Tuesday, February 4, 2014

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များသည် အစိုးရအဖွဲ့ကို ကိုယ်စားမပြုကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ပြောကြား


Weekly Eleven >>>> ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များသည် အစိုးရအဖွဲ့ကို ကိုယ်စားမပြုကြောင်း သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ပြောကြား
Published on: February 2, 2014
မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များသည် ၎င်း၏သဘောသာဖြစ်ပြီး အစိုရအဖွဲ့ကို ကိုယ်စားမပြုကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေဖော်ဝါရီ ၂ ရက်တွင် Weekly Eleven သတင်းဂျာနယ်သို့ ပြောကြားသည်။

“ဦးအုန်းမြင့်ရဲ့ ပြောကြားချက်များဟာ သူ့သဘောသာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ကို ကိုယ်စားမပြုပါဘူး။ ၀န်ကြီးဦးအုန်းမြင့် အနေနဲ့လည်း သူ့ပြောကြားချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်များကို ပြန်လည်သုံးသပ်ပြီး ပြည်သူတွေ အထင်မမှားအောင် ပြန်လည်ရှင်းပြသင့်တယ်လို့ ထင်ပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ မည်သည့်နိုင်ငံရေး သမားကိုမှ ဂရုစိုက်စရာမလိုပဲ ဆန့်ကျင်ပါက ထောင်ထဲပို့မည် အပါအ၀င် အခြားပြောကြားချက်များကို ဇန်န၀ါရီ ၃၀ ရက်ထုတ် ယူနတီဂျာနယ် အတွဲ ၃ အမှတ် ၅ တွင် ဖော်ပြခဲ့သည့်နည်းတူ အင်တာနက် စာမျက်နှာများတွင်လည်း ၎င်းပြောကြားခဲ့သည့် ရုပ်သံဖိုင်များ ပျံ့နှံ့ခဲ့သည်။

ယင်းသို့ ပြောကြားချက်များမှာ သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များ အပေါ်တွင်လည်းကောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပြည်သူများ နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ အပေါ်တွင်လည်းကောင်း အထင်အမြင် လွဲမှုများ ဖြစ်စေခဲ့သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေဖော်ဝါရီ ၁ ရက်တွင် ၎င်း၏ Facebook ၌ ရေးသားခဲ့ပါသည်။

ဦးအုန်းမြင့်ရဲ့ ပြောကြားချက်များဟာ သူ့သဘောသာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ကို ကိုယ်စားမပြုပါဘူး။ ၀န်ကြီးဦးအုန်းမြင့် အနေနဲ့လည်း သူ့ပြောကြားချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်များကို ပြန်လည်သုံးသပ်ပြီး ပြည်သူတွေ အထင်မမှားအောင် ပြန်လည်ရှင်းပြသင့်တယ်လို့ ထင်ပါတယ်

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က လက်ရှိအစိုးရအပေါ် စေတနာပျက်အောင် မလုပ်ရန်၊ ဘုကလန့်မလုပ်ရန် မှာကြားပြီး ယင်းသို့လုပ်ဆောင်ပါက ငွေကြေးအထောက်အပံ့ လုံးဝပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ယူနတီဂျာနယ်၌ ဖော်ပြထားချက်အရ သိရသည်။

“ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး။ ခင်ဗျားတို့မှတ်ထားကြ။ ကျွန်တော့်နာမည် ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွဆိုပြီး မိန့်ခွန်းလာပြောတာ။ ရှင်းတယ်နော် ကျွန်တော်ပြောတာ။ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး။ ကျွန်တော်အခုမှ နိုင်ငံရေးစကား စပြောတာပဲ။ နိုင်ငံရေးစကားဆိုတာ တက်နေတဲ့အစိုးရအပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲထည့်မှာပဲ။ နိုင်ငံတကာမှာ ဒီလိုပဲကျင့်သုံးနေတယ်။ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် သွားမင်းအချုပ်ထဲနေ။ ငါတို့ အစိုးရထွက်ရင် မင်းထွက်ဒါပဲ။ အဲဒါ မင်းတို့ တရားဝင်ဘောင်ထဲက ပြောနိုင်တဲ့ကောင်တွေပြော။ ပြောခွင့်ပေးထားတယ်ပြော။ ပြောခွင့်ရှိတဲ့အတွက် ကျွန်တော်ပြောတယ်။ ခင်ဗျားတို့သိအောင် ပြောနေတာ။ ကျွန်တော်တို့ ခါးကြားမှာ သေနတ်ထိုးပြီးတော့ ပခုံးပေါ်မှာ သေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာပဲဟာ။ ဘာမှမတိုးတက်ဘူးပြော။ သောက်ရူးတွေပြောနေတာ။ ခင်ဗျားတို့ သောက်ရူးတွေပြောတာ မယုံနဲ့။ အဲဒီလွှတ်တော်ထဲ ရောက်နေတဲ့လူတွေအကုန် အဲဒီလွှတ်တော်ကြီး ဘယ်သူဆောက်ခဲ့လဲမေး၊ စစ်တပ်ကဆောက်ခဲ့တာ။ အဲဒီမြို့ကြီး ဘယ်သူတည်ထောင်ခဲ့လဲ၊ စစ်တပ်ကတည်ခဲ့တာ။ ဒီလမ်းမကြီး ဘယ်သူဖောက်ခဲ့လဲ။ စစ်တပ်ကဖောက်ခဲ့တာ။ စစ်တပ်က မဟုတ်တာတွေ လုပ်နေတယ်။ မြေတွေသိမ်းပြီး မဟုတ်တာလုပ်နေတယ်လို့ ပြောနေတဲ့လူတွေက ဘယ်လိုလူတွေလဲဆိုတာ ခင်ဗျားတို့ တစ်နေ့သဘောပေါက်လာမယ်။ နိုင်ငံတကာက ကူညီမှာ၊ ဘယ်အစိုးရတက်မှ ကူညီမှာ၊ အလကားပြောတာ။ တရုတ်က ကူညီတယ်ဆိုတာလည်း သူအကျိုးအမြတ်ရလို့ ကူညီတာ။ အဲဒီတော့ သူများပါတီတွေ အရမ်းကာရော လျှောက်ပြောတာ ခင်ဗျားတို့ နားမယောင်နဲ့။ ယောင်ယောင်မယောင်ယောင် ကျွန်တော်တို့ကတော့ ဂရုမစိုက်ဘူး။ ကျွန်တော်တို့အစိုးရက ခက်ခက်ခဲခဲနဲ့ မဲနိုင်ပြီး နေရာရလာတာ” ဟု အထက်ပါဝန်ကြီးက ဆက်လက်ပြောကြားသည်။

“ကိုယ့်လမ်းကိုကိုယ်လျှောက်ရမယ့်လူတွေ ဖြစ်တဲ့အတွက် ခင်ဗျားတို့ ဘုကလန့်မပြောနဲ့။ ကန့်လန့်တိုက်မပြောနဲ့။ ပြောရင် ခင်ဗျားတို့အတွက် တစ်ပြားမှလုပ်မပေးဘူး။ တိုင်ချင်တဲ့နေရာ တိုင်လို့ရတယ်။ ခင်ဗျားတို့တိုင်ရင်လည်း ကျွန်တော်မရောက်သေးလို့ပါ ပြောလိုက်ရုံပဲ ရှင်းတယ်နော်။ အဲဒီတော့ စေတနာပျက်အောင်တော့ ခင်ဗျားတို့ မပြောနဲ့။ သူများတွေ ပြောနေတယ်။ ဘယ်သူအာဏာရရင် ဘာတွေလုပ်ပေးမယ်ဆိုတာ အလကားပြောနေတာ။ ရူးလို့ပြောနေတာ။ အကောင်းဆိုရင် ဒီစကား ယုံစရာကို အကြောင်းမရှိဘူး” ဟု ၎င်းကဆိုသည်။

“ကိုးလိုးကန့်လန့်တိုက်ပြီး လျှောက်ပြောနေတဲ့သူတွေက ကျွန်တော်တို့နဲ့မဆိုင်ဘူး။ ခင်ဗျားတို့က တန်းစီလှည့်တာလည်း မပြောဘူး။ ဖွဲ့စည်းပုံအကြောင်းလည်း မပြောဘူး။ အာဏာရတဲ့အကြောင်းလည်း မပြောဘူး။ ကျွန်တော်တို့က တန်းစီလှည့်တာလည်း မပြောဘူး။ ကြိုက်သလောက်လှည့်၊ မကျေနပ်ရင် လဲသေ၊ ကိုယ်လုပ်စရာရှိတာတော့ လုပ်ပေးတယ်” ဟု ဦးအုန်းမြင့်က ထပ်မံပြောကြားသည်။

ဦးအုန်းမြင့်၏ ပြောကြားချက်များအပေါ် ပြည်သူလူထုက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း ထိုကဲ့သို့ မပြောသင့်ကြောင်း ဝေဖန်မှုများရှိခဲ့ကာ အစိုးရအဖွဲ့၏ ပြည်သူအပေါ် သဘောထားကိုလည်း မေးခွန်းထုတ်စရာများ ဖြစ်စေခဲ့သည်။

No comments: