Tuesday, February 4, 2014

“သမ္မတအရည်အချင်းပြဋ္ဌာန်းချက် မပြင်ရန် ပထမဆုံးအကြိမ် ဟောပြော”

“သမ္မတအရည်အချင်းပြဋ္ဌာန်းချက် မပြင်ရန် ပထမဆုံးအကြိမ် ဟောပြော”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ရန်ကုန်၊ ဖေဖော်ဝါရီ ၂။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတအရည်အချင်းပြဋ္ဌာန်းချက်များ မပြင်ရန် ဟောပြောတောင်းဆိုပွဲတစ်ခုကို မြန်မာ အမျိုးသားရေးကွန်ရက်က ဦးဆောင်၍ အမျိုးသားရေးရှု့ထောင့်မှ ကာကွယ်စောင့်ရှောက်ရမည့် ပုဒ်မ ၅၉ ဟူသော ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပြုလုပ်ခဲ့သည့် ပုဒ်မ ၅၉ မပြင်ဆင်ရေးဟောပြောသည့် အဆိုပါပွဲသို့ စိတ်ပါဝင်စားသူ လူ (၇၀၀) ဦးမှ (၁၀၀၀) ဦးဝန်းကျင် တက်ရောက်ခဲ့ပြီး အဆိုပါကွင်းတွင်ပင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် အခြေခံဥပဒေအသစ်ရေးဆွဲရေး(သို့မဟုတ်) ပြင်ဆင်ရေးထောက်ခံပွဲ တွင် လူဦးရေ သုံးသောင်းဝန်းကျင် တက်ရောက်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ၅၉(စ) တွင် ပြဋ္ဌာန်းထားသည့် သမ္မတအရည်အချင်းသတ်မှတ်ချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၇၄(က) တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်သူ၊ နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ နိုင်ငံခြားသားဖြစ်သူကို နိုင်ငံတော် သမ္မတပင်မဆိုထားနှင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ်ပင် ရွေးကောက်တင်မြှောက်ခွင့် မရှိကြောင်း ရှေ့နေတစ်ဦးဖြစ်သူ ဦးအေးပိုင်က ပြောကြားသည်။
“၁၉၄၇ ခုနှစ် ဥပဒေမှာ အဲဒီလို အတိအကျ ပြောထားပါတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခု လွှတ်တော်ထဲမှာရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ အဲဒီအရည်အချင်းနဲ့ မကိုက်ညီတဲ့သူတွေ ရှိနေပါတယ်” ဟု ၄င်းက ဆိုသည်။
အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုပါက ပြည်သူတို့၏ အကျိုးစီးပွားသာမက တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး၏ အကျိုးစီးပွားကိုပါ ကြည့်ရမည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောဆိုသည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်သူလူထုနှင့် သဟဇာတမဖြစ်သည့် ပြင်ဆင်စရာအချက်များပါဝင်နေ သော်လည်း ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် ဒေသများကို ဦးစားပေးဆောင်ရွက်ရန် ရှိနေခြင်းကြောင့် အခြေခံ ဥပဒေကို ပြင်ဆင်မည်ဆိုပါက အဆိုပါဒေသများ၏ ဖွံ့ဖြိုးရေးနှင့် ဆောင်ရွက်ဆဲဖြစ်သည့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတအရည်အချင်း ပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၅၉ ကို ပြင်ဆင်ရန် ကြိုးပမ်းနေမှုများကြောင့် တည်ငြိမ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေများ ပျက်စီးခဲ့ရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောဆိုသည်။
စတင်ရေးဆွဲကတည်းက တမင်ရည်ရွယ်ချက်ရှိရှိ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် မလိုလားသူသည် ပြည်သူ့အခွင့်အရေးကို ချိုးဖျက်သူသာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကပြောကြားသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံရပါက သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပိုင်ခွင့်ရှိသော်လည်း လက်ရှိဥပဒေတွင် ပါဝင်လာခြင်း မရှိတော့ ကြောင်း ၄င်းက ရှင်းလင်းပြောဆိုသည်။
အခြေခံဥပဒေ ပုဒ်မ ၅၉(စ) တွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး၊ သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါးရဲ့ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
ယင်းပုဒ်မသည် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေရန် ရည်ရွယ်ပြဋ္ဌာန်းထားခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုသူများလည်း ရှိနေသည်။
The VOICE ဂျာနယ်မှ။

1 comment:

Anonymous said...

ဘိုးဘွားလက်ထက်ကဖိနှိပ်ချုပ်ချယ်လာတာ
နောငလာသားသမီမြေးမြစ် တီ တွတ် ကျွတ် ထိ
ခံချင်နေတယ်ထင်တယ်