Tuesday, February 11, 2014

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင်ဝိုင်းဝန်းကန့်ကွက်ပြီး ချောင်းကို မပိတ်ဆို့ရန် တောင်းဆို

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် တပ်ရင်းတစ်ခုမှ ကျေးရွာသားများ အသုံးပြုနေသော ချောင်းတစ်ခုအား ပိတ်ဆို့ဆည်နေသဖြင့် ထိုသို့ မပြုလုပ်ရန် ကျေးရွာသားများက ၀ိုင်းဝန်း ကန့်ကွက် တောင်းဆိုနေကြသည်ဟု သတင်းရရှိသည်။
၎င်းကဲ့သို့ ၀ိုင်းဝန်းကန့်ကွက်ပြီး ချောင်းကို မပိတ်ဆို့ရန် တောင်းဆိုရခြင်းမှာ ၎င်းချောင်းကို ဆည်ထားသဖြင့် မိုးရာသီတွင် ရေပြည့်ပြီး စပါးခင်းများ ပျက်စီးသည်သာမက နွေရာသီတွင် ကျွဲနွားများသောက်သုံးရေမရရှိ၍ ဖြစ်ကြောင်း ရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

“ အဲဒီချောင်းကို ပိတ်ဆည်ထားရင် မိုးရာသီမှာ ရေတွေပြည့်ပြီး လယ်မြေတွေ အကြီးအကျယ် ပျက်စီးပါတယ်။ သူတို့က ပုဇွန်မွေးဖို့ ဆားငံရည်တွေ ချောင်းထဲကို သွင်းထားရတဲ့ အတွက် နွေရာသီမှာဆိုရင် ကျွဲနွားတွေ သောက်သုံးရေ မရတဲ့ အတွက် အသေအပျောက်များတာကြောင့် ချောင်းကို ထပ်မံ မဆည်ဖို့ တပ်မတော်သားတွေကို ကျွန်တော်တို့ တောင်းဆိုရတာ ဖြစ်ပါတယ်” ၎င်းက ဆိုသည်။

ပေါက်တောမြို့နယ်မှ မင်းဘာရွာ၊ အ၀ကန်ရွာ၊ င/ပြီကျွန်းရွာ၊ ကြိမ်ခွေမော်ရွာ၊ တောင်ညိုရွာများမှ လယ်သမားးများ အားကိုးအားထားပြုနေရသော မင်းဘာကျေးရွာချောင်း(င/ပြီကြီးချောင်း)ကို စစ်တွေမြို့ အခြေစိုက် အမှတ် (၈၁၈) ဆက်သွယ်ရေးတပ်မှ တပ်ကြပ်တစ်ဦးနှင့် ဗိုလ်အဆင့် ရှိသူ တစ်ဦးမှ မင်းဘာရွာမှ ကျေးရွာသားတစ်ဦး၏ အကူအညီကို ရယူပြီး ပိတ်ဆို့ဆည်နေသည်ဟု သိရသည်။

“ မင်းဘာရွာက ဦးထွန်းထွန်းကို အဲဒီချောင်းကို စစ်တပ်က ကျပ် (၉) သိန်းနဲ့ ဌားတယ်လို့ ပြောပါတယ်။ အဲဒီလို ဌားရမ်းပြီးတဲ့နောက်မှာ အဲဒီမင်းဘာချောင်းကို သူတို့ ပိတ်ဆို့ ဆည်နေကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ထိုကဲ့သို့ ကျေးရွာသားများ အသုံးပြုနေသော ချောင်းကို ပိတ်ဆို့ဆည်နေသဖြင့် ကျောက်ဆိပ်ရွာမှ ရွာသား (၄၉) ဦး၊ တောင်ညိုမှ ရွာသား (၃၀) ဦး၊ မင်းဘာရွာမှ ရွာသား (၃၈) ဦးနှင့် အ၀ကန်မှ ရွာသား (၃၈) ဦးတို့မှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထံ စာရေးတိုင်ကြားလိုက်သည်ဟု သိရသည်။

ထိုသို့ ရွာသားများ တိုင်ကြားသဖြင့် ယနေ့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ပေါက်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးသည် တောင်ညို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူ ၎င်းချောင်းကို လာရောက် စစ်ဆေးမည်ဟု တောင်ညိုရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးစံအောင်ကျော်မှပြောသည်။

“ မြို့နယ် အုပ်ချုပ်ရေးမှူး လာရောက်စစ်ဆေးမယ်ဆိုတဲ့ အတွက် ကျွန်တော်တို့ စောင့်နေကြပါတယ်။ ဒီချောင်းဟာ ကျေးရွာသားတွေ အတွက် သွားလာရေးနဲ့ လယ်ယာလုပ်ငန်းခွင် အတွက် အဓိက အရေးပါတဲ့ ချောင်းတစ်ချောင်းဖြစ်တဲ့ အတွက် ဒီချောင်းရဲ့ အရေးကြီးပုံကို အုပ်ချုပ်ရေးမှူးကို တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

၎င်းချောင်းအား စစ်တွေ အခြေစိုက် အမှတ် (၈၁၈) ဆက်သွယ်ရေးတပ်မှ ၂၀၀၁ ခုနှစ်က သိမ်းယူ သွားခဲ့ကြောင်း၊ စစ်တပ်မှ သိမ်းယူသွားသည့် အချိန်မှစပြီး ဒေသခံပြည်သူ ထောင်ပေါင်းများစွာတို့၏ သွားလာရေး၊ စီးပွာရေး၊ လယ်ယာလုပ်ငန်း၊ကျန်းမာရေး၊ လူမှုရေးတို့များစွာ ထိခိုက် ဆုံးရှုံး နစ်နာခဲ့ရကြောင်း သူက ပြောကြားသည်။

သို့အတွက် ၂၀၀၇ ခုနှစ် တစ်ကြိမ် ရွာသားများက ချောင်းကို မပိတ်ဆို့ရန် အထက်သို့ တိုင်ကြားခဲ့ကြောင်း၊ သို့သော်လည်း ထိုအချိန်က တပ်မတော်မှ အာဏာရယူထားသဖြင့် တိုင်ကြားသော်လည်း အကျိုးမထူးခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် မိုးတွင်းက ၎င်းချောင်းမှာ ရေကြီး၍ ပေါက်သွားခဲ့ကြောင်း၊ သို့အတွက် ဆက်လက် ချောင်းကို ပိတ်ဆို့ မဆည်ဖို့ရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း ဦးစံအောင်ကျော်မှ ပြောကြားသည်။

၎င်းချောင်းကိစ္စနှင့် ပတ်သက်ပြီး အမှတ် (၈၁၈) တပ်ရင်း၏ အမြင်သဘောထားများကို သိရှိရန် မေးမြန်းလိုသော်လည်း ဖုံးနံပတ် ရှာမရသဖြင့် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

No comments: