Thursday, February 6, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အလိုမပြည့်မှုများ


February 6, 2014 at 2:28am


မြန်မာ့နိုင်ငံရေး အကူးအပြောင်းဟာဘယ်ဆီသောင်ကမ်း ဘယ်စခန်းကို ဆိုက်ရောက်မယ်မသိပေမယ့် ထူးဆန်းအံ့သြဖွယ် အခြင်းအရာ တခုတော့ဖြစ်ပွားခဲ့ပါတယ်။ တကမ္ဘာလုံးရဲ့ အချစ်တော် လူ့အခွင့်အရေး စံနမူပြပုဂ္ဂိုလ်ကြီးတယောက်ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ဝေဖန်ရှုတ်ချခံရသူဘဝကို ကူးပြောင်းရောက်ရှိသွားခြင်းပါ။ ပြီးခဲ့တဲ့တနှစ်အတွင်း ရေးသားထုတ်ဝေခဲ့တဲ့ အတွေးအမြင်ကဏ္ဍတွေထဲ တချက်လောက် စောင်းငဲ့ကြည့်လိုက်ပါ။ဗမာပြည်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ထက် ပိုပြီး ဝေဖန်ခံရသူ၊ အထောင်းခံရသူ ရှိပါဦးမလားလို့တောင်တွေးတောစရာ ဖြစ်လာပါလိမ့်မယ်။ သူမအနေနဲ့ နိုင်ငံတကာခရီးစဉ်တွေကို သွားလာနွှဲပျော်နေချိန်မှာ“ Listener-in-chief” လို့တောင် တံဆိပ်အကပ်ခံရတဲ့အထိ ဆုတွေ တလှေကြီးကို လက်ခံရယူနေသူကတော့သမ္မတ သိန်းစိန်ပဲ ဖြစ်ပါတယ်။ ဒေါ်စုကတော့ လွှတ်တော်အတွင်းရောက်သွားတာနဲ့တပြိုင်နက် လူ့အခွင့်အရေးမူတွေကိုထောက်ခံပြောကြားပေးဖို့ ငြင်းဆန်မှုကြောင့် နိုင်ငံတကာ သတင်းဌာနတွေရဲ့ ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ခြင်းကို ခံနေရပါတယ်။ ပိုပြီး အရေးပါတဲ့အချက်က ဝေဖန်သံတွေဟာ ပြည်တွင်းကနေထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ လက်ပံတောင်းကြေးနီသတ္တုမိုင်းအနီးက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဆုံးရှုံးလိုက်ရတဲ့အရေးမှာ ဒေါ်စုက (သိမ်းတဲ့ဖက်က) ဝင်ထောက်ခံချက်ပေးရတဲ့အပေါ် မရှင်းမလင်းရှုတ်ထွေးလှတဲ့ သူမရဲ့ အကြောင်းပြချက်တွေကို ရယ်သွမ်းသွေးနေကြတဲ့ လယ်သမားတွေပဲဖြစ်စေ၊အလိုအပ်ဆုံးအချိန်မှာ သူတို့ကို သူမက ပစ်ထားတယ်လို့ ဆိုနေကြတဲ့ မွတ်ဆလင် တက်ကြွလှုပ်ရှားသူတွေပဲဖြစ်စေ၊ လူအများတက်ရောက်တဲ့ပွဲတွေမှာ သူမကို ထမေးကြတဲ့ လူနည်းစု ကချင်တိုင်းရင်းသားတွေဖြစ်စေ၊သူမရဲ့ အာဏာရှင်ဆန်တဲ့ နည်းလမ်းတွေကို မကျေမနပ်ဖြစ်နေကြတဲ့ ရန်ကုန်ပညာတတ်အသိုင်းအဝိုင်းကလူတွေပဲဖြစ်စေ၊ သူမ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးတခုတည်းဦးတည်ပြီး အခြေခံဥပဒေပြင်ဆင်ရေးလုပ်နေတာကိုညည်းတွားနေကြတဲ့ သူမရဲ့ ပါတီဝင်တွေပဲ ဖြစ်စေ။ ဒေါ်စုကို ပေါ်ပေါ်ထင်ထင် ဝေဖန်တိုက်ခိုက်လာကြတာဟာပြည်တွင်းမှာ ကြီးထွားလာတဲ့ ဖြစ်စဉ်ကြီးတခုလို ဖြစ်လာနေပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရသလဲ။



တချက်လောက်ကြည့်လိုက်ရင်ပဲဒီဝေဖန်ပြစ်တင်မှု၊ စိတ်ပျက်မှုတွေရဲ့ အကြောင်းရင်းကို လွယ်လွယ်လေးနဲ့ သိနိုင်မယ် ထင်ရပါတယ်။ဒေါ်စုဟာ သူမရဲ့ လွတ်မြောက်မှုနဲ့ မြန်မာပြည်လွတ်မြောက်မှုအတွက် တကမ္ဘာလုံးကို သူတို့ရဲ့လွတ်လပ်ခွင့်ကို အသုံးချကြဖို့ ကာလရှည်ကြာ ငယ်သံပါအောင် တိုက်တွန်းခဲ့ဖူးပါတယ်။ ဒါပေမယ့်သူမမှာ ရရှိလာတဲ့ အထိုက်အလျောက်သော သြဇာတိက္ကမကိုသုံးပြီး သူမလောက် အကြောင်းမလှသူတွေဖက်ကရပ်တည်ဖို့လည်း ကြုံလာရော… ပထမဆုံးပေါ်လာတဲ့အခွင့်အရေးမှာတင် သူမအနေနဲ့ နှုတ်ဆိတ်နေခြင်း၊အမှန်တရားကို ဖုံးကွယ်ဖို့ ဆင်ဝှေ့ရန်ရှောင် လှီးလွှဲပြောခြင်း၊ “ရူးအော့ဖ်လော ဆိုတဲ့တရားဥပဒေစိုးမိုးရေး” ဆိုတာကိုပဲ အနှစ်ဗလာ အဆံချောင် တောင်စဉ်ရေမရ ဗလုံးဗထွေး ပြောဆိုခြင်းများကိုသာပြုလုပ်ခဲ့ပါတယ်။

အဲဒီမှာတင် အပြောတခြား အလုပ်တလွဲဆိုတဲ့ အော်သံတွေ ဖြစ်ပေါ်လာတော့တာပါပဲ။ အဲဒီ အော်သံတွေနောက်ကွယ်မှာ လူ့အခွင့်အရေးကိုဆောင်ကြဉ်းပေးပါမယ်ဆိုတဲ့ ဧရာမကတိစကားကြီးဟာ လိမ်ဆင်ကြီးဖြစ်သွားခဲ့တဲ့အပေါ် အတန်အသင့်သွေးပျက်နေကြခြင်းလည်း ပါပါတယ်။ ကမ္ဘာ့ရဲ့ အထင်ကရ လူ့အခွင့်အရေးမီးရှူးတန်ဆောင်ကြီးဟာတကယ့်အနှစ်သာရမှာတော့ ဗလာသက်သက်ဖြစ်နေတာ ပေါ်သွားရုံမက ( ဒီအချက်က ဘယ်ကနေ သိသာ ထင်ရှားလာသလဲဆိုရင်လူ့အခွင့်အရေးမူဝါဒတွေကို ဖိနှိပ်ခံတွေအပေါ် အကာအကွယ်ပေးနိုင်မယ့် လက်တွေ့နိုင်ငံရေးထဲဆီဆွဲမသွင်းနိုင်တဲ့ သူမရဲ့ ညံ့ဖျင်းမှု သို့တည်းမဟုတ် ဆွဲသွင်းရန် သူမမှာ စိတ်ဆန္ဒလုံးလုံးမရှိမှုတွေကနေထင်ရှားလာပါတယ်။) အဲဒီ အနှစ်မပါ ဗလာဖြစ်မှုဟာ တိုးတက်တဲ့နိုင်ငံရေးအမြင်မရှိတာကိုတောင်ဘယ်လို ဖုံးကွယ်ပေးနိုင်တယ်ဆိုတာလည်း ဖော်ထုတ်ပြဆိုနေပါသေးတယ်။

ဒါတွေကို ပြောနေရပေမယ့် လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုကျော်မှာ ဒေါ်စုအပေါ်ထားရှိတဲ့ ကြည်ညိုလေးစားမှုတွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်“ဒေါ်စုဟာ ရန်လိုနေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို အချိုသပ် ပေါင်းနေရတာသာဖြစ်တယ်။ သူမဟာစတိုက်လာနေပါပြီ” စတဲ့ ဒေါ်စုကို အနေချောင်စေမယ့် ပြောလုံးတွေအကြားမှာ လူထုဟာ အလွယ်တကူလုံးဝ စီးမျောပါသွားမှာပဲဆိုတာကိုတော့ မျှော်လင့်ထားရလိမ့်မယ်။ ဗမာပြည်က လူတော်တော်များများကဒေါ်စုကို ဒီလို သံသယအကျိုး ခံစားခွင့် ပေးထားကြပေမယ့် လူတော်တော်များများဟာလည်း သူမနဲ့လက်တွဲဖြုတ်လာကြပြီဆိုတာက မငြင်းသာတဲ့အချက် တခု ဖြစ်လာနေပါတယ်။ တချို့ဆိုရင် ပေါ်တင်ပဲပြင်းပြင်းထန်ထန် ဝေဖန်လာကြတယ်။ ဒီတော့ ဒီကိစ္စဟာ ပိုပြီး နက်နက်နဲနဲ သုံးသပ်စရာ ဖြစ်လာပါတယ်။

ဒီနေရာမှာ ကျနော်တို့ မျက်ဝါးထင်ထင်မြင်တွေ့နေရတာကတော့ လူမှုဗေဒပညာရှင် ပီယာ့ ဘော်ဒီယူး (Pierre Bourdieu)ရဲ့ အခေါ်  နိုင်ငံရေးမှာ “Oracle effect” လို့ခေါ်တဲ့ ဖြစ်စဉ်အတွင်းက မူလသန္ဓေပါ တင်းမာမှု ဖြစ်နိုင်ပါတယ်။ ဒီအကြောင်း အရိုးရှင်းဆုံးဖော်ပြရရင် နိုင်ငံရေးနယ်မှာအများရဲ့လိုအပ်ချက်တွေကို ဆောင်ကြဉ်းနိုင်ဖို့ ကြိုးစားရာမှာ အပိုင်း ၂ ပိုင်းပါတဲ့လှုပ်ရှားမှုကို တွေ့ရတတ်ပါတယ်။ ပထမတပိုင်းမှာ မြူမှုန်တမျှသေးငယ်တဲ့ ပါမွှား ဖိနှိပ်ခံတွေကနေဗျူရိုတခုအသွင်ကို ကူးပြောင်းရောက်ရှိမှုဖြစ်ပြီး ဒုတိယတပိုင်းမှာ ဗျူရိုတခုအသွင်ကနေအတွင်းရေးမှူးအသွင် ကူးပြောင်းမှုဖြစ်ပါတယ်။ တနည်းဆိုရရင် ပထမအဆင့်မှာ တဦးချင်းစီသောနိုင်ငံသားတွေဟာ သူတို့ကို ကိုယ်စားပြုမယ့် အုပ်စုတခုကို ဖော်ဆောင်လိုက်ပါတယ်။ ပြီးတဲ့အခါဒုတိယအဆင့်အနေနဲ့ ဒီအုပ်စုကိုယ်စား ပြောကြားပေးမယ့် ကိုယ်စားလှယ်တယောက်ကို ခန့်အပ်ပါတယ်။

အဲဒီ အုပ်စုဟာ စစ်အစိုးရကိုဆန့်ကျင်တဲ့ မြန်မာပြည်သူလူထု ဖြစ်နေခဲ့စဉ်အခါက သူတို့ရဲ့ ကိုယ်စားလှယ်ဟာလည်း ဒေါ်စုဖြစ်နေခဲ့ပါတယ်။ ဒီလို လူထုက တဖက်၊ စစ်တပ်က တဖက် အပြန်အလှန် ဆန့်ကျင်မှုကြီးဟာ နိုင်ငံရေးနယ်ပယ်တခုလုံးကိုလွှမ်းခြုံထားခဲ့တဲ့အတွက် ဒေါ်စုဟာ မြန်မာပြည်သူတွေဖက်က ရပ်တည်တယ်လို့ တရားနည်းလမ်းကျကျပြောဆိုနိုင်ခဲ့ပါတယ်။ ဝမ်းနည်းကြေကွဲဖွယ်ကောင်းပြီး ငြင်းချက်ထုတ်စရာမလိုတဲ့ သူမရဲ့ပေးဆပ်မှု (ဥပမာတခုပေးရရင် နေအိမ်အကျယ်ချုပ်ကျခံနေရမှု)ဟာ မြန်မာပြည်သူတရပ်လုံးရဲ့ မလွတ်လပ်မှုကိုကြေးမုံပုံရိပ်လို ထင်ဟပ်ပြနေပါတယ်။ (တင်စားဥပမာပေးရရင် ပြည်သူတရပ်လုံးဟာလည်း အာဏာရှင်စစ်တပ်ရဲ့ လက်အောက်မှာ အကျဉ်းကျနေခဲ့ကြပါတယ်။) ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့“မီးရှူးတန်ဆောင် ဆိုတာ တခြားလူတွေက ကျမအပေါ် လာရောက် ပြဌာန်းကြတဲ့ အမြင်ပုံရိပ် တခုသာဖြစ်တယ်”ဆိုတဲ့ အဆိုဟာ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့်လည်း သူမဘယ်လိုပဲ ကန့်ကွက်ငြင်းဆန်သည်ဖြစ်စေအဲဒီ မီးရှူးတန်ဆောင်အနေအထားမှာ သူမဟာ နှစ်ပေါင်းများစွာ သာယာနေခဲ့တဲ့အတွက် ဒါဟာသူမရဲ့ စရိုက်လက္ခဏာတခုလိုတောင် ဖြစ်လာတာဟာလည်း နောက်ထပ်အမှန်တရားတခုဖြစ်နေပြန်ပါတယ်။ ဒီစရိုက်လက္ခဏာကနေပြီး နိုင်ငံရေးကမ္ဘာအတွင်း သူမ ဘယ်လိုပြုမှုလှုပ်ရှားတယ်၊ဘယ်လို နေထိုင်ရှင်သန်တယ် ဆိုတဲ့အထိ ဖြစ်လာပါတယ်။

 

အခုအချိန်မှာ ဗမာပြည်က နိုင်ငံရေးအခွင့်အလမ်းအဆောက်အဦးဟာစတင်ပြောင်းလဲချိန်၊ နိုင်ငံရေးနဲ့ပတ်သက်သမျှ စစ်တပ်က လုံးဝဥဿုံ မဘုတ်ဆုံဆိုသလို အကုန်လိုက်ပြီးသတ်မှတ်ခြင်းငှာ၊ ချုပ်ချယ်ကန့်သတ်ခြင်းငှာ မစွမ်းသာတော့တဲ့အချိန်။ လူအများရဲ့ လိုအပ်ချက်တွေကိုပုဂ္ဂိုလ်တဦးတယောက်တည်းကပဲ လိုက်လံပြီး ပြီးပြည့်စုံစွာ ဖော်ပြပေးနိုင်စွမ်း၊ သူတို့ကိုယ်စားပြောပေးနိုင်စွမ်းတွေဟာ စတင် ပြိုပျက်လာနေတဲ့အချိန်။
ဒါပေမယ့် ခေါင်းဆောင်ကြီးဟာနိုင်ငံရေးလောကထဲက သူမရဲ့ သီးသန့်ကိုယ်ပိုင်အမြင်တွေကို အများစုရဲ့အမြင် ဖြစ်သယောင်လုပ်နေဆဲ။ အုပ်စုရဲ့ လိုအပ်ချက်တွေကို သူမသာလျှင် သတ်မှတ်တယ်၊ သူမသာလျှင် အုပ်စုနှင့်တသားတည်းရှိတယ်လို့ ယုံကြည်နေဆဲ။ ဘော်ဒီယူးရဲ့ ပြောကြားချက်တခုရှိပါတယ်။ “ဒီလို တရားနည်းလမ်းကျစွာအယောင်ဆောင်မှု အောင်မြင်ခြင်းမှာ အကြောင်းရင်းရှိပါတယ်။ အယောင်ဆောင်သူဟာ လူထုကို သိသိကြီးနဲ့လိမ်လည်လှည့်ဖြားပြီး စနစ်တကျ တွက်ချက် ယုတ်မာတတ်တဲ့ လူလိမ်တယောက် မဟုတ်ဘဲ တကယ့်ကိုသဘောရိုးသက်သက်နဲ့ သူ့ကိုယ်သူ သူမဟုတ်တဲ့ အခြားသူတယောက်အသွင် အထင်ရောက်နေသူ ဖြစ်လို့သာဖြစ်ပါတယ်။ (ဥပမာ မိမိကိုယ်ကို ပညာရှိမဟုတ်ဘဲ ပညာရှိလို့ ရိုးရိုးသားသား တကယ်ယုံကြည်ပြုမူနေသူမျိုး- ဘာသာပြန်သူ၏ ဖြည့်စွက်ချက်)”

ဒေါ်စုအပေါ် အချို့သောဝေဖန်မှုတွေကိုဒီအချက်ကနေ ရှင်းပြနိုင်ပါတယ်။ မြန်မာနိုင်ငံရေးမှာ အတန်းအစားတွေ၊ အုပ်စုကွဲမှုတွေ ကြီးကြီးမားမားဖြစ်ပေါ်လာချိန်မှာဒေါ်စုက သူမဟာ ဘယ်အတန်းအစားမှာမှ မပါသယောင်၊ ဘယ်တိုင်းရင်းသားမျိုးနွယ်စုမှာမှ မပါသယောင်ပြောဆိုတတ်ပါတယ်။ သူမ ပြောရင် မြန်မာပြည်သားအားလုံးအတွက်ကို ကိုယ်စားပြုပြုပြီး ပြောနေတတ်ပါတယ်။

ဗမာလူမျိုး လုပ်ဖော်ကိုင်ဖက်တဦးကမကြာခင်က ကျနော့်ကို ပြောတယ်။ “ဒေါ်စုဟာ ဆင်းရဲသားပြည်သူတွေနဲ့ လုံးဝအဆက်ပြတ်နေပြီးသူတို့ဘဝကို နားလည်နိုင်စွမ်းမရှိဘူး။ သူ့ရဲ့ တိုက်ပွဲကို တတိုင်းပြည်လုံးရဲ့ တိုက်ပွဲလို့သူထင်နေတယ်။ ထပ်ကာတလဲလဲဆိုသလို သူ့ကိုယ်သူ တိုင်းပြည်နဲ့ ညီမျှခြင်း ချနေတယ်။ သြစတေးလျကိုလာလည်တုန်းက ဒေါ်စု ပြောခဲ့တာရှိတယ်။ “ကျမသွားလေရာမှာ ကျမကို အင်မတန်မှ နွေးနွေးထွေးထွေးခရီးဦးကြိုပြုကြတယ်။ အဲဒီအတွက် ကျမတို့ လှိုက်လှိုက်လှဲလှဲအသိအမှတ်ပြုပါတယ်။”  ဒီနေရာမှာ “ကျမတို့” ဆိုပြီး သူမပြောသွားပုံကိုသတိထားကြည့်ပါ။ တကယ်စဉ်းစားကြည့်ရင် တခြားတိုင်းပြည်တွေမှာ ရောက်နေတဲ့ မြန်မာအများစုဟာဆင်းရဲပါတယ်။ ဘယ်သူက ကျမတို့ကို လက်ခံချင်လို့လဲ။ ဘယ်သူမှ ကျမတို့အပေါ် မနွေးထွေးပါဘူး။”

ဒေါ်စုဟာ သူမ ဘယ်လိုမှ နားလည်နိုင်စွမ်းမရှိတဲ့ဆင်းရဲသား မြန်မာပြည်သူတွေအတွက် ပြောဆိုပေးနေတယ်ဆိုတဲ့အချက်ကို လက်ပံတောင်း ဆန္ဒပြမှုတွေကထင်ဟပ်ပြနေပါတယ်။ လက်ပံတောင်းမှာ ရွာသားတွေက သူတို့အတွက် ဒေါ်စုပြောပေးတာကို မကြိုက်ဘူးဆိုတော့သူမအနေနဲ့ အံ့အားသင့်သွားပုံရပါတယ်။ ရွာသားတွေကို အချိုသပ်လို့ ရမှာမဟုတ်ဘူးဆိုတာ ထင်ရှားလာတဲ့အခါလည်းကျရောဒေါ်စုလုပ်ပုံက ဒီရွာသားတွေကို ချွင်းချက်ဖြစ်နေသလို ခြယ်မှုန်းပြီး သူမကိုယ်သူမကျတော့တတိုင်းပြည်လုံးရဲ့ တကယ့်အစစ်အမှန် လိုအပ်ချက်တွေကို ကိုယ်စားပြုနေသေးတယ်လို့ ခြယ်မှုန်းပါတော့တယ်။
“နိုင်ငံရေးမှာ ဘာလုပ်လုပ်တိုင်းပြည်ကောင်းစားရေးအတွက် ဆိုတဲ့ စိတ်ဓါတ်မျိုးမွေးရမယ်။ အဲဒီစိတ်ဓါတ်နဲ့လုပ်မယ်ဆိုရင်အပြစ်တင်လည်း ခံရမှာပဲ။ အမုန်းလည်း ခံရမှာပဲ။ တချို့ကိစ္စတွေမှာ လူတိုင်းအားလုံး သဘောတူကျေနပ်အောင်တော့ မဖြစ်နိုင်ဘူး”။ ဒေါ်စုက တိုင်းပြည်မှာ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုတ်နှံမှုတွေ လိုအပ်နေတယ်။ဒါကြောင့် စစ်အစိုးရလက်ထက်က ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ဖျက်သိမ်းတယ်ဆိုရင် ရင်းနှီးမြှုတ်နှံမယ့်သူတွေကိုမလာရဲအောင် ခြောက်လှန့်သလို ဖြစ်သွားလိမ့်မယ်လို့ အကြောင်းပြပါတယ်။

ဒီနေရာမှာ ထောက်ပြစရာ နှစ်ချက်ရှိပါတယ်။ပထမအချက်က ဒေါ်စုဟာ ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ အဓိပ္ပါယ်ကိုယ်တိုင်ရဲ့အပေါ်မှာ ပဋိပက္ခနဲ့စတင် ရင်ဆိုင်ဖြေရှင်းရပါတယ်။ ရွာသားတွေက သူတို့မြေတွေ ပြန်ရဖို့ တောင်းဆိုတာကို “တိုင်းပြည်ကောင်းစားဖို့အတွက်”ဆိုတာကြီးနဲ့ ထိပ်တိုက်တွေ့ပေးတယ်။ ဒီနည်းနဲ့ ရွာသားတွေဟာ အဲဒီ တိုင်းပြည် ဆိုတာကြီးထဲမှာပါဝင်ခွင့်ကို ငြင်းဆိုခံလိုက်ရပါတယ်။ ဘာကြောင့်လဲဆိုရင် တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင်တောင်မှရွာသားတွေအတွက် ဘယ်ပုံဘယ်နည်းအကျိုးရှိမယ်ဆိုတာကို မြင်ယောင်ကြည့်ဖို့ဆိုတာ အင်မတန်မှခဲယဉ်းလှတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်စုရဲ့ စိတ်ကူးယဉ် စိတ္တဇနာမ် တိုင်းပြည် ဆိုတာကြီးဟာလူတွေ မပါတဲ့ တိုင်းပြည်ကြီး၊ အနည်းဆုံးတော့ လက်ပံတောင်းက လူမျိုးတွေ မပါတဲ့ တိုင်းပြည်ကြီးဖြစ်လာပါတော့တယ်။ အဲဒီလို စိတ်ကူးယဉ်ကမ္ဘာ တိုင်းပြည်ကြီးထဲမှာ ခုနက လယ်သမားတွေအားလုံးဟာ(နအဖ လမ်းဘေးဆိုင်းပုဒ်တွေမှာ ပါတဲ့) ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆိုတာမျိုးမှာအံဝင်ဂွင်ကျဖြစ်မယ့် ပြည်သူအမျိုးအစားတွေအဖြစ်ကို ကူးပြောင်းရောက်ရှိသွားပါတော့တယ်။ဒုတိယအချက်အနေနဲ့ မြေတွေ ဆုံးရှုံးရတာ၊ ဘဝတွေ ပျက်စီးရတာ လယ်သမားတွေသာ ဖြစ်နေပေမယ့်လည်းဒေါ်စုကတော့ သူမသာလျှင် အမှန်တကယ် နစ်နာခံစားရသူကြီးအဖြစ် မြင်နေပါတယ်။ သူမသာလျှင် အမုန်းခံရသူဆိုတာမျိုး။ အဲဒီ လုပ်ဇာတ်ဟာ အရင်က သူမနဲ့ တသားတည်းဖြစ်နေတဲ့ စရိုက်လက္ခဏာနဲ့လည်း ကွက်တိသွားကိုက်နေပြန်ပါတယ်။သူမသာလျှင် မတရားမှုကို နှစ်ရှည်လများ တွန်းလှန်ရုန်းကန်နေရသူဆိုတဲ့ ပုံရိပ်ပါ။ ဒါပေမယ့်အခု နောက်ခံအခြေအနေတွေမှာတော့ ဒီပုံရိပ်ဟာ မဆီလျော်တော့ပါဘူး။ သူမရဲ့ နိုင်ငံရေးပရိသတ်တွေနဲ့ကီးမကိုက်တော့ပါဘူး။

အဆုံးစွန်ပြောရရင်… သူမဟာတိုင်းပြည်နဲ့ တသားတည်း တထပ်တည်းရှိတယ်ဆိုတဲ့ ဒေါ်စုရဲ့ အမြင်သည်ပင်လျှင် သူမသမ္မတဖြစ်ရေးသက်သက်အတွက်သူမပါတီရဲ့ တန်ဘိုးရှိလှတဲ့ ရင်းမြစ်တွေကို ဖြုန်းတီးပစ်ရခြင်းရဲ့ အကြောင်းရင်း ဖြစ်နေပြန်ပါတယ်။သူမဟာ ဗမာပြည်ရဲ့ မီးရှုးတန်ဆောင်ဖြစ်နေတဲ့အတွက် သူ့ကို တိုင်းပြည်ဥသျှောင်တင်မြှောက်မှသာလျှင်တိုင်းပြည်ရဲ့ ဆန္ဒတွေ ပြည့်ဝလိမ့်မယ်လို့ သူမ ယုံကြည်နေပါတယ်။

ဒီလို အဆံမပါ သင်္ကြန်အမြောက်ပြောကြားချက်တွေကို အများလက်ခံတဲ့ အမှန်တရားဖြစ်သယောင် လုပ်နေပေမယ့်လည်း သူမရဲ့ နိုင်ငံရေးအရရွေးချယ်မှုတွေဟာ သူမရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို သစ္စာဖောက်နေပါတယ်။ သူမရဲ့ နိုင်ငံရေးရည်မှန်းချက်တခုကမြန်မာပြည်ရဲ့ ကိုယ်ကျိုးစီးပွားစနစ်နဲ့ ချိန်ညှိထားတဲ့ အထက်တန်းလွှာလူတစုက ချုပ်ကိုင်တဲ့နီယိုလစ်ဘရယ် နိုင်ငံရေး အစီအမံ ပါပဲ။ ကမ္ဘာတလွှားက နိုင်ငံရေးသမားများနည်းတူ  ဒီပေါ်လစီတွေဟာ အားလုံးအတွက် ကောင်းမယ့်ပေါ်လစီတွေလို့သူမက လေလုံးတွေထွားနေပေမယ့် သာမန်လူတန်းစားရဲ့ လိုအပ်ချက်တွေကို ရှေ့တန်းတင်တဲ့ တိုးတက်တဲ့နိုင်ငံရေးအသွင်တမျိုးကိုဖော်ဆောင်ဖို့ အောက်ခြေကနေ အသံတွေ ထွက်ပေါ်လာနေပါတယ်။ အဲဒီအသံတွေဟာ အောင်ဆန်းစုကြည်ရဲ့အဆိုနဲ့ လုံးဝ ဆန့်ကျင်ခြားနားနေပြန်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်ဝေဖန်မှုများဟာ သူမကို ကယ်တင်ရှင်ကဏ္ဍမှာ ပြန်လည်ထားရှိလိုဇောနဲ့ လုပ်တဲ့ အနာတရ၊ သစ္စာဖောက်ခံထားရတဲ့မြန်မာနိုင်ငံရေးလှုပ်ရှားသူတွေရဲ့ ဖြစ်အင်လို အသွင်မဆောင်တော့။  ဒီဝေဖန်များဟာ အသစ်အသစ်သော နိုင်ငံရေးရည်မှန်းချက်တွေနဲ့တန်ဘိုးတွေကြောင့် သူတို့အကျိုးအတွက် သူတို့ကိုယ်တိုင် ကျေကျေလည်လည် ထုတ်ဖော်ပြောဆိုနိုင်စွမ်းရှိတဲ့အလျောက်ဒေါ်စုက သူတို့ကိုယ်စား ဆက်လက်ပြောမပေးတော့ဖို့ကို တားမြစ်မှုတွေနဲ့သာ ပိုတူလာပါတော့တယ်။

ဘာသာပြန် - ကိုပေါ။

မူရင်းဆောင်းပါး - Daw Aung San Suu Kyi and her discontents by

ElliottPrasse-Freeman

http://kyotoreview.org/issue-14/daw-aung-san-suu-kyi-and-her-discontents/

1 comment:

Anonymous said...

ထောက်ခံတယ်။ ဒီလို ဆောင်းပါတွေ ဖော်ပြပေးပါ။ ဖြန့်ဝေပေးပါ။အားလုံးကို သဘောပေါက်စေချင်ပါသည်။ကျေးဇူးပါ။