်တယ်၊ စာကြိုးစားတယ်၊ ဒီတော့
ကျွန်မ စဉ်းစားမိတယ်၊ နောက်ကျတော့၊ အော် နောက်တစ်ခုပါသေးတယ်၊ အဲ့ဒါပြီးတော့မှ ဖေဖေ က သတ္တိ သိပ်ရှိတယ်ဆိုတာကိုလဲ ပြောပါတယ်၊ ဒီတော့ စဉ်းစားကြည့်လို့ရှိရင်ပထမဆုံး အရေးကြီးတာက ရိုးသားဖို့၊ ဖြောင့်မတ်ဖို့၊ မှန်ကန်ဖို့၊ သူတစ်ပါးကို အကောက်မကြံဖို့၊ ဒုတိယ အရေးကြီးတာက တိုင်းပြည်ကို ချစ်ဖို့၊ ကိုယ့်ရဲ့ နိုင်ငံသူ နိုင်ငံသားတွေအပေါ်မှာ ဂရုဏာ မေတ္တာ ထားနိုင်ဖို့၊

တတိယကတော့ ပညာပေါ့နော်၊ ပညာရှာတဲ့ နေရာမှာ စိတ်ထက်သန်ဖို့၊ စာကြိုး
စားဖို့၊ စာတော်ဖို့ပေါ့နော်၊ စာတော်ဖို့ဆိုတာဟာ အတန်းထဲမှာ အမှတ်ရဖို့ကို ပြောတာ
မဟုတ်ပါဘူး၊ ကိုယ်သင်ယူတဲ့ ကိစ္စတွေကို အသုံးကောင်းကောင်း ချနိုင်ဖို့၊ မှန်မှန်ကန်
ကန် အသုံးချနိုင်အောင်၊ နောက် စတုတ္ထ ကမှ သတ္တိ လို့ ပြောပါတယ်၊ ဘာဖြစ်လို့ ဒီလို
ပြောလဲ စဉ်းစားကြည့်လို့ရှိရင် သတ္တိဆိုတာ အကောင်းအတွက်လဲ ဖြစ်နိုင်တယ်၊ အဆိုး
အတွက်လဲ ဖြစ်နိုင်တယ်၊ အရှေ့က အရာတွေ အားလုံးပါသွားပြီဆိုရင် ကိုယ့်သတ္တိဟာ
မှန်ကန်တဲ့ သတ္တိ ပဲဖြစ်လိမ့်မယ်၊ ကိုယ်က မှန်မှန်ကန်ကန် လုပ်ချင်တယ်၊ ဘယ်သူ့ကို
မှ မတရား မလုပ်ချင်ဘူး၊ ဘယ်သူ့ကိုမှ အကောက်မကြံချင်ဘူး၊ နောက်ပြီး ကိုယ့်တိုင်း
ပြည်ကို ချစ်တယ်၊ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေကို တိုးတက်စေချင်တယ်၊ ပညာကို
အလေးထားတယ်၊ ပညာ ကြိုးစားတယ်၊

ကိုယ်သင်ယူတဲ့ဟာတွေကို တန်ဖိုးရှိအောင်သုံးတယ် ဆိုလို့ရှိရင် ကိုယ့်သတ္တိကို
လဲ ကိုယ် မှန်မှန်ကန်ကန် တန်ဖိုးရှိအောင် သုံးမှာပဲ၊ သတ္တိ သိပ်ရှိပြီးတော့ မဖြောင့်မတ်
တဲ့သူဆိုရင် အင်မတန်ကြောက်စရာကောင်းတယ်နော်၊ သတ္တိရှိတယ်ဆိုတာ လုပ်ရဲတာ
ခံရဲတာ ၊ ဟုတ်ပြီ၊ ဒါမှန်ကန်တဲ့ကိစ္စအတွက် လုပ်ရဲတယ် ခံရဲတယ်ဆိုတာ အင်မတန်
ကောင်းတာပေါ့၊ ဒါပေမယ့် မဟုတ်တာ လုပ်ဖို့အတွက် လုပ်ရဲတယ်၊ မဟုတ်တဲ့ကိစ္စတွေ
အတွက် ခံရဲတယ်ဆိုရင် ဒါမကောင်းဘူး၊ ဒါကြောင့်မို့ ဒီလိုပဲ ကျွန်မကို မေမေ ကသင်
ခဲ့တယ်လို့ မြင်ပါတယ်၊ ဒါကြောင့် ငယ်ငယ်တည်းက ဖေဖေ ကို မြင်ခဲ့တဲ့ အမြင်နဲ့ အခု
ကလေးတွေကိုလဲ မြင်စေချင်တယ်၊

ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်ချုပ်အောင်ဆန်း ဆိုပြီးတော့ အခု ဖေဖေ ဆုံးသွား
တာ အနှစ် ၇၀ နီးပါးဖြစ်သွားပြီပေါ့နော်၊ ၁၉၄၇ ခုနှစ်က ဆုံးသွားတာဆိုတော့ အခုဆို
ရင် ၆၈ နှစ် ရှိတော့မယ်၊ အာဇာနည်နေ့မှာဆိုရင် ၆၈ နှစ်ပြည့်တော့မယ်၊ ၇၀ နီးပါ၊ ဒီ
လောက်ကြာတာတောင်မှ ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေက ဗိုလ်ချုပ်အောင်
ဆန်း ဗိုလ်ချုပ်အောင်ဆန်း ဆိုရင် ချစ်ခင်တယ်၊ လေးစားတယ်၊ ကြည်ညိုတယ်၊ အဲ့လို
ချစ်ခင်လေးစား ကြည်ညိုတဲ့ စိတ်တွေဖြစ်လာအောင်လို့ဘယ်လို ဘ၀မျိုးကို ဖေဖေ
ဖြတ်သန်းခဲ့သလဲဆိုတာကို အဲ့ဒါကို လေ့လာဖို့လိုတယ်၊

လူတိုင်း လူတိုင်းဟာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ချစ်ခင်ကြတာကို ခံချင်ကြတာ
ပဲ၊ လေးစားကြတာကို ခံချင်ကြတာပဲ၊ ကြည်ညိုတာကတော့ တစ်ဆင့်မြင့် တယ်ပေါ့နော်၊လူတိုင်း လူတိုင်းက အကြည်ညိုတာကို ခံရမှာလဲ မဟုတ်ဘူး၊ အကြည်ညို ခံချင်မှလဲခံချင်မှာ၊ ဒါပေမယ့် လူတိုင်းကတော့ချစ်ခင်တာ လေးစားတာကို ခံချင်ကြမှာပဲ၊အဲ့တော့ကိုယ့်ရဲ့အသိုင်းအ၀ိုင်းမှာကိုယ့်ကိုအများတွေကချစ်ခင်လေးစားချင်ရင် ဘယ်လို လူပုဂ္ဂိုလ်မျိုး ဖြစ်သင့်သလဲ၊ ဘယ်လို လူပုဂ္ဂိုလ်မျိုးဖြစ်အောင် ကြိုးစားရမလဲဆိုတာ ဒါ ကလေးဘ၀တည်းကနေ စပြီးတော့ လုပ်မှဖြစ်မှာ၊ အသက်ကြီးလာမှ ၀ုန်းဆိုပြီး လုပ်ရတာမလွယ်ဘူး၊ မဖြစ်ဘူးလို့ ကျွန်မ မဆိုလိုဘူး၊

ဘယ်သူမဆို ကိုယ့်ကိုကိုယ် ပြောင်းလဲချင်ရင် ကိုယ့်ကိုကိုယ် ကောင်းအောင်
ပြုပြင်ချင်ရင် ဘယ်အချိန်မှာမဆို လုပ်လို့ရတယ်၊ အသက်ဘယ်လောက်ကြီးကြီး လုပ်
လို့ရတယ်၊ နောက်ဆုံးတော့ စိတ်ပဲ၊ ကိုယ့်စိတ်ကို ပြောင်းပြီးတော့ ငါကောင်းတဲ့ဘက်ပဲ
သွားတော့မယ်ဆိုပြီး ဆုံးဖြတ်လို့ရှိရင် အဲ့ဒီ ဆုံးဖြတ်ချက်အတိုင်း လုပ်နိုင်တဲ့ ၀ိရိယ လဲ
ရှိမယ်ဆိုရင် ဒါ ဖြစ်နိုင်တယ်၊ ဒါပေမယ့်လဲ သဘာဝကျကျပြောရမယ်ဆိုရင် ငယ်ငယ်
တည်းက ကိုယ့်ကိုကိုယ် ပြုစုပျိုးထောင်လာတာဟာ အလွယ်ဆုံးလမ်းပဲ၊ ကြီးမှ ကိုယ့်
ကိုကိုယ် ပြုပြင်ယူတာထက် ငယ်ငယ်တည်းက မှန်မှန်ကန် ပြုစုပျိုးထောင်လာတယ်ဆို
ရင် အသက်ကြီးလာတဲ့အခါကျတော့ အခြေခိုင်နေပြီ၊ အခြေခိုင်နေတဲ့အခါကျတော့
ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ရော၊ ကိုယ့်အတွက်ရော ကိုယ်ဟာ လူ
ကောင်းတစ်ယောက်ဖြစ်လာတာပဲ၊

ဒါကြောင့်မို့လို့ ကလေးများအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဆိုပြီး စဉ်းစားတဲ့အခါ
မှာ ဂုဏ်ဘက်ကို မကြည့်ပါနဲ့၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ နာမည်ကြီးတယ်၊ ကျော်ကြားတယ်၊ ဂုဏ်ရှိတယ်၊ အဲ့လိုဘက်က မကြည့်ပါနဲ့၊ ဗိုလ်ချုပ်အောင်ဆန်း ကို ဘာဖြစ်လို့ပြည်သူတွေက ချစ်ခင်တယ်၊ လေးစားတယ်၊ ကြည်ညိုတယ် အဲ့ဒီအကြောင်းရင်းတွေကိုသေသေချာချာ လေ့လာပါ၊ နောက်ပြီး ကိုယ်ဟာ ကိုယ့်ရဲ့ အသိုင်းအ၀ိုင်းမှာ လူတွေ ချစ်ခင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ လူတွေ လေးစားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ချင်လို့ရှိရင် အဲ့ဒီလို
ကိုယ့်ကိုကိုယ် ဖြစ်အောင်လို့ ပြုစုပျိုးထောင်ကြပါ၊

ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဘ၀ကို စံနမူနာယူပြီးတော့ ဟိုး နတ်မောက် ဆိုတဲ့
တောမြို့လေး က တောသားလေးပေါ့နော်၊ ပထမဦးဦးဆုံး ဖေဖေ စာသင်ယူခဲ့တာက
တော့ ဘုန်းကြီးကျောင်းမှာပါပဲ၊ အဲ့တော့ ပထမဆုံး ဘုန်းကြီးကျောင်းမှာ စာသင်ယူခဲ့
တယ်၊ ဒီ တောသားလေး ကနေပြီးတော့ နိုင်ငံထိပ်တန်း ခေါင်းဆောင်တစ်ယောက်
တင်မကဘူး၊တစ်ကမ္ဘာလုံးကအသိအမှတ်ပြုရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်အောင်
လို့ ဘယ်လို လုပ်ခဲ့သလဲဆိုတာကို စဉ်းစားကြပါ၊ စဉ်းစားပြီးတော့ ကိုယ့်ကိုကိုယ်လဲ
ကိုယ့်နိုင်ငံအတွက် ကိုယ့်တိုင်းပြည်အတွက်တင်မက လူသားများအတွက် တန်ဖိုးရှိတဲ့
လူသားတစ်ယောက် ဖြစ်လာဖို့ ကြိုးစားကြပါလို့ ပြောကြားရင်းနဲ့ ကျွန်မအနေနဲ့ တိုက်
တွန်းချင်ပါတယ်၊

( ဒေါ်အောင်ဆန်းစုကြည်)

NLD Chairperson

No comments: