Tuesday, February 11, 2014

မရွယ်ဘဲ စော်ကဲမင်းဖြစ်


*******************

အမှန်က ၂၀၀၈ အခြေခံဥပဒေဟာ ပြင်ဆင်စရာတွေ များလွန်းတာကြောင့် အခြားအသစ်တစ်ခုကိုသာ ပြန်ရေးသင့်တယ်ဆိုပြီး ဥပဒေပညာရှင်များနဲ့ နိုင်ငံရေးကျွမ်းကျင်သူများ ထောက်ပြထားပြီး ဖြစ်ပါတယ်။ ထိုအချိန်က နိုင်ငံရဲ့ နံပါတ်တစ် အာဏာအရှိဆုံးပုဂ္ဂိုလ်ရဲ့ အလိုကျ ပေါ်ထွက်လာတဲ့ အခြေခံဥပဒေဖြစ်ပြီး လိမ်ညာအတည်ပြုခဲ့တာလည်း ကမ္ဘာသိ ထင်ရှားပြီးသား ဖြစ်ပါတယ်။

ယခုအပြောများနေတဲ့ ၅၉(စ)ကလည်း တကယ်တော့ နံပါတ်တစ်ပုဂ္ဂိုလ်ကြီးရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတ ပြယုဂ်တစ်ခုမျှသာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ပြဌာန်းထားခဲ့တဲ့ ၅၉(စ)ကို အမျိုးဘာသာသာသနာအတွက် တည်ရှိနေသင့်တဲ့ ဥပဒေအဖြစ် အမြင်မှားနေကြသူတစ်ချို့လည်း ရှိနေပြန်တယ်။

နံပါတ်တစ်ပုဂ္ဂိုလ်ကြီးနဲ့တကွ သူ့အလိုကျ ၂၀၀၈ အခြေခံဥပဒေကို ရေးခဲ့ကြတဲ့လူတွေဟာ အမျိုးဘာသာသာသနာကို ထိန်းသိမ်းဖို့ စေတနာနဲ့ ၅၉(စ)ကို ထည့်သွင်းခဲ့တာလား ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် ဟန့်တားပိတ်ပင်ဖို့ ရည်ရွယ်ချက်နဲ့ ၅၉(စ)ကို ထည့်သွင်းခဲ့တာလား ဆိုတာ စဉ်းစားဥာဏ်ရှိသူတိုင်း သိထားပြီး ဖြစ်ပါတယ်။

ဘာဥပဒေမှမရှိဘဲ နှုတ်ထွက်အမိန့်နဲ့ တိုင်းပြည်ကို အနှစ်(၂၀)ကျော် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ လူက ၅၉(စ)ကို အမျိုးဘာသာသာသနာကို ထိန်းသိမ်းဖို့ ရည်ရွယ်ချက်နဲ့ ပြဌာန်းထားတယ်လို့ ယုံကြည်သူတွေ ရှိနေပါလားဆိုတာ သိရတော့ အံ့သြသွားမိပါတယ်။

ဒီပဲယင်းလူသတ်မှုကြီးရဲ့ နံပါတ်တစ် တာဝန်အရှိဆုံးပုဂ္ဂိုလ်ကြီးက သူ့ဟာသူ ညစ်ပတ်တဲ့အကြံနဲ့ ၅၉(စ)ကို ပြဌာန်းခဲ့တာကြောင့် တတိယသင်္ဂါယနာတင် သီရိဓမ္မာသောကမင်းကြီးကဲ့သို့ အမျိုးဘာသာသာသနာကို ထိန်းသိမ်းတဲ့မင်းအဖြစ် မထင်မှတ်ဘဲ အသိအမှတ်ပြုခံရမယ့် အခြေအနေကို အလိုအလျောက် ဆိုက်ရောက်သွားပါပေါ့လားဆိုပြီး ယခုအချိန်မှာ ကျေနပ်အားရစွာ မေးကိုပွတ်သပ်ပြီး ပြုံးတော်မူနေမှာကို မြင်ယောင်မိပါတယ်။

No comments: